By Narinjara / 2023 August 23

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ယာဉ်ထိန်းရဲများသည် မြို့ထဲသွားလာနေသည့်မွတ်ဆလင်များထံမှ ငွေညှစ်တောင်းယူမှုများရှိနေသည်ဟု သတင်းရရှိသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်၊ နေ့လယ် ၂ နာရီကျော်က စစ်တွေမြို့၊ မီးစက်ကြီးလမ်းဆုံတွင် တာဝန်ကျနေသည့် ယာဉ်ထိန်းရဲ ၃ ဦးသည် ဆိုင်ကယ်ဖြင့်သွားလာခဲ့သည့် မွတ်ဆလင် ၇ ဦးထံမှ ငွေညှစ်တောင်းယူမှုများရှိခဲ့သည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ မွတ်ဆလင်များက နိရဉ္စရာသို့ ပြောသည်။
ယင်းနေ့က ငွေညှစ်တောင်းခံ၍ ပေးဆောင်ခဲ့ရသည့် မွတ်ဆလင်များမှာ စစ်တွေတက္ကသိုလ်တွင် တက်ရောက် ပညာသင်ယူနေသည့် ဘူးသီးတောင်နှင့် မောင်တောမှ မွတ်ဆလင်ကျောင်းသား ၂ ဦး၊ စစ်တွေမြို့နယ်၊ ခေါင်းဒုက္ခာဒုက္ခသည်စခန်းနှင့် ဆေးသမားဒုက္ခသည်စခန်းတို့မှ ၂ ဦး၊ သက်ကယ်ပြင် ဒုက္ခသည်စခန်းမှ ၁ ဦး၊ စစ်တွေမြို့၊ ဘုမေကျေးရွာ အကွက်(၁၆)မှ အသက်(၆၇)နှစ် အရွယ်အမျိုးသား ၁ ဦးနှင့် စစ်တွေမြို့နယ်၊ ခုတင်ပိုက်ကျေးရွာမှ လူငယ်တစ်ဦးတို့ဖြစ်သည်ဟု သိရသည်။
ကိုယ်တွေ့ကြုံခဲ့ရသည့် မွတ်ဆလင်တစ်ဦးက “အဲဒီနေ့က ဆိုင်ကယ်သော့နဲ့ ဖုန်းတွေကိုပါ သိမ်းယူသွားတယ်။ ဆိုင်ကယ်လိုင်စင်နဲ့ ယာဉ်မောင်းလိုင်စင်ရှိလားမေးတယ်။ မောင်းလိုင်စင် မရှိလို့ဆိုပြီး ကျွန်တော့်ဆီက ငွေ ၁ သိန်းခွဲတောင်းလို့ပေးခဲ့ရပါတယ်။ တရားရုံးလည်း သွားဖို့မရ၊ အရေးကြီးနေတာနဲ့ ပေးခဲ့ရပါတယ်” ဟု ပြောသည်။
ယင်းအပြင် စစ်တွေတက္ကသိုလ်မှ ကျောင်းဆင်း၍ပြန်လာသည့် မွတ်ဆလင်ကျောင်းသား ၂ ဦး ထံမှလည်း လိုင်စင်မရှိ၍ဟုဆိုကာ တစ်ဦးလျှင် ကျပ် ၇ သောင်းစီ တောင်းယူခဲ့သည့်အတွက် ပေးဆောင်ခဲ့ရသည်ဟု ဆိုသည်။
အလားတူ ခေါင်းဒုက္ခာ ဒုက္ခသည်စခန်းနှင့် ဆေးသမားဒုက္ခသည်စခန်းမှ ကျန်မွတ်ဆလင်များထံမှလည်း ရခိုင်စကားမပြောတတ်၍ဟုဆိုကာ တစ်ဦးလျှင် ငွေကျပ် ၃ သိန်းခွဲခန့်စီတောင်းယူခဲ့သည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူက ဆက်ပြောသည်။
“အဲ့ဒီကျောင်းသား ၂ ဦးကလည်း ကျောင်းဆင်းလာတာ။ သူတို့မှာ ပိုက်ဆံမပါလို့ ဘုမေရွာက ငွေသွားချေးပြီး တစ်ယောက် ပိုက်ဆံ ၇ သောင်းစီပေးမှ လွှတ်ပေးလိုက်တယ်။ ဖမ်းတယ်ဆိုရင် ဒဏ်ကြေးက ၃ သောင်းပဲရှိတာလေ။ ယာဉ်စည်းကမ်းဥပဒေအတိုင်း ထောင်ချလိုက်ရမလားလို့လည်း ကျွန်တော်တို့ကို ခြိမ်းခြောက်တယ်။ အဲ့ဒီနေ့က ဖမ်းတယ်ဆိုပြီး ကျွန်တော်တို့မွတ်ဆလင်တွေကိုပဲ သက်သက်ဖမ်းထားတာ”ဟု ပြောသည်။
မွတ်ဆလင်လူမျိုးများမှာ စစ်တွေမြို့ထဲသို့ ကိစ္စကြီး၊ ကိစ္စငယ်ဖြင့်သွားလာရလျှင် ဆိုင်ကယ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်များမရှိဟုဆိုကာ မကြာခဏဆိုသလို ဖမ်းဆီးခံရမှုများရှိသည်ဟု ဆိုကြသည်။
စစ်တွေရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးတွင် ဆိုင်ကယ်လိုင်စင်နှင့် မောင်းလိုင်စင်များသွားလုပ်လျှင်လည်း နိုင်ငံသားမဟုတ်ဟုဆိုကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်မပေးသည့်အတွက် ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်လိုင်စင်များပြုလုပ်၍ မရကြဟု မွတ်ဆလင်များက ပြောဆိုကြသည်။
ယာဉ်ထိန်းရဲများ၏ ငွေညှစ်တောင်းယူခြင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူက “ကျွန်တော်တို့မှာ အစိုးရကထုတ်မပေးရင် လိုင်စင်က ဘယ်ကရမလဲ။ ဒီလိုပဲ လိုင်စင်မရှိလို့ ယာဉ်ထိန်းရဲတွေရဲ့ ဖမ်းတယ်ဆိုပြီး ငွေညှစ်တာကို အမြဲခံနေရတော့မှာလား။ ဒါက သက်သက်မဲ့ ခွဲခြားဆက်ဆံ အနိုင်ကျင့်ခံရတာ” ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးထံ ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရသေးပါ။
ထိုသို့ငွေညှစ်တောင်းယူခြင်းမှာ မွတ်ဆလင်များအပေါ် မတရားအနိုင်ကျင့်ရာရောက်သည့်အပြင် အစိုးရအနေဖြင့်လည်း မွတ်ဆလင်များအပေါ် မတရားဖိနှိပ် ခွဲခြားဆက်ဆံခံရခြင်းကို ဥပေက္ခာပြု လက်ပိုက်ကြည့်နေဆဲဖြစ်သည်ဟုလည်း ဝေဖန်ပြောဆိုနေကြသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေတက္ကသိုလ်မှ နောက်ဆုံးနှစ် တက်ရောက်နေသူတစ်ဦးက “ကျွန်တော့်အမြင်ကတော့ ဒီလိုမျိုးလုပ်တာက မကောင်းဘူးပေါ့နော်။ ဖမ်းရင်လည်း အကုန်လုံးကို ဖမ်းပေါ့။ ကျောင်းသားတွေ အကုန်ကျောင်းဆင်းလာတာကို မွတ်ဆလင် ကျောင်းသားကိုမှ ဖမ်းပြီး မတရားငွေတောင်းတာကတော့ အရုပ်ဆိုးအကျည်းတန်တယ်။ ဘယ်လိုပြောရမလဲ။ လူမျိုးရေး ခွဲခြားတယ်လို့ပြောရမလား။ ပြောချင်တာကတော့ တာဝန်အရ ယာဉ်စည်းကမ်းအတိုင်း ဦးထုပ်တွေ၊ လိုင်စင်တွေမပါလို့ ဖမ်းတယ်ဆိုရင် အကုန်လုံးကိုဖမ်းဖို့လိုတယ်။ မွတ်ဆလင်ကျောင်းသားလို့ ဖမ်းတယ်ဆိုတာကတော့ မဖြစ်သင့်ပါဘူး” ဟု ပြောသည်။
စစ်တွေရှိ မွတ်ဆလင်များသည် ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်ကဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် စစ်တွေမြို့ပြင်ရှိ မွတ်ဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ၁ဝ စုနှစ်တစ်ခုကျော်ကြာ လွတ်လပ်စွာ သွားလာခွင့် မရဘဲ နေထိုင်နေကြရသည်ဟု သိရသည်။
ယခုနောက်ပိုင်းတွင် လူမျိုးစုနှစ်ခုအကြား ဆက်ဆံရေးများ ကောင်းမွန် လာပြီးနောက် မြို့ပြင်ပမှ မွတ်ဆလင်များသည် မြို့တွင်းသို့ ဝင်ထွက် သွားလာခွင့်များ အနည်းငယ်ရရှိလာနေကြခြင်းဖြစ်ပြီး ယခု ယာဉ်ထိန်းရဲများ၏ လုပ်ရပ်ကြောင့်မြို့ထဲကို လွတ်လပ်စွာ မသွားရဲ မလာရဲ ဖြစ်နေကြသည်ဟု ပြောဆိုကြသည်။ (NN-12)
https://www.facebook.com/narinjara.info/posts/692154689618330