ဆင်းရဲဒဏ်ကို မခံနိုင်၍ မင်းပြား နားပဲ့ချောင်းရွာသားတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချအဆုံးစီရင်သွားဟုဆို

By Narinjara / 2023 August     17

မင်းပြားမြို့နယ်၊ နားပဲ့ချောင်းကျေးရွာမှ ရွာသားတစ်ဦးမှာ မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီရင်သွားကြောင်၊ ဆင်းရဲဒဏ်ကို မခံနိုင်၍ သေကြောင်းကြံသွားပုံရကြောင်း ကျေးရွာသားများက ပြောသည်။

မိမိကိုယ်ကိုအဆုံးစီရင်သွားသူမှာ နားပဲ့ချောင်းကျေးရွာမှ အသက် ၃ဝ ကျော်အရွယ် ကိုအောင်ကြာထွန်းဖြစ်ပြီး ၎င်းသည် ရွာရှိလယ်သမားများထံ လယ်အငှားထွန်သည့်အလုပ်၊ ငါးရှာဖားရှာအလုပ်၊ ကွမ်းသီးခင်းများတွင် နေ့စားကွမ်းသီးခူးသည့် အလုပ်များဖြင့် အသက်မွေးဝမ်းကျောင်းနေသူ ဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။

“တခြားပြဿနာကြီးကြီးမားမားတော့ ဘာမှမကြားမိပါဘူး။ မိသားစုစားဝတ်နေရေးပြသနာ လောက်ပဲရှိတယ်။ ဆင်းရဲဒဏ်ကို မခံနိုင်တော့ ခုလို သေကြောင်းကြံသွားပုံရပါတယ်။ သူက ငါးရှာတယ်။ အငှားလုပ်တယ်။ နေ့စားလည်း လုပ်တယ်။ တစ်မိသားစုလုံးက သူ့ကိုမှီခိုနေကြတာပါ။ သူတို့က တရက်လုပ်မှ တရက်စားရတဲ့အခြေအနေပါ ” ဟု ဆက်ပြောသည်။

၄င်းသည် ကျေးရွာအနီးချောင်းကမ်းပါးတွင်ရှိသည့် လမုပင်တွင် ကြိုးဆွဲချပြီး သေဆုံးနေသည်ကို ယနေ့ ဩဂုတ်လ ၁၇ ရက်၊ မနက်အစောကြီးက ချောင်းသို့ ငါးရှာရန်လာသည့်ကျေးရွာသားတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရွာသားများက ပြောသည်။

နားပဲ့ချောင်းကျေးရွာသားတစ်ဦးက “ချောင်းကမ်းနားက လမုပင်မှာ ကြိုးဆွဲချပြီးသေသွားတာပါ။ မနက်အစောကြီးက ရွာကငါးရှာသွားတဲ့ အဘိုးကြီးတစ်ယောက်က အလောင်းကိုတွေ့တာ” ဟု ပြောသည်။

သေဆုံးသူ ကိုအောင်ကြာထွန်းတွင် ဇနီးနှင့် လေးနှစ်အရွယ်သမီးကလေး တစ်ဦးရှိပြီး နားပဲ့ချောင်းကျေးရွာစပ်တွင် တဲအိမ်ကုတ်ကလေး တည်ဆောက် နေထိုင်ကြကြောင်း သူက ပြောသည်။

သေဆုံးသူ၏ အလောင်းအား ယနေ့ညနေပိုင်းတွင် ကျေးရွာသုသာန်၌ သင်္ဂြိုလ်သွားမည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်းအဆမတန်ကြီးမားပြီး အလုပ်အကိုင်ရှားပါးလွန်းခြင်း၊ တစ်နေ့ ဝင်ငွေနှင့်ထွက်ငွေမမျှတ၍ ငတ်ပြတ်လုမတတ်အခြေအနေကို ရင်ဆိုင်နေရသည့် အခြေခံလူတန်းစား ပြည်သူများ တစ်နေ့ထက် တစ်နေ့ များပြားလာသည်ဟု လူမှုကူညီရေး အဖွဲ့အစည်းများက ပြောသည်။ (NN-23)

https://www.facebook.com/narinjara.info/posts/689180293249103

Leave a Reply

Your email address will not be published.