နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅ဝ၅(ခ)ဖြင့် အမှုဖွင့် ခံထားရသူ ဒေါ်ညိုအေးကို သြဂုတ်လ ၂၉ ရက်တွင် စတင်ရုံးထုတ်စစ်ဆေးမည်

(တုပ်ကွေးဖြစ်၍ ဆေးသွင်းပြီးခါစတွင်ဖမ်းဆီးခံခဲ့ရသည့်အတွက် သူမ၏ ကျန်းမာရေး အလွန် စိုးရိမ်နေ)

By Narinjara / 2023 August     17

ဆန်ပြဿနာနေ့ အခမ်းအနားကို တက်ခဲ့၍ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅ဝ၅(ခ)ဖြင့် အမှုဖွင့်ခံထားရသည့် အမျိုးသမီးအရေး လှုပ်ရှားတက်ကြွသူ ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးကို လာမည့်သြဂုတ်လ ၂၉ ရက်တွင် စစ်တွေမြို့နယ်တရားရုံး၌ စတင်ရုံးထုတ် စစ်ဆေးတော့မည်ဟု မိသားစုဝင်များက ပြောသည်။

ဒေါ်ညိုအေး၏သမီးဖြစ်သူ မစောမြသန္တာက “အစားအသောက်ကို အပြင်က ထောင်ဝင်စာတွေနဲ့ပဲ ထည့်ပေးနေရပါတယ်။ လူချင်းတွေ့ခွင့်မရှိလို့ပေါ့လေ။ ဒီနေ့တော့ ထောင်ဝင်စာတွေ့တဲ့ မိန်းမတစ်ယောက်က သမီးကို အမေက ပြောလိုက်တယ်တဲ့။ ၂၂ ရက်နေ့ရုံးချိန်းမဟုတ်ဘူး။ ၂၉ ရက်နေ့လို့ ပြောလိုက်တယ်တဲ့။ သူကိုယ်တိုင်ပြောတာ မဟုတ်ဘူး။ ထောင်ဝင်စာသွားတွေ့တဲ့ မိန်းမတစ်ယောက်နဲ့ ကျမဆီ သတင်းစကားပါလာခဲ့တာပါ”ဟု ပြောသည်။

အသက် ၆၈ နှစ်အရွယ်ရှိ ဒေါ်ညိုအေးသည် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်၊ နေ့လယ်ပိုင်းတွင် စစ်တွေရှိ ရခိုင်အမျိုးသမီးကွန်ရက်ရုံးမှတဆင့် ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။

ဒေါ်ညိုအေးသည် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်က စစ်တွေရှိ စစ်တွေကျောင်းသားသမဂ္ဂရုံးတွင် စစ်တွေကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်ခဲ့သော ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အထိမ်းအမှတ် ဝမ်းနည်းအောက်မေ့ဖွယ်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့၍ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးပြီးနောက် သူမကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅ဝ၅(ခ)ဖြင့် အမှုဖွင့်ကာ စစ်တွေထောင်အချုပ်သို့ ပို့ဆောင် ချုပ်နှောင်ထားသည်ဟု သိရသည်။

ပုဒ်မ ၅ဝ၅(ခ)သည် ထောင်ဒဏ် နှစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

ဒေါ်ညိုအေးတွင် သွေးတိုးနှင့် နှလုံးရောဂါရှိသည့်အပြင် ဖမ်းဆီးခံရသည့်နေ့က တုပ်ကွေးဖြစ်သည့်အတွက် ဆေးသွင်းပြီးစအချိန်တွင် ရဲများက ဖမ်းဆီးသွားခြင်းဖြစ်၍ သူမ၏ ကျန်းမာရေးအခြေအနေကို အလွန်တရာစိုးရိမ်နေမိသည်ဟု သမီးဖြစ်သူ မစောမြသန္တာက ပြောသည်။

“ကျန်းမာရေးအခြေအနေကိုက အရမ်းစိုးရိမ်ပါတယ်။ အများကြီးစိုးရိမ်ပါတယ်။ ဘာဖြစ်လို့ စိုးရိမ်လဲဆိုတော့ သူက အပြင်မှာနေလို့ ဆေးကုသမှုခံယူရမဲ့သူတစ်ယောက်ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ အသက်ကလည်း ကြီးနေပြီ။ အသက်ကလည်း ၆၈ နှစ်ထဲမှာဆိုတော့ အသက်ကြီးလူတစ်ယောက်အနေနဲ့ ကျန်းမာရေးဒဏ်ကို တွန်းလှန်ဖို့အတွက်ကို ဆေးဝါးပြည့်စုံဖို့လိုတယ်။ ပြီးတော့ အစားအသောက်တွေ အချိန်မီဖို့လိုတယ်။ အစားအသောက်၊ အာဟာရတွေ အချိန်မှန်ဖို့လိုတဲ့အတွက် သူ့ကို ဆေးကုသမှု အပြင်မှာ ခံယူစေချင်ပါတယ်။ အဲလိုစိုးရိမ်ပါတယ်။ အရမ်းစိုးရိမ်နေပါတယ်။ တွေ့လည်း တွေ့ခွင့်မရဘူးဆိုတော့ ပိုပြီး စိုးရိမ်ပါတယ်”ဟု ပြောသည်။

ဒေါ်ညိုအေးတက်ရောက်ခဲ့သည့် စစ်တွေဆန်ပြဿနာနေ့အထိမ်းအမှတ် ဝမ်းနည်းအောက်မေ့ဖွယ်နေ့အခမ်းအနားသည် ၁၉၆၇ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်တွင် ရခိုင်၌ ဆန်ရေစပါးရှားပါးမှုကို အစိုးရက ဖြေရှင်းပေးရန် စစ်တွေလူထုက လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုသည်ကို စစ်တပ်က သေနတ်ဖြင့်ပစ်ခတ်ဖြိုခွင်းခဲ့သည့်အတွက် လူပေါင်း ၃ဝဝ ခန့် သေဆုံးခဲ့ရသည်ကို အောက်မေ့ဖွယ်ပြုလုပ်ခဲ့သည့် အခမ်းအနားဖြစ်သည်။ (NN-16)

https://www.facebook.com/narinjara.info/posts/689186053248527

Leave a Reply

Your email address will not be published.