By Narinjara / 2023 August 8
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ မြို့မစျေးကြီးအပါအဝင် အနိမ့်ပိုင်းရပ်ကွက် တချို့တွင် ယနေ့ ဩဂုတ်လ ၈ ရက်၊ မနက်ပိုင်းတွင် တောင်ကျချောင်း ရေဝင်ရောက်ကာ ရေနစ်မြုပ်နေကြောင်း သတင်းရရှိသည်။
ယမန်နေ့ ဩဂုတ်လ ၇ ရက်ညပိုင်းကပင် လက်ရှိအချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းနေ၍ အဆိုပါမြို့မစျေးကြီးနှင့် အနိမ့်ပိုင်းရပ်ကွက်တချို့ကို တောင်ကျချောင်းရေဝင်ရောက်ကာ ရေကြီးရေလျှံ ဖြစ်နေကြောင်း မြို့ခံများက ပြောသည်။
လက်ရှိတောင်ကုတ်မြို့မစျေးကြီးအတွင်း ရေအနည်းဆုံး ၃ ပေခန့်ဝင်ရောက်နေပြီး စျေးဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်ပစ္စည်းများအား ရေလွတ်ရာသို့ ရွှေ့ပြောင်း သိမ်းဆည်း ထားရကြောင်း တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။
တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်ရှိအနိမ့်ပိုင်းလမ်းများ၊ ချောင်းကောက်ရပ်ကွက်ရှိ အနိမ့်ပိုင်းနေရာများ၊ အင်းခုံတောင်ရပ်ကွက်တို့တွင်လည်း ချောင်းရေ ဝင်ရောက်နစ်မြုပ်နေကြောင်း မြို့ခံများက ပြောသည်။
တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်၊ ဆေးရုံကွက်သစ်ရပ်ကွက်များမှာ တချို့လမ်းများတွင် ရေ အနည်းဆုံး ၂ ပေကျော်ထိတက်နေကြောင်း အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်ဇူလိုင်လ ၃၁ ရက်ကလည်း မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်၊ ဆေးရုံကွက်သစ်မှ မြေနိမ့်ပိုင်းတချို့နှင့် အင်းခုံတောင်ရပ်ကွက်တို့တွင် တောင်ကျ ချောင်းရေဝင်ရောက်နစ်မြုပ်ခဲ့သည်။ (NN-23)
https://www.facebook.com/narinjara.info/posts/684044547096011