By DMG / 2023 August 31
မြန်မာနိုင်ငံအတွင်း ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် စားသုံးနိုင်ရေးအတွက် စားအုန်းဆီဈေးနှုန်းများကို ယခုရက်ပိုင်းအတွင်း သိသိသာသာကျဆင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောကြားလိုက်သည်။
လုပ်ငန်းရှင်များက ဖြန့်ဖြူးရောင်းချရာတွင်လည်း ဈေးနှုန်းမြင့်တင်ခြင်းများ မရှိစေရန် ကြပ်မတ်သွားမည်ဟု ဩဂုတ်လ ၃၀ ရက်နေ့က ပြုလုပ်သည့် ပြည်တွင်းစားသုံးဆီဈေးနှုန်းကျဆင်းရေး ညှိနှိုင်းအစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။
“လုပ်ငန်းရှင်တွေအနေနဲ့ မိမိအကျိုးအမြတ်ရရှိမှု တစ်ခုတည်းကိုသာဦးမတည်ဘဲ စားသုံးသူတွေ သက်သာချောင်ချိစွာ စားသုံးနိုင်ရေးအတွက် ဦးစားပေးစဉ်းစားဖို့ လိုအပ်တယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။
ပြည်တွင်းစားသုံးဆီဈေး တည်ငြိမ်အောင် ပြည်ပမှဝယ်ယူတင်သွင်းရာတွင် နိုင်ငံခြားငွေ၏ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ် ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့်လည်းကောင်း၊ ကျန် ၅၀ ရာခိုင်နှုန်းကို ပြင်ပဈေးထက်သက်သာသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းဖြင့်လည်းကောင်း ပံ့ပို့ပေးထားကြောင်း စစ်ကောင်စီက ဆိုသည်။
လက်ရှိတွင် ဈေးကွက်အတွင်း စားအုန်းဆီဈေးနှုန်းများမှာ ဖြစ်သင့်သည့်ဈေးနှုန်းထက် မြင့်တက်နေကြောင်း ပြည်သူများက ပြောကြသည်။ ရခိုင်ပြည်ဈေးကွက်တွင် စားအုန်းဆီ တစ်လီတာကို ငွေကျပ် ၆,၀၀၀ ကျော်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ်ကို ငွေကျပ် ၁၁၅,၀၀၀ ကျော်နှင့် ကြက်သွန်နီ တစ်ပိဿာကို ငွေကျပ် ၄,၀၀၀ နီးပါးထိ မြင့်တက်လျက်ရှိသည်။
စားအုန်းဆီဈေးနှုန်းလျော့ကျရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ လမ်းညွှန်ချက်နှင့်အညီ ကြိုးပမ်းလုပ်ဆောင်နေကြောင်း ရခိုင်ပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း က ပြောသည်။
“လောလောဆယ်တော့ ရနိုင်တဲ့ပမာဏတွေနဲ့ စပြီးတော့ လုပ်ဆောင်ပေးနေတာတွေ ရှိပါတယ်။ အဲဒါက ကားတွေနဲ့ရောင်းချရေးအနေနဲ့ မြို့နယ် ၁၅ ခုမှာ လွှမ်းခြုံရောင်းနေတယ်။ ကျန်တဲ့အစီအစဉ်တွေနဲ့ ပတ်သက်လို့ အစည်းအဝေးလုပ်နေကြတဲ့အတွက် အသေးစိပ်ကိုတော့ နောက်မှပဲပြောပြနိုင်မယ်” ဟု အသင်း ဥက္ကဌ ဦးစောမြင့်သန်းက ပြောသည်။
စစ်ကောင်စီ စီးပွားရေးဝန်ကြီးက လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့်ရောင်းချကြရန် ပြီးခဲ့သည့် ဇူလိုင်လမှစ၍ သတိပေးထားပြီးဖြစ်ကြောင်းနှင့် ယခုအစည်းအဝေး ညှိနှိုင်းမှုများကိုလည်း လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အာဏာသိမ်းမှုကြောင့် ပုံမှန်ထက်မြင့်တက်နေသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းမှာ ကျပ်နှစ်သောင်းတန် ဂယက်နောက်ပိုင်း ၃ ဆအထိမြင့်တက်သွားသဖြင့် ပြည်သူများမှာ နေ့စဉ်လူမှုဘဝရပ်တည်ရေးတွင် အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေကြရသည်။
“ကုန်ဈေးနှုန်းတက်တော့ ရောင်းတဲ့လူတွေရော၊ ဝယ်တဲ့လူတွေရော အကုန်ဒုက္ခရောက်တယ်။ အလုပ်အကိုင်လည်းရှားပါးတော့ ပိုဆိုးတယ်။ စားသောက်ကုန်တွေမှန်သမျှကို အကုန်ဈေးချပေးစေချင်တယ်” ဟု စစ်တွေမြို့နယ်၊ ကျေးတောရွာမှ ဒေါ်ဦးစောခင်က ပြောသည်။
#I008 #DMG
https://www.facebook.com/dmgnewsagency/posts/690039389836327