စစ်တွေတွင် ဟိန္ဒူလူမျိုးများ၏ ဆုတောင်းပွဲနှင့် လက်ချည်ပွဲ ၂ ရက်ကြာပြုလုပ်

By Narinjara / 2023 August     31

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်၊ ကုန်သည်လမ်းရှိ ဆရီ ဆရီ ဂိုက် ဂေါ်ဘာရီ ဟိန္ဒူဘုရားကျောင်းတွင် ဟိန္ဒူလူမျိုးများ၏ ဆုတောင်းပွဲနှင့် လက်ချည်ပွဲကို ၂ ရက်ကြာ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါပွဲကို မြန်မာနိုင်ငံလုံးဆိုင် ဟိန္ဒူသာသနာရေးဗဟိုအဖွဲ့ချုပ်က ကြီးမှုးကျင်းပကာ သြဂုတ်လ ၃ဝ ရက်၊ ညမှ ယနေ့ သြဂုတ်လ ၃၁ ရက်၊ နံနက်အထိ ပြုလုပ်နေခြင်းဖြစ်သည်။

အဆိုပါပွဲသို့ စစ်တွေအပါအဝင် အနယ်နယ်အရပ်ရပ်မှ ဟိန္ဒူလူမျိုး ၁ဝဝ ကျော် တက်ရောက်နေကြသည်ဟု သိရသည်။

မြန်မာနိုင်ငံလုံးဆိုင် ဟိန္ဒူသာသနာရေးဗဟိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှရွှေက “ပြုလုပ်ရတာအဓိက ရည်ရွယ်ချက်ကတော့ မိသားစုတွေ အိုးမကွာ နေနိုင်ရေးနဲ့ ဘေးဘယာကင်းဝေးရေး ပြည်နယ်အတွင်း ညီအကိုမောင်နှမသဖွယ် နေနိုင်ရေးအတွက် ဆုတောင်းပွဲနှင့် လက်ချည်ပွဲကို ကျင်းပရတာ” ဟု ပြောသည်။

ဆုတောင်းပွဲသို့တက်ရောက်လာသည့် ဟိန္ဒူလူမျိုးများက လိုရာဆုများကို တောင်းကြပြီး ဘာသာရေးဆရာက တက်ရောက်လာသူများကို လက်ချည်ပေးခြင်းတို့အား ပြုလုပ်ပေးသည်။

ယင်းအပြင် တက်ရောက်လာသူများကို ယနေ့တွင် သက်သက်လွတ်ထမင်းဖြင့် ဧည့်ခံကျွေးမွေး လျက်ရှိသည်ဟုလည်း သိရသည်။

အဆိုပါပွဲကို နှစ်စဉ် ဝါခေါင်လပြည့်နေ့တိုင်း ကျင်းပတတ်ပြီး ပြီးခဲ့သည့်နှစ်များက စစ်ဘေးနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/696475432519589

Leave a Reply

Your email address will not be published.