တောင်ကုတ်ချောင်းရေ မြင့်တက်လာ၍ အနိမ့်ပိုင်းရပ်ကွက်များ စတင်ဝင်ရောက်

By Western News / 2023 August     8

ရခိုင်ပြည် တောင်ကုတ်မြို့တွင် မြို့ကိုဖြတ်၍စီးဆင်းနေသော ချောင်းရေမှာ ရေစီးကြမ်းပြီး ရေမြင့်တက်လာ၍ မြေနိမ့်ပိုင်းရပ်ကွက်အချို့နှင့် မြို့မဈေး အသားတန်း၊ ဟင်းသီးဟင်းရွက်တန်းမှာ ရေစတင်ဝင်ရောက်လာပြီဟု ဒေသခံများပြောပြချက်အရ သိရသည်။

မြို့တွင်းကားလမ်းများသို့ ရေမရောက်ရှိသေးသော်လည်း ယနေ့ ညနေတွင် ယခုထက် ရေမြင့်တက်လာပါက မြေနိမ့်ရပ်ကွက်များအားလုံး နစ်မြှုပ်နိုင်ခြေရှိကြောင်း တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။

“ တောင်ကုတ်မှာ မြေနိမ့်ရပ်ကွက်တွေရှိတယ်။ ညနေဘက် အခုလို ရေတက်လာရင်တော့ အကုန်လုံး ဒုက္ခရောက်ကြမယ်။ ဂူတာရပ်ကွက်၊ ဆေးရုံကွက်သစ် ရပ်ကွက်တွေဟာ အနိမ့်ပိုင်းတွေဖြစ်တယ်။ အခု ရေက မြို့ထဲပိုင်း ကားလမ်းမကြီးတွေထိတော့ မရောက်သေး။ မြို့မဈေးဆိုရင် ရေဝင်နေပြီ။ အသားတန်း၊ ဟင်းသီးဟင်းရွက်တန်းတွေက ချောင်းကမ်းနားနဲ့ နီးလို့ ရေဝင်နေပြီ။ ” ဟု ပြောသည်။

တောင်ကုတ်ချောင်းရေ စီးဆင်းမှုမှာ ပုံမှန်ရေစီးနေခြင်းမဟုတ်ဘဲ အချို့နေရာများတွင် စက်ဝိုင်းကဲ့သို့ ရေပတ်များတွေ့ရပြီး မိုးသည်းထန်းစွာရွာသွန်းမှုနှင့်အတူ ချောင်းရေ ယခုထက် ပိုမိုမြင့်တက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

တောင်ကုတ်မြို့၏ လက်ရှိ ချောင်းရေ စီးဆင်းမှုနှင့် ရေမြင့်တက်လာသည့်အခြေအနေကို ဒေသခံတစ်ဦးပေးပို့ထားသည့် ဗီဒီယိုဖိုင်အား ဖော်ပြပေးလိုက်ပါသည်။

ရခိုင်ပြည် မြောက်ပိုင်းရှိ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းကာ ချောင်းရေမြစ်ရေများမှာ စိုးရိမ်ရေမှတ်အထိ ရောက်ရှိတော့မည်ဖြစ်၍ ကျေးရွာပေါင်း ၁၀၀ ကျော်မှာ ရေကြီးမှုဒဏ်ကို ခံနေရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်းနှင့် စာသင်ကျောင်းများ ပိတ်ထားရသည်ဟု သိရသည်။

https://www.facebook.com/watch/?v=2022452854756619

Leave a Reply

Your email address will not be published.