By DMG / 2023 August 14
ရခိုင်ပြည်၊ မောင်တော (၃) မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တရားမဝင် အကောက်အခွန်မဲ့ စီးကရက်ဖာများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးနှင့်အတူ အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၁၃ ရက်နေ့က မောင်တော – အငူမော် ကားလမ်းအတိုင်း မောင်တောမြို့ဘက်သို့ မောင်းနှင်လာသည့် (၆) ဘီးမော်တော်ယာဉ်ကို စစ်ဆေးရာ ကျပ်သိန်း ၆၅၀ တန်ဖိုးရှိ တရုတ်နိုင်ငံထုတ် ORIS တံဆိပ်ပါ တရားမဝင် စီးကရက်ဖာ ၁၀၀ ကို ဖမ်းဆီးရမိခြင်းဟု ပြည်နယ်စစ်ကောင်စီ၏ “ရခိုင်နေ့စဉ်” လူမှုကွန်ယက်တွင် ထုတ်ပြန်သည်။
ဖမ်းဆီးခံရသူနှစ်ဦးမှာ စစ်တွေမြို့၊ အုန်းတစ်ပင်ရပ်ကွက်မှ အသက် ၃၄ နှစ်အရွယ် ဦးသန်းဝင်းနှင့် စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်မှ အသက် ၃၈ နှစ်အရွယ် ဦးထွန်းထွန်းတို့ဖြစ်ကြောင်း သိရသည်။
မောင်တော- အငူမော် ကားလမ်းတွင်ပြေးဆွဲသည့် ကားသမားတစ်ဦးက “ကားတစ်စီးကို ဖမ်းထားတာတော့ တွေ့တယ်။ ကားကတော့ အခုထိ ရဲစခန်းရှေ့မှာ ရှိနေသေးတယ်။ ဘာကြောင့်ဖမ်းလဲဆိုတာကိုတော့ မသိဘူး” ဟု ပြောသည်။
ORIS တံဆိပ်ပါ တရားမဝင် အကောက်ခွန်မဲ့ စီးကရက်ပိုင်ရှင်မှာ မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်မှ ဦးအေကာရာမ် (ခ)အေကေ ဖြစ်ပြီး ၎င်းအားဖမ်းဆီးရန် စစ်ကောင်စီတပ်ဖွဲ့က နေအိမ်သို့ သွားရောက်ရှာဖွေရာ ထွက်ပြေးတိမ်းရှောင်သွားသည် သိရသည်။
“နယ်ခြားစောင့်ရဲတွေ အိမ်ကိုလာတာကို တွေ့ရတယ်။ ပိုင်ရှင်ကိုရှာလို့ မတွေ့ခဲ့ဘူးလို့ အိမ်နီးနားက လူတွေပြောတယ်။ သူတို့ မှာထားတာလည်း သူတို့ဆိုင်မှာ ရောင်းဖို့အတွက် ဖြစ်တယ်လို့ ပြောကြတယ်။ သူတို့က အရင်ကလည်း ရောင်းနေကျဖြစ်တယ်လို့ သိရတယ်” မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်ဒေသခံ မွတ်ဆလင် အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် ဖမ်းဆီးရမိထားသူနှစ်ဦးနှင့် ထွက်ပြေးတိမ်းရှောင်သွားသူတစ်ဦးတို့ကို မောင်တောမြို့မရဲစခန်းတွင် ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ- ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ပြည်နယ်စစ်ကောင်စီ၏ “ရခိုင်နေ့စဉ်” လူမှုကွန်ယက်က ထုတ်ပြန်ထားသည်။
https://www.facebook.com/dmgnewsagency/posts/681356470704619