ပြည်ပမှ ရန်ပုံငွေစုဆောင်းမှု လမ်းကြောင်းများကို ဖမ်းဆီးခံ အာဆာခေါင်းဆောင် ဖွင့်ချ

By DMG / 2023 August               28

ဓာတ်ပုံ – ခြေမြန်တပ်ရင်း (RAB) က အာဆာထိပ်တန်းခေါင်းဆောင် မော်လာနာမိုဟာမက်ယူနွတ်ကို ဖမ်းဆီးထားသည်ကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ – Dhaka Tribune

ဘင်္ဂလားဒေ့ရှ်ခြေမြန်တပ်ရင်း (RAB) အဖွဲ့ဝင်များသည် ၎င်းတို့ ဖမ်းဆီးမိထားသည့် အာဆာခေါင်းဆောင်တစ်ဦးအား စစ်ဆေးမေးမြန်းကာ သတင်းအချက်အလက်များ စုဆောင်းလျက်ရှိကြောင်း ဒါကာထရီဗျူးသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဖမ်းခံခဲ့ရသော အာဆာခေါင်းဆောင်မှာ အသက် ၄၀ အရွယ် မော်လာနာ မိုဟာမက်ယူနွတ်ဖြစ်ပြီး  ကော့ဘဇားရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ကွယ်လွန်သွားသူ ဟာဘီဘူလာ၏ သားဖြစ်သည်။

ယူနွတ်သည် အာဆာ၏ ဘဏ္ဍာရေးတာဝန်ခံဖြစ်ကာ ပြီးခဲ့သော သြဂုတ်လ ၂၄ ရက်နေ့က RAB ထံတွင် ဖမ်းဆီးခံခဲ့ရသည်။

၎င်းအား စစ်ဆေးမေးမြန်းရာ၌ ယူနွတ်က နိုင်ငံခြားမှ ငွေးကြေးစုဆောင်းမှု လမ်းကြောင်းများကို RAB အဖွဲ့သို့ ဖွင့်ဟပြောကြားခဲ့သည်။ အာဆာအဖွဲ့အတွက် ဘဏ္ဍာရေးရင်းမြစ် ရှာဖွေပေးနေသော လမ်းကြောင်းများတွင် ဆော်ဒီအာရေဗျ၊ မလေးရှား၊ ဒူဘိုင်းနှင့် အမေရိကန်တို့လည်း ပါဝင်ကြောင်း သိရသည်ဟု RAB-15 တပ်ရင်းမှူး ဂျာမီလူဟာကီက သြဂုတ်လ ၁၅ ရက်နေ့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

မကြာသေးမီကာလအတွင်း ကော့ဘဇားတွင် ဒုက္ခသည်စခန်းများ အပါအဝင် နေရာအများအပြား၌ လူသတ်မှု၊ လူပျောက်မှု၊ ပြန်ပေးဆွဲမှု၊ မူးယစ်ဆေးကုန်ကူးမှု၊ ခြိမ်းခြောက်ငွေညှစ်မှု အပါအဝင် ရာဇဝတ်မှု အများအပြား ပိုမိုဖြစ်ပွားလာနေကြောင်း ဂျာမီလူဟာကီက ပြောကြားသည်။ အဆိုပါလုပ်ရပ်များကို ရာဇဝတ်ဂိုဏ်း အမျိုးမျိုးက ကျူးလွန်နေကြခြင်းဖြစ်ပြီး ၎င်းအဖွဲ့များအနက် အာဆာသည် စုစည်းမှု အားအကောင်းဆုံးဖြစ်သည်။

အာဆာအဖွဲ့ဝင်များသည် ဒုက္ခသည်စခန်းများတွင် ဖြန့်ကြက်နေထိုင်ကြရာ ရလဒ်အဖြစ် အဆိုပါစခန်းများတွင် မငြိမ်သက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ အာဏာပိုင်များသည် စစ်ဆင်ရေးများ အကြိမ်ကြိမ် ဆောင်ရွက်ကာ အာဏာအဖွဲ့ဝင် အများအပြားကို ဖမ်းဆီးခဲ့သော်လည်း ယခုအချိန်အထိ အဖွဲ့ကို အမြစ်ပြတ် မချေမှုန်းနိုင်သေးပေ။

ဘဏ္ဍာရေး

အာဆာ၏ ဘဏ္ဍာရေးတာဝန်ခံ ယူနွတ်ကို စစ်ဆေးမေးမြန်းရာ၌ ၎င်းက ဆော်ဒီအာရေဗျမှ အဘူဘာရှာဆိုသူက ဘင်္ဂလားဒေ့ရှ် တာကာငွေ တစ်သိန်း၊ မော်လဝီအစ္စမေးက တစ်သိန်း၊ ပါဗက်က တစ်သောင်းခွဲ၊ အမေရိကန်မှ ဇာဟိုးအာလမ်က တစ်သိန်း၊ မလေးရှားမှ ဟာရွန်က တစ်သိန်းနှင့် နောက်ထပ်ဟာရွန်တစ်ယောက်ကလည်း ထိုင်းနိုင်ငံမှ ခြောက်သောင်းခွဲ ပေးပို့ထားသည်ဟု ဝန်ခံသည်။

သြစတြေးလျမှ အမည်မဖော်သည့် ရိုဟင်ဂျာအများအပြားကလည်း အာဆာအတွက် ရန်ပုံငွေ ပေးပို့ခဲ့သည်။ ရခိုင်ပြည်နယ်မှ မွတ်ဆလင်အများအပြားထံမှလည်း အလှူငွေများ ကောက်ခံခဲ့သည်ဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။

အာဆာအဖွဲ့အတွက် နိုင်ငံအများအပြားမှ လစဉ် ကောက်ခံရရှိသည့် ရန်ပုံငွေသည် တာကာငွေ ၁၀ သိန်းနှင့် ၁၅ သိန်းကြား (မြန်မာငွေသိန်း ၂၀၀ နှင့် ၂၉၀ ကြား) ရှိသည်။ ရရှိလာသော ငွေကြေးများကို လက်နက်ဝယ်ယူခြင်း၊ ဘဏ္ဍာရေးထောက်ပံ့ခြင်းနှင့် အာဆာအဖွဲ့ဝင်များအား လစာပေးခြင်းများအတွက် အသုံးပြုသည်။ ယူနွတ်ကို ဖမ်းမိချိန်၌ ၎င်း၏ မိုဘိုင်းဖုန်းတွင် ရှိသည့် ငွေအကောင့်၌ တာကာငွေ သုံးသောင်းခွဲခန့် ရှိသည်ကို တွေ့ရသည်။

ပြီးခဲ့သော ဧပြီ၊မေ၊ဇွန် သုံးလအတွင်း တစ်သီးပုဂ္ဂလနှင့် အဖွဲ့အစည်းများ ထံမှ ကောက်ခံရရှိငွေ စုစုပေါင်းသည် တာကာငွေ ၁,၃၈၁,၆၉၅ (မြန်မာငွေ ၂၆၅ သိန်းခန့်) ရှိသည်ဟု ယူနွတ်က ဖြေကြားသည်။

လက်နက်စုဆောင်းမှု

အာဆာအဖွဲ့ဝင်စုစုပေါင်း ၂၀၀ နှင့် ၂၅၀ အကြားရှိသည်ဟု ယူနွတ်က ဆိုသည်။

အာဆာအဖွဲ့ဝင်များသည် ၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံတွင်း၌ တာရာရှိတ် ရဲစခန်းကို တိုက်ခိုက်ခဲ့ရာတွင် AK-47 အလက် ၇၀ ရရှိခဲ့ပြီး အဆိုပါလက်နက်များသည် ၎င်းတို့အဖွဲ့၏ ပင်မ လက်နက်ရင်းမြစ်ဖြစ်သည်ဟု သိရသည်။

လက်နက်ခဲယမ်းများနှင့် ပတ်သက်လျှင် ဒုက္ခသည် စခန်းအမှတ် ၆ မှ ဆာမီအူဒင်နှင့် စခန်းအမှတ် ၁၇ မှ ဟူစိန်တို့သည် အသေးစိတ်သိသည်ဟု ယူနွတ်က ဖြေကြားသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းရှိ အခြားနေရာများမှလည်း ဒုက္ခသည်စခန်းများတွင်းသို့ လက်နက်ငယ်များနှင့် ခဲယမ်းများ ထောက်ပံ့ပေးသည်ဟု သူကဆိုသည်။

အဆိုပါလက်နက်များကို အာဆာအဖွဲ့ဝင်များက စခန်းများသို့ သယ်ယူသွားပြီး ဆာမီအူဒင်နှင့် ဟူစိန်တို့ထံတွင် အပ်နှံထားသည်ဟု သိရသည်။ ထိုမှတစ်ဆင့် ၎င်းတို့လက်အောက်ရှိ အာဆာအဖွဲ့ဝင်များထံသို့ ဖြန့်ဝေပေးခြင်း ဖြစ်သည်။

လက်လုပ်ဗုံးများနှင့် မိုင်းများကို အာဆာအဖွဲ့ဝင်များဖြစ်ကြသော ဆာမီအူဒင်နှင့် ဇိုဘာယာတို့က ပြုလုပ်သည်။ အာဆာအဖွဲ့သည် ငွေလွှဲမှုများကို လူချင်းတွေ့ဆုံ၍သော်လည်းကောင်း မိုဘိုင်းဖုန်း ငွေကြေးအကောင့်များဖြင့်သော်လည်းကောင်း ပြုလုပ်ကြသည်ဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။

အူစတာခါလက်၊ ဆမ်ဆု၊ ဟာမစ်ဟူစိန်တို့သည် အာဆာအဖွဲ့ဝင်များကို မြန်မာနိုင်ငံဘက်ခြမ်းရှိ ဘူးသီးတောင်နှင့် မောင်တောမြို့အကြားတွင်ရှိသော ဝေးလံခေါင်သီသည့် တောင်ကုန်းများကြားတွင် လေ့ကျင့်သင်ကြားပေးခဲ့သည်ဟု RAB အရာရှိတစ်ဦးက ပြောကြားသည်။

ယခုဖမ်းဆီးခံရသူ ယူနွတ်ကို လူသတ်မှုတစ်မှု အပါအဝင် အမှုပေါင်းငါးမှုဖြင့် အူခီးယာရဲစခန်းတွင် အမှုဖွင့်ထားသည်။ ယူနွတ်သည် အခြားလူသတ်မှု များတွင်လည်း ပါဝင်ထားသည်ဟု RAB ထံတွင် ဝန်ခံထားကြောင်း ဒါကာထရီဗျူးန်သတင်းတွင် ဖော်ပြချက်အရ သိရသည်။

https://www.facebook.com/dmgnewsagency/posts/688446386662294

Leave a Reply

Your email address will not be published.