By DMG / 2023 August 24

“အလုပ်တစ်ခု ခေါ်ပြီးဟေ့ဆိုရင် ရှိတဲ့လူတွေ အကုန်လုံးက သွားပြီးတော့ လျှောက်တယ်၊ လျှောက်ပေမယ့် သူတို့က ဒီလူ၊ ဒီလူကို ခန့်မယ်ဆိုတာ ရှိပြီးသား။ သူတို့ဘာသာ သူတို့ စခန်းသွားကြတယ်။ ကျနော်တို့က လျှောက်လွှာဖို့ကုန်တာရယ်၊ ထောက်ခံစာတောင်းရတာပဲ အဖက်တင်တယ်။”
တစ်နှစ်ကျော် ကာလအတွင်း မျိုးစုံသော အလုပ်လျှောက်လွှာများနှင့် အင်တာဗျူးအမျိုးမျိုးကို ဖြေဆိုခဲ့သော်လည်း သူနေထိုင်ရာ မြို့နယ်အတွင်း စီမံကိန်းအလုပ်ရုံများတွင် ဝန်ထမ်းတစ်နေရာစာ ရရှိနိုင်ရေး မလွယ်ကူသည့်အကြောင်း အသက် ၃၀ အရွယ် ကိုထွန်းမိုးနိုင်က ပြောဆိုလာခြင်းဖြစ်သည်။
ကျောက်ဖြူမြို့ဟု ကြားလိုက်သည်နှင့် တရုတ်၏ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့်အတူ ရင်းနှီးမြုပ်နှံမှု၊ ရေနံတင်ဆိပ်ကမ်းများနှင့် များမကြာမီ အကောင်အထည်ဖော်မည့် SEZ စီမံကိန်းများပါ တွဲဖက်မြင်ယောင် ကြပေလိမ့်မည်။
ယခု ထိုမြို့နယ်အတွင်း CNPC, POSCO, Power China, V- Power ကုမ္ပဏီများအပြင် တရုတ်-မြန်မာ ပူးပေါင်းထားသည့် ဖက်စပ်ကုမ္ပဏီများကပါ ဝင်ရောက်နေကြပြီး သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးရေး၊ ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကဏ္ဍများကို နေရာအနှံ့အပြားတွင် ပြုလုပ်လျက်ရှိကြသည်။
ယင်းကုမ္ပဏီများတွင် ကျွမ်းကျင်ပညာရှင်များ၊ အင်ဂျင်နီယာ၊ ဆောက်လုပ်ရေးအလုပ်သမား၊ ယာဉ်မောင်း၊ လုံခြုံရေး စသည့် အောက်ခြေအဆင့်အထိ ဝန်ထမ်းနေရာများကို ခန့်အပ်နိုင်သော စက်ရုံ၊ အလုပ်ရုံများ ရှိသော်လည်း ဒေသခံများအတွက် မျှော်မှန်းခွင့်မရကြပေ။
ကိုထွန်းမိုးနိုင်မှာ အထက်တန်းအဆင့် အောင်မြင်ထားသူတစ်ဦး မဟုတ်သော်လည်း စီမံကိန်းများစွာရှိသည့် မိမိဒေသအတွင်း အလုပ်ခေါ်ယူချိန်တွင် အဆင်အသင့်ဖြစ်ရန်အတွက် လွန်ခဲ့သည့် ၄ နှစ်ခန့်မှစ၍ တရုတ်၊ အင်္ဂလိပ် ဘာသာစကားအပြင် ကွန်ပျူတာနှင့် ခေတ်နည်းပညာရပ်များကို အတိုင်းအတာတစ်ခုထိ သင်ယူတက်မြောက်ထားသည်။
ယင်းပညာရပ်များကို အခြေခံ၍ ကုမ္ပဏီများတွင် တစ်နေ့အလုပ်ရရှိမည်ဟု မျှော်လင့်ချက်များ ရှိခဲ့သော်လည်း လက်တွေ့တွင် လုံခြုံရေးအစောင့် အလုပ်တစ်ခုရရန်ပင် မလွယ်ကူသည့်အကြောင်း ကိုထွန်းမိုးနိုင်က ရှင်းပြသည်။
“ရွှေသဘာဝ ပရောဂျက်ကို ကျနော်စပြီးတော့ လျှောက်တာဟာဆိုရင် ၂ နှစ်လောက် ရှိနေပြီ။ ဘယ်လိုပဲ လျှောက်လျှောက် သူတို့က လျှောက်လွှာကို ပယ်ဖျက်ပလိုက်တယ်။ ကျနော်တို့ဆို အင်တာဗျူးတဲ့အထဲ စကာတင် စာရင်းထဲတောင် မပါဘူး။” ဟု ကိုထွန်းမိုးနိုင်က ပြောသည်။
ဖောင်စီးရင်း ရေငတ်ဆိုသည့်အတိုင်း အလုပ်အကိုင်အခွင့်အလမ်း များစွာပေးနိုင်သော စီမံကိန်းများ မိမိဒေသတွင် ရှိသော်လည်း အလုပ်တစ်နေ့ရာရရှိနိုင်ရေး ကိုထွန်းမိုးနိုင်အပါအဝင် ကျောက်ဖြူမြို့နယ်က လူငယ်များမှာ ဝေးလှမ်းခက်ခဲနေကြရသည်။
ကျောက်ဖြူမြို့နယ်က တက်ကြွလှုပ်ရှားသူ ကိုနေစိုးခိုင်က “ဒီဒေသရဲ့ အကျိုးစီးပွားကို သူတို့ပဲ ခံစားနေတာ ဖြစ်တဲ့အတွက် ဒီဒေသကလူတွေကိုတော့ သင့်တော်တဲ့အလုပ်တွေကို လွယ်လွယ်ကူကူနဲ့ ပေးထားစေချင်တယ်။ တချို့ဆိုရင် အလုပ်လျှောက်ပေမယ့် သူတို့နဲ့ ရင်းနှိးမှုမရှိဘူး၊ လာဘ်ထိုးမှုမရှိဘူး ဆိုလို့ရှိရင် လျှောက်တိုင်းမပါတဲ့လူတွေလည်း အများကြီးပဲရှိပါတယ်” ဟု ကိုနေစိုးခိုင်က ပြောသည်။
ထို့ကြောင့် ဒေသခံအများစုမှာ အလုပ်အကိုင်ရရှိမှု နည်းပါးကြပြီး ထိုနေရာများတွင် အခြားသော နေရာဒေသက ဝန်ထမ်းများဖြင့်သာ ပြည့်နက်နေသည်။
ဝန်ထမ်းလိုအပ်ချက်ကြောင့် အလုပ်ခေါ်ယူသည့်အခါမျိုးတွင်လည်း ဒေသခံများမှာမူ အလုပ်ကြမ်း၊ လုံခြုံရေး၊ သန့်ရှင်းရေး စသည့် အောက်ခြေနေရာမျိုးတွင်သာ တာဝန်ပေးခံကြရသည်။
ကုမ္ပဏီများသည် အလုပ်သမားလိုအပ်သည်ဆိုသည့် အလုပ်ခေါ်စာများကို လေဘာရုံးနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးတို့တွင် အသိပေးထုတ်ပြန်လေ့ရှိသလို သွားရောက်လျှောက်ကြသည့် ဒေသခံများကို အင်တာဗျူးအဆင့်အထိ ပြုလုပ်တတ်ကြောင်းဆိုသည်။
သို့သော် ထိုကိစ္စမှာ ဟန်ပြသက်သက်သာဖြစ်နေပြီး လက်တွေ့အခြေအနေမှာ အရာမထင်သည့် လုပ်ရပ်ဆိုသည်ကို ကိုထွန်းမိုးနိုင်တစ်ယောက် ကောင်းကောင်းသိရှိနေပြီဖြစ်သည်။
“ကိုယ့်မှာ သူတို့ခေါ်တဲ့အလုပ်နဲ့ အံဝင်ခွင်ကျရှိတယ်။ ဒါပေမယ့် အဲဒီကုမ္ပဏီမှာ သိကျွမ်းတဲ့ လူမရှိဘူး ဆိုလို့ရှိရင် အလုပ်က မရတော့ဘူး။ အဲအထဲမှာ သူငယ်ချင်းတွေရှိပြီး ရာထူးကြီးကြီးရှိတဲ့ လူတွေကို ရင်းနှီးတဲ့လူတွေဆိုရင် အလုပ်ရဖို့လွယ်ကူတယ်” ဟု ကိုထွန်းမိုးနိုင်က ကြုံတွေ့ရသည်ကို ဖွင့်ဟသည်။
အောက်ခြေအဆင့် အလုပ်ရရှိထားသော ဒေသခံများမှာလည်း အားလပ်ရက်နေ့များတွင် အလုပ်တာဝန်နှင့် မသက်ဆိုင်ဘဲ ရာထူးကြီးသူတို့၏ နေအိမ်များတွင် သန့်ရှင်းရေး၊ ဝေယာဝိစ္စများကိုပါ လုပ်ပေးကြရသည်။
ထိုသို့လုပ်ကိုင်ရာတွင် မတော်တဆကြောင့် ခန္ဓာကိုယ် ထိခိုက်ဒဏ်ရရှိမှုများရှိသော်လည်း ကုမ္ပဏီဘက်က တာဝန်ယူမှု မရှိသည့်အပြင် မခံမရပ်နိုင်၍ အတိုက်အခံလုပ်သူများမှာ အာဏာရှင်တို့၏ လုပ်ရပ်ကိုလည်း ခံနေကြရသည်။
ရွှေသဘာဝဓာတ်ငွေ့ဖြန့်ဖြူးရေး စက်ရုံတွင် လုံခြုံရေးတာဝန်က အလုပ်ဖြုတ်ခံခဲ့ရသူ ကျောက်ဖြူဒေသခံ ဦးညီညီဆွေက ၎င်းကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်များကို ယခုကဲ့သို့ ပြောပြလာသည်။
“အလုပ်မရှိရင် မိသားစုစားဝတ်နေရေးအတွက် အခက်အခဲဖြစ်တော့ ကြိတ်မှိတ်ပြီး လုပ်နေရတဲ့လူတွေ အများကြီး။ ကိုယ်က အမှန်ဖြစ်နေမှန်းသိလျက်နဲ့ အလုပ်ထုတ်ခံရမှာစိုးလို့ ပြန်မပြောရဲတဲ့သူတွေလည်း အများကြီးပဲ။ ကျနော်တို့က ပြောခဲ့တော့ ပြောရဲတဲ့သူကို သူတို့က စိတ်မှာတည်းထားပြီးတော့ အခွင့်သာတာနဲ့ ဖြုတ်တာပေါ့။” ဟု ဦးညီညီဆွေက ဆိုသည်။
ဦးညီညီဆွေမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ဝန်ထမ်းအင်အား လျော့ချရာမှာပါဝင်ခဲ့ပြီး အလုပ်ဖြုတ် ခံခဲ့ရသူလည်းဖြစ်သည်။
၎င်းအလုပ်ဖြုတ်ခံရမှုအပေါ် ကျောက်ဖြူမြို့နယ် လေဘာဌာနသို့ အကြောင်းကြား တိုင်တန်းခဲ့သော်လည်း ထိရောက်သော ဖြေရှင်းချက်များ မရှိခဲ့သည်က အလုပ်သမားအရေးနှင့်ပတ်သက်၍ အားနည်းချက်များစွာ ရှိကြောင်းကိုလည်း ဦးညီညီဆွေက ထောက်ပြသည်။
လေဘာဌာနသည် စီမံကိန်းကိစ္စများနှင့်ပတ်သက်၍ အလုပ်သမားကိစ္စ ဆောင်ရွက်ရာတွင် ထိရောက်မှု အားနည်းခြင်းမှာ စီမံကိန်းများဆိုင်ရာ ဥပဒေပြဌာန်းချက်တွင် အလုပ်သမားအရေးနှင့်ပတ်သက်၍ ကာကွယ်ပေးထားမှု အားနည်းချက်တို့ကြောင့်ဖြစ်သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်များက ပြောဆိုကြသည်။
ထိုလှစ်ဟချက်များက ဒေသခံများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များအတွက် ပို၍နစ်နာမှုများဖြစ်နေရကြောင်း ကျောက်ဖြူမြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးဖိုးစံက ပြောသည်။
“မြန်မာနိုင်ငံက စီမံကိန်းဆိုင်ရာ ဥပဒေပြဌာန်းချက်တွေမှာ အလုပ်သမားဦးရေ ဘယ်လောက်ခန့်မယ့် စီမံချက်ဆိုရင်တော့ ဒေသခံကို ဘယ်လောက် ဦးစားပေးခန့်ရမယ်ဆိုတာ အသေအချာ မပါဝင်တဲ့အတွက် အဲဒီဒေသက အကျိုးအမြတ်တွေကို ကုမ္ပဏီကပဲခံစားသွားရပြီး ဒေသခံတွေအတွက်တော့ နစ်နာမှုတွေ ဖြစ်ပေါ်ရတာလို့ ပြောနိုင်တယ်” ဟု ဦးဖိုးစံက ဆိုသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ့မှုဆိုင်ရာ ဥပဒေကို ၂၀၁၂ ခုနှစ်က ပြဌာန်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်တွင်တစ်ကြိမ် ပြင်ဆင်ဖြည့်စွက်ခဲ့ကြသည်။ နောက်ဆုံးပြင်ဆင်ချက်တွင် အမှုထမ်းများနှင့် အလုပ်သမားများ ခန့်ထားခြင်းဆိုင်ရာကို အခန်း(၁၃) ပုဒ်မ- ၅၁ တွင် ဖော်ပြပါရှိသော်လည်း စီမံကိန်းနေရာရှိ ဒေသခံများအတွက် အလုပ်အကိုင်ရရှိရန် သေချာသည့်ပြဌာန်းချက် မပါရှိသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က တရုတ်နဲ့ မြန်မာအစိုးရတို့ကြား ရွှေသဘာဝဓာတ်ငွေ့ ထုတ်လုပ်ရန် သဘောတူညီခဲ့ကြပြီးနောက် တရုတ်နှင့် အကျိုးတူဆက်စပ်သော ကုမ္ပဏီအများအပြားသည် ကျောက်ဖြူမြို့နယ်ကို ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်လာခဲ့ကြသည်။
ထိုသို့သော စီမံကိန်းကုမ္ပဏီများ ဝင်ရောက်လာမှုကြောင့် ဒေသခံအများစုသည် ငါတို့မြို့လေးမှာ အလုပ်အကိုင်အခွင့်အလမ်းများ ပွားများလာတော့မည်ဆိုသည့် မျှော်လင့်ချက်များ ရှိခဲ့ကြသည်။ သို့သော်လည်း လက်ရှိတွင် အလုပ်တစ်ခုရရှိရန် မလွယ်ကူသည့်အပြင် မိရိုးဖလာ လုပ်ကိုင်၊ စားသောက်လာခဲ့ကြသည့် လုပ်ငန်းများမှာ စီမံကိန်း အကြောင်းပြချက်များဖြင့်ပင် သိမ်းဆည်းခံခဲ့ကြရသည်။
ပင်လယ်အောက် ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းရေးနှင့် ရေနံတင်သင်္ဘောများ ဝင်ထွက်သွားလာနိုင်ရေး အကြောင်းပြချက်ဖြင့် ရေပြင်ဧရိယာ ကန့်သတ်မှုများကြောင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲ ဖြစ်ခဲ့ကြရပြီး စီမံကိန်းဧရိယာ အကြောင်းပြချက်ဖြင့် လယ်ယာမြေများလည်း သိမ်းဆည်းခံခဲ့ကြရသည်။
“စီမံကိန်းမတည်ဆောက်ခင် တုန်းကပေါ့နော် ဒေသခံတွေက် ဦးစားပေးပြီးတော့ အလုပ်ခေါ်မယ်ဆိုပြီးတော့ ပြောတာပဲ။ တကယ်တမ်း လက်တွေ့ကျတော့ အဲဒါတခြားစီဖြစ်နေတယ်။ အခုလက်ရှိ အဲဒီကုမ္ပဏီထဲမှာ အလုပ်သမား ၁၀၀ ရှိရင် ဒေသခံအလုပ်သမား ၃၀ ကျော် ဝန်းကျင်လောက်ပဲရှိမယ်” ဟု ကျောက်ဖြူမြို့နယ် မြဒေးကျွန်းမှ ကိုဝေယံကပြောသည်။
ထိုသို့သော ဒေသခံများ၏ ဆုံးရှုံးနစ်နာခဲ့ရမှုများနှင့်ပတ်သက်၍ ရခိုင်တို့ သယံဇာတ၊ ရခိုင်တို့ စီမံခန့်ခွဲမည်ဆိုသော ခေါင်းစဉ်ဖြင့် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် လူဦးရေ ၂၀၀ ကျော်မှာ စစ်တွေမှ ကျောက်ဖြူအထိ လူထုချီတက်သည့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ဖူးသည်။
ထို့အပြင် ၂၀၁၇ ခုနှစ်ကလည်း ကျောက်ဖြူမြို့နယ်က ရေလုပ်သားများသည် စက်လှေများဖြင့် ရေပေါ်ဆန္ဒပြပွဲများကို ပြုလုပ်ခဲ့ကြပြီး စီမံကိန်းများကြောင့် ဆုံးရှုံးမှုနှင့်ပတ်သက်၍ အခြားသော ဆန္ဒပြပွဲများလည်း (၅)ကြိမ်ထက်မနည်း ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများကပြောသည်။
သို့သော်လည်း ဒေသဖွံ့ဖြိုးရေးကို ဦးစားပေးမည်၊ ဒေသခံများကို အလုပ်ခန့်မည်ဆိုသော စီမံကိန်းများမှာ လူထုဆန္ဒများကို မျက်ကွယ်ပြုခဲ့ကြသည့်အပြင် ယင်းကြားထဲမှာပင် မြန်မာနိုင်ငံ၏ အကြီးမားဆုံးဆိုသော SEZ (အထူးစီးပွားရေးဇုန်)ကိုပါ ရခိုင်ဒေသမှာ ပြုလုပ်ရန် နိုင်ငံတော်အုပ်ချုပ်သူများက သဘောတူခဲ့ပြန်သည်။
SEZ အထူးစီးပွားရေးဇုန်သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က ရွှေသဘာဓာတ်ငွေ့စီမံကိန်းနှင့်အတူ ငြိတွယ်လာသော တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် စီမံကိန်းတစ်ခုဖြစ်သော်လည်း ၂၀၁၅ ခုနှစ်တွင် ပို၍ လူသိထင်ရှားလာခဲ့ခြင်းဖြစ်ပြီး NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်အတွင်း ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အပြီးသတ် လက်မှတ်ကို သဘောတူရေးထိုးခဲ့ကြခြင်းလည်း ဖြစ်သည်။
ဒေသခံများသည် ယခင်ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကပင် ခါးသီးသော အတွေ့အကြုံများကို ရင်ဆိုင်ခဲ့ရပြီဖြစ်၍ ယခုလာမည့် SEZ အပေါ်တွင်လည်း စိုးရိမ်ကြောက်လန့်မှုများ ရှိနေကြကြောင်း SEZ အရေး စောင့်ကြည့်လေ့လာသူ ကျောက်ဖြူမြိုခံ ဦးထွန်းလွင်က ပြောသည်။
“အတိတ်မှာက ဒေသခံတွေအဖို့ ခါးသီးမှုဖြစ်ရတဲ့ ကိစ္စတွေ အများကြီးရှိခဲ့ဖူးပြီ၊ ဒီသင်ခန်းစာတွေကို မယူနိုင်ဘဲ ဖြစ်သလိုလုပ်ကြမယ်ဆိုရင် ဒေသခံတွေဟာ ရှေ့မှာ ဆက်ပြီးတော့ နစ်နာနေအုံးမှာပဲ။ တစ်ဘက်မှာလည်း ခေတ်ကာလက ပြည်သူ့ကိုယ်စားလှယ် မရှိဘူး။ စစ်အာဏာအောက်မှာ သွားနေရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်” ဟု ဦးထွန်းလွင်က ပြောသည်။
SEZ စီမံကိန်းထဲတွင် စက်မှုဇုန်၊ လူနေအိမ်ရာနှင့် ရေနက်ဆိပ်ကမ်းဆိုတဲ့ အပိုင်း (၃) ပိုင်းပါဝင်ပြီး ကနဦး အနေဖြင့် ရေနက်ဆိပ်ကမ်းကို ဦးစွာအကောင်ထည်ဖော်မည်ဖြစ်ကြောင်း International Commission of Jurists (ICJ)၏ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် အစီရင်ခံစာဖော်ပြချက်အရ သိရသည်။
ထို့အပြင် စီမံကိန်းအတွင်း ကျောက်ဖြူမြို့နယ်၊ မြဒေးကျွန်းကျေးရွာက မြေဧက ၃၇၀ နှင့် ရမ်းဗြဲကျွန်းတွင် ၂၃၇ ဧက၊ စုစုပေါင်း ၆၀၇ ဧကကို စီမံကိန်းဇုန်အဖြစ် သတ်မှတ်ထားသောကြောင့် ယင်းဧရိယာထဲက လူဦးရေ ၂၀၀၀၀ ခန့်မှာ နေရာပြောင်းရွှေ့ရမည့်အထဲတွင် ပါဝင်နေကြာင်းလည်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
သို့သော်လည်း ယင်းစီမံကိန်းသည် လူဦးရေ အနည်းဆုံး ၃၀၀၀၀ ကနေ ၁၀၀၀၀၀ ဝန်းကျင်အထိ အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးထားနိုင်မည်ဖြစ်သောကြောင့် စီမံကိန်း အကောင်ထည် ပေါ်ခဲ့ရင် ရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ များစွာရရှိလာမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လတွင် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းက ပြောဆိုခဲ့သည်။
အဆိုပါစီမံကိန်းသည် မည်သည့်အချိန်တွင် အကောင်ထည်ဖော်မည်ကို မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်နေသည့် ပဋိပကအခြေအနေအရ တိတိကျကျ မပြောနိုင်သေးသော်လည်း ယခင်စီမံကိန်းများက ရရှိခဲ့သည့် အတွေ့အကြုံများအရ ယင်း SEZ စီမံကိန်းမှာ ဒေသခံများအတွက် မက်လုံးအဆင့်ထက် မပိုကြောင်း ပြောဆိုမှုများ ရှိနေကြသည်။ ဒေသခံဆိုသည့် စကားအတိုင်း အမြဲတမ်း ခံနေရကြောင်းလည်း ဒေသခံများကပြောသည်။
မည်သည့် စီမံကိန်းထပ်လာသည်ဖြစ်စေ ရခိုင်ပြည်နယ်ထဲက အဆင်းရဲဆုံးဆိုသော ကျောက်ဖြူအနေဖြင့် ဒေသခံများအတွက်ထက် မြန်မာတစ်နိုင်ငံလုံး၏ အကျိုးအမြတ်တစ်ခုအတွက်သာ စတေးခံနေရဦးမည့် ဒေသဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
ကျောက်ဖြူမြို့နယ်အတွင်း စီမံကိန်းကုမ္ပဏီများတွင် အလုပ်တစ်နေရာရရှိနိုင်ရေး အကြိမ်ကြိမ်ကြိုးစား ခဲ့သော်လည်း ဖြစ်မလာသည့်အဆုံး ကိုထွန်းမိုးနိုင်တစ်ယောက် ဒေသကိုစွန့်ခွာရန် ဆုံးဖြတ်လိုက်သည်။
“ဘယ်စီမံကိန်းတွေပဲ လုပ်လုပ် ဒီလိုအခြေအနေမျိုးတွေနဲ့ဆိုရင် ကျနော်တို့အတွက်ကတော့ ဆက်ပြီးတော့ ခံနေရအုံးမှာပဲ။ ဒေသခံတွေကို ဦးစားပေးခန့်ဖို့အတွက် နိုင်ငံတော်ကဖြစ်စေ၊ ဒေသအာဏာပိုင်တွေကဖြစ်စေ အရေးတယူလုပ်ပေးတာမျိုး မရှိရင်တော့ ဒီအတိုင်းပဲသွားမှာပဲ” ဟု လက်ရှိ တရုတ်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေသည့် ကိုထွန်းမိုးနိုင်က ကျောက်ဖြူဒေသခံ၏ ရှေ့ရေးကိုတွေးကာ ပြောဆိုလိုက်သည်။
မိုးပေါက် – ရေးသည်
https://www.facebook.com/dmgnewsagency/posts/686308306876102