တောင်ကုတ်လူသတ်မှု တရားခံမှာ စစ်ကောင်စီတပ်သားဖြစ်နေဟုဆို

By Western News / 2023 August     5

(ပုံစာ – ဇူလိုင်လ ၃၀ ရက်နေ့ညက တောင်ကုတ်တက္ကသိုလ်အနီး အသတ်ခံခဲ့ရသည့် ဦးစံသိန်းအောင်၏ ရုပ်အလောင်း)။ ဓါတ်ပုံ-CJ

ဇူလိုင်လ ၃၀ ရက်နေ့ညက ရခိုင်ပြည် တောင်ကုတ်မြို့ တောင်ကုတ်တက္ကသိုလ်အနီး ဖြစ်ပွားခဲ့သည့် လူသတ်မှုတရားခံမှာ ခမရ ၃၄၆ တပ်ရင်းက တပ်သားတစ်ဦးဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။

အသတ်ခံရသူမှာ တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက်ဒေသခံ အသက် ၄၅ နှစ်အရွယ် ဦးစံသိန်းအောင်ဖြစ်ပြီး ညအချိန်တွင် သူလုပ်ကိုင်နေသည့် မီးချောင်းထိုးကျေးရွာအနီး မွေးမြူရေးခြံမှ နေအိမ်သို့အပြန်လမ်းတွင် အသတ်ခံခဲ့ရသည်။

ဦးစံသိန်းအောင် ဇနီးဖြစ်သူ ဒေါ်ချိုချိုသက်က “ရဲစခန်းကတော့ လူသတ်တရားခံတစ်ဦးကို ဖမ်းမိထားတယ်လို့တော့ ပြောပါတယ်။ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ မပြောသေးဘူး။ ဒါပေမယ့် အရပ်ထဲမှာတော့ ရဲစခန်းက ဖမ်းမိထားတဲ့ တရားခံက တောင်ကုတ်မြို့မှာရှိတဲ့ ခမရ ၃၄၆ တပ်ရင်းက တစ်သားတစ်ဦးဖြစ်တယ်လို့ ပြောကြတယ်။ ဘယ်သူပဲဖြစ်ဖြစ် အမှန်တရားနဲ့ တရားမျှတမှုကို လိုချင်ပါတယ်” ဟု ပြောသည်။

ဒေါ်ချိုချိုသက်က ယောကျ်ားအသတ်ခံရမှုနှင့် ပတ်သက်ပြီး ဖုန်းဆိုင်များအားလုံးကို အကြောင်းကြားထားပြီး ပျောက်ဆုံးနေသည့် ဆမ်မဆောင်းဖုန်း Lock ဖြေရန် လာရောက်ပါက အသိပေးရန် အကူအညီတောင်းထားရာကနေ ဇူလိုင်လ ၃၁ ရက်နေ့ ညနေတွင် ဦးစံသိန်းအောင်၏ ဖုန်းအား Lock ဖြေရန် ရောက်ရှိလာရာမှ တရားခံအား ရဲစခန်းနှင့် ပူးပေါင်းပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေါ်ချိုချိုသက်က ဆိုသည်။

Western News မှ တောင်ကုတ်မြို့ရဲစခန်းမှူးအား မေးမြန်းရာမှာ တရားခံတစ်ဦး ဖမ်းမိထားကြောင်း အတည်ပြုပြောသည်။

“ဟုတ်ကဲ့ပါခင်ဗျာ။ တရားခံတစ်ဦးကို ဖမ်းမိထားပါတယ်။ ဒါပေမယ့် ဒီနေ့ VIP လမ်းကြောင်းရှိလို့ နောက်မှ အသေးစိတ်ပြောပါမယ်” ဟု ပြောပြီး ဖုန်းချသွားသည်။

ဦးစံသိန်းအောင်၏ မိသားစုဝင်များထင်နေသလို ဖမ်းမိထားသော တရားခံမှာ စစ်ကောင်စီတပ်သား ဟုတ်မဟုတ်ကိုတော့ တောင်ကုတ်မြို့စခန်းမှူးက အတည်မပြုပေးသွားပေ။

ဦးစံအောင်သိန်း အသတ်ခံရသည့် အခင်းဖြစ်နေရာတွင် ဦးစံသိန်းအောင်၏ ဖိနပ်မဟုတ်သော ဖိနပ်နှစ်ရံကိုတွေ့ရှိရပြီး လူသတ်တရားခံ နှစ်ဦးဖြစ်နိုင်ကြောင်းလည်း သုံးသပ်ကြသည်။

ဦးစံသိန်းအောင်သည် ရိုးရိုးသားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်နေသူဖြစ်ပြီး အခြားသူများနှင့် ရန်ငြိုးရန်စများမရှိသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့များနှင့် အဆက်အစပ်မရှိကြောင်း ဇနီးဖြစ်သူ ဒေါ်ချိုချိုသက်က ပြောသည်။

ဦးစံသိန်းအောင်အား သတ်သွားသည့် တရားခံများကို တောင်ကုတ်မြို့ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ နှင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

တောင်ကုတ်မြို့ပေါ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းက မြို့တော်ခန်းမဘေးက ရွှေပွင့်အိမ်ရွှေဆိုင် သေနတ်အတုဖြင့် လုယက်ခံရမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ရွှေလုယက်မှုမှာ တရားတစ်ဦးအား ဖမ်းမိထားပြီး ကျန်တစ်ဦးမှာ လွတ်မြောက်နေသေးကြောင်းနှင့် တရားခံအား ဖမ်းဆီးရမိရေးအတွက် တောင်ကုတ်ရဲစခန်းမှ ကွင်းဆက်များအားလုံးကို ချိတ်ထားပြီး စုံစမ်းနေကြောင်း တောင်ကုတ်မြို့မရဲစခန်းမှူးက ဆိုသည်။

တောင်ကုတ်မြို့နယ်အတွင်း ယခင်ကလည်း ခိုးမှု၊ လုယက်မှု၊ လူသတ်မှုများ ဖြစ်ပွားလေ့ရှိပြီး၊ ယခု ရက်ပိုင်းအတွင်းလည်း လုယက်မှု၊ လူသတ်မှုများ ဖြစ်ပွားလာခြင်းသည် ဆင်းရဲမွေး‌တေမှုကို အကြောင်းပြု၍ ကြံရာမရ ကြံရာကနေ ရာဇဝတ်မှုများ ကျူးလွန်နေကြခြင်းဖြစ်ကြောင်း စခန်းမှူးက သုံးသပ်ပြောဆိုထားသည်။

ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့ကလည်း မြောက်ဦးမြို့တွင် သေနတ်အတုဖြင့် လူငယ်တစ်ဦးက ရွှေဆိုင်တစ်ဆိုင်ကို ဓါးပြဝင်တိုက်ခဲ့ဖူးခဲ့ပြီး ယင်းဓါးမြတိုက်မှုကို မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများပြုလုပ်ပြီး CCTV မှတ်တမ်းမှတ်ရာများရှိသော်လည်း ယခုအချိန်အထိ တရားခံအား ဖမ်းမိသေးခြင်းမရှိသေးပေ။

မြန်မာစစ်တပ်က အာဏာသိမ်း‌ပြီးနောက်ပိုင်း ရခိုင်ပြည်အတွင်း မြို့နယ်အသီးသီးတွင် ခိုးမှု၊ လုယက်မှု၊ လူသတ်မှုများ နေ့စဉ်ရက်ဆက်ဖြစ်ပွားလေ့ရှိပြီး အဆိုပါမြို့နယ်များထဲမှ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်မြို့နယ်များတွင် လူသတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိနေသည်။

ရခိုင်တွင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့က လုပ်ဆောင်လျက်ရှိနေပြီး ခိုးမှုလုယက်မှုများမှာမူ ထိထိရောက်ကိုင်တွယ်မှု အားနည်လျက်ရှိပြီး ဖမ်းဆီးအရေးယူမှာလည်း နည်းပါးလာ၍ ယင်းကဲ့သို့ ကျူးလွန်လာသူ များပြားလာခြင်းဖြစ်သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/720353206770775

Leave a Reply

Your email address will not be published.