စစ်တွေတွင် ၈၄ နှစ်မြောက် အာရှနေဝန်း အာဇာနည် ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ်ပြိုင်ပွဲ ကျင်းပမည်

By Arakan Bay News / 2023 August      24

ရခိုင်ပြည် စစ်တွေမြို့တွင် ၈၄နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ်ပွဲအဖြစ် ပြိုင်ပွဲ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ထိုပွဲကို စစ်တွေမြို့ ဗုဒ္ဓကျေးဇူးပရဟိတကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဦးဥတ္တမသိရီမှဦးဆောင်ပြီး ၃ကြိမ်မြောက် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ထိုအခမ်းအနားပြိုင်ပွဲတွင်  စစ်တွေမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများမှ သြဂုတ်လ ၃၁ရက်နေ့မှစ၍ ပြိုင်ပွဲများကိုစတင် ဝင်ရောက်ပြိုင်ရမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲများမှာ ပန်းချီ၊ ကဗျာ၊ စာစီစာကုံး- စကားပြေ -ရေးဖြေ၊ စကားပြောစွမ်းရည်ပြိုင်ပွဲများပါဝင်မည်ဖြစ်ကြောင်းသိရသည်။

ပြိုင်ပွဲဝင်ရောက်ယှည်ပြိုင်မည့် သူများသည် ကျောင်းတစ်ကျောင်း၏ ကျောင်းသားအားလုံးထဲမှ ၃ဦးသာဝင်ပြိုင်ရမည်ဖြစ်ကြောင်း ဆရာတော် ဦးဥတ္တမသိရီကမိန့်သည်။

“ဟုတ်တယ် ၃ကြိမ်မြောက်ပြုလုပ်မှာပါ၊ ကျောင်းသား၊ ကျောင်းသူတွေ ဗဟုသုတလည်းဖြစ်အောင် ပိုပြီးတော့လည်း စွမ်းရည်မြင့်တက်အောင်ဆိုတဲ့စိတ်နဲ့ပြုလုပ်တာ၊ ကျောင်းကိုယ်စားပြု ၃ယောက်သတ်မှတ်ထားတယ်၊ ဒီသြဂုတ်လ ၃၁ရက်နေ့ကစပြီးလုပ်မှာ၊ ပြိုင်ပွဲက ၄မျိုး၊ ဆုကတော့ အရှင်ဦးဥတ္တမနေ့မှာ အထိမ်းအမှတ်ဖြစ်အောင် စတင်ဘာလ ၉ရက်နေ့မှာပေးသွားပါမယ်” ဟုဆရာတော်က မိန့်ကြားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း ကဗျာပြိုင်ပွဲများနှင့်အတူ   စည်းကားစွာပြုလုပ်ခဲ့သည်ဟုသိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကစ၍ စတင်ပြုလုပ်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင်  ကိုဗစ်ရောဂါကြောင့် Onlineမှတစ်ဆင့် ​ပြုလုပ်ခဲ့ရသည်ဟုသိရသည်။

ရခိုင်ပြည်အတွင်း၌ရှိနေရင် နှစ်တိုင်းပြုလုပ်သွားမှာဖြစ်ပြီး၊ ထိုပွဲသည် ဆရာတော်အရှင်ဦးဥတ္တမကိုဂုဏ်ပြုသည့်အနေနဲ့ အထိမ်းအမှတ်ပြုလုပ်ခြင်းဖြစ်ကြောင်း ဆရာတော်ဦးဥတ္တမသိရီမှမိန့်သည်။

“စာပေသမားတွေနဲ့ပူပေါင်းပြီးနှစ်တိုင်းပြုလုပ်ဖို့စဥ်စားထားပါတယ်၊ ဘာလို့လဲဆိုတော့ လူငယ်တွေအတွက်စိတ်ခွန်အားဖြစ်အောင် နောက်ပြီး ဆရာတော်အရှင်ဦးဥတ္တမနေ့အထိမ်းအမှတ်လည်းဖြစ်တယ်၊ ဂုဏ်ပြုအသိအမှတ်ပြုပါတယ်။ လူငယ်တွေအနေနဲ့ ပြန်ပြီးအောက်မေ့တမ်းတအောင်ဆိုတဲ့စိတ်နဲ့ပြုလုပ်တာဖြစ်ပါတယ်” ဟုမိန့်သည်။

အာဇာနည် ဆရာတော်အရှင်ဦးဥတ္တမနေ့ကို ရခိုင်ပြည်သာမက နိုင်ငံတကာရောက်ရခိုင်သူ၊ ရခိုင်သားများလည်း နှစ်တိုင်းပြုလုပ်လေ့ရှိကြသည်။

ဆရာတော်သည် မြန်မာတနိုင်ငံလုံး အင်္ဂလိပ်ကျွန်ဘဝသို့ ကျရောက်နေချိန် နယ်ချဲ့ဆန့်ကျင်ရေး တော်လှန်ရေးကိုစတင်ဦးဆောင်၍ လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်သည်။

ဆရာတော်၏အကြောင်းကို ဒုတိယကမ္ဘာစစ်အတွင်းကလည်း ဂျပန်နိုင်ငံတွင် ဂျပန်ဘာသာဖြင့်စာအုပ်ထုတ်ဝေရေးသားခဲ့ကြောင်းလေ့လာတွေ့ရှိရသည်။

အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ရှိ နာဂရီပရကျာရ်နီဆဘာအမည်ရှိသော စာပေအဖွဲ့အစည်းတစ်ခုက ထုတ်ဝေသည့် ဟိန္ဒူဘာသာ စွယ်စုံကျမ်းတွင် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင်ခေါင်းဆောင် ဆရာတော်ဦးဥတ္တမအကြောင်းကို တခမ်းတနားရေးသားဖော်ပြထားခဲ့သည်။

အရှင်ဦးဥတ္တမသည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် ညောင်တုန်းကျောင်းတွင်ပျံလွန်တော်မူခဲ့သည်ဟု သမိုင်းမှတ်တမ်းများရှိသည်

https://www.facebook.com/ArakanBayNewsMedia/posts/263371009882491

Leave a Reply

Your email address will not be published.