By DMG / 2023 August 15

ရခိုင်ပြည်၊ မောင်တောမြို့ (၃) မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဩဂုတ်လ ၁၃ နှင့် ၁၄ ရက်နေ့ နှစ်ရက်အတွင်း တရားမဝင် အကောက်ခွန်မဲ့ စီးကရက်ဖာ ၃၀၀ ကို သယ်ဆောင်လာသည့် အမျိုးသား ၆ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေး လူမှုကွန်ယက်စာမျက်နှာ “ရခိုင်နေ့စဉ်” က ဖော်ပြသည်။
ဩဂုတ်လ ၁၄ ရက်နေ့က (၆) ဘီး မော်တော်ယာဉ်ပေါ်မှ ဆာလာအိတ်များဖြင့် ထုပ်ပိုးထားသည့် ကျပ်သိန်း ၁၃၀၀ တန်ဖိုးရှိ တရုတ်နိုင်ငံထုတ် ORIS တံဆိပ်ပါ တရားမဝင် စီးကရက်ဖာ ၂၀၀ နှင့် အမျိုးသား လေးဦးကို ဖမ်းမိခဲ့သည်။
ဖမ်းမိသူလေးဦးတွင် စစ်တွေမြို့မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် နှစ်ဦး၊ မောင်တောမြို့မှ နှစ်ဦးတို့ ဖြစ်ကြသည်။ ၎င်းတို့လေးဦးကို မောင်တောမြို့မရဲစခန်းတွင် ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ – ၈ ဖြင့် အမှုဖွင့်ရန် ဆောင်ရွက်နေကြောင်းနှင့် တရားမဝင်ကုန်ပစ္စည်း ပိုင်ရှင်ဖြစ်သူ အဒူရာမန်မှာ လွတ်မြောက်လျက်ရှိနေသည်။
ဩဂုတ်လ ၁၃ ရက်နေ့ကလည်း မောင်တော-အငူမော် ကားလမ်းအတိုင်း မောင်တောမြို့ဘက်သို့ မောင်းနှင်လာသည့် (၆) ဘီး မော်တော်ယာဉ်ကို စစ်ဆေးရာ ကျပ်သိန်း ၆၅၀ တန်ဖိုးရှိ တရုတ်နိုင်ငံထုတ် ORIS တံဆိပ်ပါ တရားမဝင်စီးကရက်ဖာ ၁၀၀ နှင့် အမျိုးသားနှစ်ဦးကို ဖမ်းမိကြောင်း “ရခိုင်နေ့စဉ်” က ဖော်ပြခဲ့သည်။
ဖမ်းဆီးခံရသူ နှစ်ဦးမှာ စစ်တွေမြို့မှဖြစ်ကာ တရားမဝင်ကုန်ပစ္စည်း ပိုင်ရှင်ဖြစ်သူမှာ မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်မှ ဦးအေကာရာမ် (ခ) အေကေဖြစ်သည်။ ပိုင်ရှင်ကိုဖမ်းဆီးရန် ၎င်း၏နေအိမ်တွင် သွားရောက်ရှာဖွေခဲ့သော်လည်း ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိထားသူ နှစ်ဦးနှင့် ထွက်ပြေးတိမ်းရှောင်သွားသူ တစ်ဦးတို့ကို မောင်တောမြို့မ ရဲစခန်းတွင် ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ – ၈ ဖြင့် အမှုဖွင့်ထားကြောင်း ရခိုင်နေ့စဉ်က ထုတ်ပြန်ထားသည်။
https://www.facebook.com/dmgnewsagency/posts/681829493990650