ပျောက်ကွယ်လုဖြစ်နေသည့် ဇမ်းကဗျာများကို ပြုစုပြီး “ဓလေ့ရိုးရာ ရမ္မာဝတီရခိုင်သဘာဝဇမ်းကဗျာ” စာအုပ်ထုတ်ဝေ

By Narinjara / 2023 August     26

ရမ္မာဝတီဒေသ၏ ကျေးလက်ရိုးရာဓလေ့များထဲတွင် ပျောက်ကွယ်လု ဖြစ်နေသည့် ဇမ်းကဗျာများကို စုဆောင်း ပြုစုပြီး “ဓလေ့ရိုးရာ ရမ္မာဝတီရခိုင်သဘာဝဇမ်းကဗျာ” အမည်ဖြင့် စာအုပ်ထုတ်ဝေကာ ယခုလထဲတွင် ဖြန့်ချိတော့မည်ဟု သိရသည်။

စာအုပ်မိတ်ဆက်ပွဲကို ဩဂုတ်လ ၂၇ ရက်၊ နေ့လယ် ၁ နာရီတွင် ကျောက်ဖြူမြို့ခရိုင် ပြန်ဆက်ရုံး၌ ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါစာအုပ်ကို ကျောက်ဖြူမြို့မှ စာရေးဆရာ ဆရာတော်ယုဇန(ကျောက်ဖြူ)က ပြုစုရေးသား  ခြင်းဖြစ်ပြီး ၎င်းဇမ်းကဗျာများမှ ၁၉၇၁ ခုနှစ်လောက်ပင် ရေးသားစုဆောင်းလာသည့် ဇမ်းကဗျာများဖြစ်ကြောင်း သိရသည်။

ရမ္မာဝတီကျေးလက်ဒေသတွင် လူပျိုလှည့်(ရွာလည်)ရာတွင် လူပျိုနှင့် အပျိုတို့အပြန်အလှန် ဖွဲ့စပ် ပြောဆိုသည့် ဇမ်းကဗျာများ၊ ကျွဲကျောင်း နွားကျောင်းရာတွင်  အချင်းချင်းအပြန်အလှန် ဖွဲ့စပ် ပြောဆိုသည့် ဇမ်းကဗျာများ၊ ငါးရှာ၊ မှိုရိုးချိုးသွားရာတွင် ဖွဲ့စပ်ပြောဆိုသည့် ဇမ်းကဗျာများ အပြင် ကျေးလက်ဒေသရှိ ဓလေ့ရိုးရာလုပ်ငန်းများတွင် ဒေသခံများ ဖွဲ့စပ်ပြောဆိုလေ့ရှိသည့် ဇမ်းကဗျာများ ဖြစ်ကြောင်း ဆရာတော် ယုဇန(ကျောက်ဖြူ) က နိရဥ္စရာသို့ မိန့်သည်။

” ကျေးလက်ဒေသတွေကို သွားတဲ့အခါ ဒီဇမ်းကဗျာက အထူးသဖြင့် လူပျိုကာလသားတွေပေါ့။အပျို၊ လူပျိုတွေ အချင်းချင်းအပြန်အလှန် စကားနိုင်လုပြီးပြောကြတဲ့အခါပေါ့။သူတို့က ဇမ်းကဗျာတွေနဲ့ ပြောကြတဲ့အခါ အလွန်မှနှစ်သက်ဖို့ကောင်းတယ်။ ဆိုတော့ ဘုန်းကြီးက ဒီဇမ်းကဗျာတွေကို ဟိုခါနည်းနည်း၊ဒီခါနည်းနည်းစုဆောင်းနဲ့ အပုဒ် ၂၀၀ ကျော်လောက် ရတယ်ပေါ့။ အခုစာအုပ်မှာတော့ ပုဒ်ရေတစ်ရာကျော်ထည့်ထားပါတယ်” ဟု မိန့်ကြားသည်။

ရမ္မာဝတီကျေးလက်ဒေသများတွင်  ရှေးအခါကပင်လူပျိုလှည့်(ရွာလည်)တွင် ပိုးပန်းသည့်လူပျိုနှင့် အပိုပန်းခံရသည့် အပျိုတို့မှာ လူပျိုအပျိုစကားအား ဇမ်းကဗျာများဖြင့် လက်တမ်းဖွဲ့စပ် ပြောဆိုလေ့ရှိခဲ့ကြောင်း ဆရာတော်က မိန့်သည်။

” ဒီဇမ်းကဗျာတွေဟာ ဒေသတခုရဲ့ အင်မတန်မှချစ်စရာကောင်းတဲ့ ဓလေ့တွေပေါ့။ ဒီဟာတွေက နှစ်တွေကြာလာတာနဲ့အမျှ ပျောက်ကွယ်လာတာ တွေ့ရတယ်။ နောက်မျိုးဆက်တွေလည်းဘာမှ သိကြတော့မှာမဟုတ်ဘူး။ဒါကြောင့် ဘုန်းကြီးပြုစုခဲ့တာတွေကို ပြန်ထုတ်ဝေလိုက်တာပါ” ဟု ဆရာတော် ယုဇန(ကျောက်ဖြူ) က နိရဉ္စရာသတင်းဌာနသို့ မိန့်ကြားသည်။

ယခုစာအုပ်တွင် ဇမ်းကဗျာပုဒ်ရေ ၁၁၁ ပုဒ်ပါဝင်ပြီး ဇမ်းကဗျာထဲမှ ဒေသိယစကားလုံးများ၏ ခက်ဆစ်အဓိပ္ပါယ်ကို မြန်မာဘာသာနှင့် ပြန်ဆိုပေးထားသည်ဟု ဆရာတော်က မိန့်ကြားသည်။

ယင်းအပြင် ဇမ်းကဗျာတစ်ပုဒ်ချင်းစီ၏ဆိုလိုချက်၊ ရွတ်ဆိုသူ၏ အာဘော် သဘောတရားတို့ကိုလည်း စာအုပ်ထဲတွင် ရှင်းလင်းရေးသားပေးထားကြောင်းလည်းသိရသည်။

ဆရာတော်သည် ရမ္မာဝတီကျေးလက်ဒေသခံများက ၄င်းတို့မှတ်မိသလောက် ပြန်လည် ရွတ်ဆိုပြသည့်ဇမ်းကဗျာများကို နှစ်ပေါင်းငါးဆယ်ကျော်ကြာ ပြုစုရေးသားပြီး ယခုတွင် ပုံနှိပ်ထုတ်ဝေခြင်းဖြစ်သည်။

“ဓလေ့ရိုးရာ ရမ္မာဝတီရခိုင်သဘာဝဇမ်းကဗျာ” စာအုပ်တစ်အုပ်၏ တန်ဖိုးမှာ ၃၅၀၀ ကျပ်ဖြစ်ပြီး ရခိုင်ပြည်နယ်ထဲမှ ကျောက်ဖြူ၊စစ်တွေအပါအဝင် လက်လှမ်းမီသလောက် မြို့နယ်များနှင့် စာပေအသိုင်းအဝိုင်းသို့ ဖြန့်ချိသွားမည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/693725386127927

Leave a Reply

Your email address will not be published.