စစ်တွေ အိမ်ဖြူတော်ကေတီဗွီမှ ပိုင်ရှင်ပါ ၄၉ ဦးကို ဗီဒီယိုဥပဒေဖြင့် တရားစွဲဆိုရန်ပြင်ဆင်

By Western News / 2023 August     5

ဇူလိုင် ၃၀ ရက်နေ့ ညက ဖမ်းဆီးခဲ့သည့် စစ်တွေမြို့မှ အိမ်ဖြူတော်ကေတီဗွီပိုင်ရှင် ကိုပြည့်ဖြိုးအောင်ပါ ဝန်ထမ်း ၄၉ ဦးကို ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ပုဒ်မ ၃၂ ဖြင့် တရားစွဲဆိုနိုင်ရန် စစ်တွေမြို့နယ်တရားရုံးမှာ ရဲတပ်ဖွဲ့က ရမန်ယူထားကြောင်း သိရသည်။

စစ်တွေမြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်များမှာ သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ငြင်းဆိုနေကြသည့်အတွက် Western News အနေဖြင့် စစ်တွေမြို့မရဲစခန်းနှင့်နီးစပ်သူများ၊ တရားရုံးနှင့်နီးစပ်သူများထံမှ မေးမြန်းအတည်ပြုထားခြင်းဖြစ်သည်။

တရားရုံးနှင့်နီးစပ်သူတစ်ဦးက “Whitehouse KTV ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ပြည့်ဖြိုးအောင်ပါ ၄၉ ဦးကို မြို့မရဲစခန်းက မြို့နယ်တရားရုံးမှာ ဗီဒီယိုဥပဒေ ပုဒ်မ ၃၂ နဲ့ တရားစွဲဆိုဖို့ ရမန်ယူထားပါတယ်။ အမျိုးသား ၂၉ နဲ့ အမျိုးသမီး ၂၀ ဦးပါပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်နေ့ အင်္ဂါနေ့က ရမန်ယူထားတာပါ ”  ဟု ပြောသည်။

အိမ်ဖြူတော်ကေတီဗွီ ဝင်ရောက်စီးနင်း ဖမ်းဆီးခံရသည်ကို အတည်ပြုကြောင်း ပိုင်ရှင်မိသားစုဝင်များမှ Western News ကို အတည်ပြု ပြောဆိုထားသည်။

ဇူလိုင်လ ၃၀ ရက်နေ့ ည ၁၂ နာရီခွဲအချိန်တွင် ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် အုပ်ချုပ်ရေးအဖွဲ့တို့မှ အိမ်ဖြူတော်ကေတီဗွီကို ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဧည့်သည်များ၊ အမျိုးသမီးများ အပါအဝင် ဝန်ထမ်း ၆၀ ဦးကို စစ်တွေမြို့မရဲစခန်း၌ ထိန်းသိမ်းထားခဲ့သည်။

ဧည့်သည်များထဲတွင် အစိုးရဝန်ထမ်းများလည်း ပါဝင်ပြီး ၎င်းတို့ကို ရဲစခန်းရောက်ရှိချိန် ချက်ချင်းပြန်လွှတ်ပေးခဲ့ကြောင်းနှင့် အစိုးရဝန်ထမ်းမဟုတ်သည့် ကျန်ဧည့်သည်များကို ရဲစခန်း၌ တစ်ညထိန်းသိမ်းပြီးမှ ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ဆက်လက်ကျန်ရှိနေသည့် ဆိုင်ဝန်ထမ်းများနှင့် ကေတီဗွီပိုင်ရှင်ကို တရားစွဲဆိုနိုင်ရန်အတွက် စစ်တွေမြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

အိမ်ဖြူတော်ကေတီဗွီပိုင်ရှင် ကိုပြည့်ဖြိုးအောင်ဆိုသူမှာ ဦးသိန်းရွှေ၏ သားဖြစ်ကြောင်း သိရသည်။ ဖခင်ဖြစ်သူ ဦးသိန်းရွှေမှာ ၎င်းနာမည်နှင့် အိမ်ဖြူတော်ကို ဖွင့်လှစ်ခဲ့သော်လည်း ဆိုင်အတွင်း ခိုက်ရန်ဖြစ်ပွားမှုတစ်ခုကြောင့် ULA/AA ၏ ထိန်းသိမ်းခြင်းကို ခံခဲ့ရပြီးနောက် သားဖြစ်သူအမည်ဖြင့် ပြောင်းလဲဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု သိရသည်။

စုံစမ်းချက်များနှင့် အတွင်းသတင်းများအရ အိမ်ဖြူတော်ကေတီဗွီမှာ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းဝယ်မှု ရှိသည်ဟု Western News မှ သတင်းဖော်ပြခဲ့ပြီး အဆိုပါသတင်းမှာ မဟုတ်မမှန်ကြောင်းနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု မရှိကြောင်း Western News ကို ပြန်လည်ငြင်းဆိုထားသည်။

အိမ်ဖြူတော်ကေတီဗွီပိုင်ရှင် ပြည့်ဖြိုးအောင်ဖခင်ဖြစ်သူ ဦးသိန်းရွှေက “ဘယ်ကသတင်းရလို့ ဖော်ပြတာလဲ။ သတင်းက အမှားပါ။ မူးယစ်ဆေးဝါးရောင်းနေရင် ကေတီဗွီဖွင့်စားမလား။ ဆိုင်မှာ မူးယစ်ဆေးဝါးရောင်းဝယ်တယ် ဆိုတာ မဟုတ်ပါဘူး ” ဟု ပြောသည်။

ဆင်ဆာလက်မှတ်ပါဝင်ခြင်းမရှိသည့် ဗီဒီယိုတိပ်ခွေ၊ လေဆာဓားပြားများကို ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် ပြသခြင်း ဆောင်ရွက်ပါက ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေ ပုဒ်မ ၃၂ အရ ထောင်ဒဏ်အနည်းဆုံး ၆ လမှ ၃ နှစ်အပြင် ကျပ်ငွေ ၁၀ သိန်းထက်မပိုသော ငွေဒဏ်ချမှတ်နိုင်သည့်အပြင် ပြစ်မှုနှင့်တိုက်ရိုက် သက်ဆိုင်သည့် ပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်မည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ်က ပြင်ဆင်ခဲ့သည့် ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေတွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ ထောက်လှမ်းရေးအဖွဲ့တစ်ခုကို Western News မှ စုံစမ်းရာ အိမ်ဖြူတော် KTV သည် မြို့နယ်အဆင့် တာဝန်အရှိဆုံး အကြီးအကဲများဖြင့် ဖွင့်လှစ်ထားခြင်းမဟုတ်ဘဲ ပြည်နယ်အဆင့် ဝန်ကြီးများ၊ တိုင်းမှူးအဆင့် စစ်တပ်မှ အကြီးအကဲများနှင့် ပြည်နယ်ရဲမှူးကြီး အဆင့်တို့ဖြင့် ညှိနှိုင်းဆောင်ရွက် ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု သိရသည်။

သို့သော်လည်း မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်း စားသောက်ဆိုင်များ၊ KTV များ၊ ဘားများ၊ နိုက်ကလပ်များနှင့် အနှိပ်ခန်းများကို ဥပဒေနှင့်ညီမညီ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ညွှန်ကြားချက်ပြီးနောက် ပြည်နယ်အဆင့် တာဝန်ရှိသူများက စစ်ဆေးမှုပြုလုပ်လာခြင်းဖြစ်သည်။

ထိုညွှန်ကြားချက်ထွက်ပြီးနောက် မန္တလေး၊ ကချင်ပြည်၊ ရန်ကုန်မြို့၊ မြဝတီနှင့် မော်လမြိုင် စသည့်မြို့များတွင် စစ်ဆေးမှုများပြုလုပ်ပြီး စည်းကမ်းသတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် KTV များကို ဖမ်းဆီးအရေးယူခြင်းပြုလုပ်ကာ ယခု ရခိုင်ပြည်အတွင်း KTV များကိုလည်း ပြုလုပ်လာခြင်းဖြစ်သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/720053416800754

Leave a Reply

Your email address will not be published.