(အချို့ရပ်ကွက်များတွင် မီတာ လာရောက်မဖတ်ဘဲ ယခင်လက ဖတ်ထားသည့်နှုန်းထားအတိုင်း ပေးဆောင်နေရ)
By Western News / 2023 August 24

ရခိုင်ပြည် မြို့တော် စစ်တွေမြို့တွင် မီတာဘေလ်စာရွက်များ မီတာခပေးသွင်းရမည့် ရက်နှင့်ကပ်လျှက် သို့မဟုတ် တစ်ရက်အလိုမှ ရောက်ရှိလာ၍ သုံးသူစွဲသူဒေသခံများအနေဖြင့် မီတာခပေးဆောင်ရန် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရသည်။
သုံးစွဲသူဒေသခံများမှာ အလုပ်ကိုယ်စီရှိနေကြ၍ မီတာဘေလ်များ ရက်အလွန်နီးကပ်မှ ရောက်ရှိလာခြင်းကြောင့် မီတာခ အချိန်မီ မပေးသွင်းနိုင်ကြောင်းနှင့် ရက်လွန်ကြေး ဒဏ်ငွေများအရိုက်ခံရသည့် အခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း ကျောင်းကြီးလမ်းရပ်ကွက်ဒေသခံတစ်ဦးက ပြောသည်။
“မီတာရုံးက မီတာဘေလ် လာပေးတာဟာ မီတာခ ပေးရမယ့် ရက်နဲ့ အလွန်နီးကပ်တယ်။ ၁၉ ရက်နေ့ မီတာခ ပေးရမယ်ဆိုရင် ၁၈ ရက်နေ့ ညနေလောက်မှ ရောက်လာတယ်။ ကျနော်တို့မှာက အလုပ်ကိုယ်စီရှိကြတယ်လေ။ ၃၊ ၄ ရက်လောက်ကြိုပေးရင် ပိုကောင်းတာပေါ့။ အခုက ညနေမှရောက်လာတော့ ရုံးချိန်လွန်သွားရင်လည်း မီတာခ ဆောင်လို့ မရတော့ဘူး။ သတ်မှတ်ထားတဲ့ ရက်မှာလည်း အလုပ်ကလည်းများတယ်ဆိုရင် မပေးလိုက်ရရင် ဒဏ်ငွေရိုက်တာ၊ မီးဖြတ်ခံရတာတွေရှိတယ်။ အရမ်းအခက်အခဲဖြစ်တာပေါ့ ” ဟု ပြောသည်။
အချို့ရပ်ကွက်များတွင် မီတာခပေးဆောင်ရမည့် သတ်မှတ်ရက်တွင် ဘေလ်စာရွက်များရောက်ရှိလာပြီး မပေးပါက မီးဖြတ်မည့်စာရင်းတွင် ပါဝင်မည်ဟု မီတာစာရွက်လာပေးသည့် ဝန်ထမ်းများက ခြိမ်းခြောက်မှုများရှိသည်ဟု သိရသည်။
ရွာကြီးတောင်ရပ်ကွက်မှ ဒေသခံတစ်ဦးက “မီတာ စာရွက်လာပေးတယ်။ ပေးရမယ့်နေ့က စာရွက်လာပေးတဲ့ နေ့ဖြစ်နေတယ်။ ပြီးတော့ ပြောသေးတယ်။ မြန်မြန် သွားဆောင်လိုက်နော် မဟုတ်ရင် မီးဖြတ်မယ့်သူက အခုထွက်သွားပြီ။ မီးဖြတ်မယ့်စာရင်းမှာ ပါသွားမယ်။ အဲလိုပြောတာ။ ချက်ချင်းပဲ မီးသွားဆောင်လိုက်ရတယ်။ အလုပ်မရှိတဲ့ ရက်မို့လို့ အဆင်ပြေတာ။ အလုပ်ရှိတဲ့ရက် အလုပ်များနေတဲ့ရက်ဆိုရင် ဘယ်လိုလုပ်မလဲ။ ကြိုပြီးပေးသင့်တယ်လေနော် ” ဟု ပြောသည်။
မြောက်စံပြရပ်ကွက်တွင်လည်း နေအိမ်အချို့မှာ မီတာရုံးမှ မည်သူတစ်ဦးတစ်ယောက်မျှ မီတာ လာမဖတ်ဘဲ ယခင်လက ဖတ်ထားသည့် မီတာနှုန်းထားအတိုင်း မီတာခပေးဆောင်နေရသည်ဟု နေအိမ်ပိုင်ရှင်များက ပြောကြသည်။
နေအိမ်တစ်ခုက “မီတာရုံးက မီတာလဲ လာမဖတ်ဘူး။ လာလဲမကြည့်ဘူး။ မီတာယူနစ်တွေကို ခန့်မှန်းရေးပြီးတော့ မီတာခဆောင်ခိုင်းတယ်။ တချို့လတွေမှာဆို အရင်လက သုံးစွဲထားတဲ့ ယူနစ်အတိုင်းပဲ ဆောင်ခိုင်းတယ်။ တစ်လနဲ့တစ်လ နည်းလား၊ များလား မသိရဘူး။ ကျပ် ၁၅၀၀ ဖိုးပဲသုံးထားတယ်ဆိုရင် လတိုင်း ကျပ် ၁၅၀၀ ပဲ ပေးသွင်းမယ် ရနိုင်မလားဆိုတော့လည်း မဟုတ်ပြန်ဘူးတဲ့။ ယူနစ်တွေကို မှန်မှန်ကန်ကန် ဖြစ်စေချင်ပါတယ်။ ကျနော်တို့မှာက ယူနစ် နည်းတဲ့လရှိမယ်။ များတဲ့လရှိမယ်။ ယူနစ်များတဲ့လဆိုရင် လတိုင်း အဲဒီယူနစ်အတိုင်းပဲ ပေးသွားရမှာလား ” ဟု ပြောသည်။
မီတာရုံးမှ အလေးမထား၊ တာဝန်ပျက်ကွက်မှုများကြောင့် မီးသုံးစွဲမှု လုံးဝမရှိ သို့မဟုတ် အသုံးနည်းသည့် အိမ်များတွင် သုံးစွဲယူနစ်အလွန်များပြားကာ ငွေများများ ပေးနေရသလို မီးအသုံးပြုမှုများသည့် နေအိမ်များတွင် ယူနစ်အလွန်နည်းပြီး ငွေနည်းနည်းပဲ ပေးနေရသည့် နေအိမ်များလည်းရှိကြောင်း သိရသည်။
ထို့ကြောင့် မီတာရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန် ကျေပွန်စွာ လုပ်ရန်လိုအပ်သလို သုံးစွဲယူနစ်မှန်ကန်စွာဖြင့် သတ်မှတ်ထားသော နှုန်းထားအတိုင်း ပေးဆောင်နိုင်ရေးကို ဒေသခံများက လိုလားနေကြသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ စစ်တွေမြို့နယ်စစ်ဓါတ်အားဖြန့်ဖြူးရေးဌာနနှင့် မီတာခကောက်ခံသည့် ကောင်တာများမှ တာဝန်ရှိသူများအား ဆက်သွယ်သော်လည်း ဖြေကြားပေးမည့်သူမရှိခြင်းကြောင့် မီတာခကောက်ခံသည့် ကောင်တာမှ စာရေးများအား Western News မှ မေးမြန်းခဲ့သည်။
စာရေးများပြောဆိုချက်အရ ရုံးမှ တာဝန်ရှိသူများမှာ သေချာစွာမညွှန်ကြားခြင်း၊ မီတာဖတ် ဝန်ထမ်းများအား မစစ်ဆေးခြင်းနှင့် မီတာဖတ် တာဝန်ကျသည့် ဝန်ထမ်းများမှာလည်း အချောင်ခိုသည့်စိတ်ဓါတ်နှင့် ပျင်းရိမှုတို့ကြောင့် နေအိမ်များအား ကိုယ်တိုင်သွားရောက်မကြည့်ရှုဘဲ ယူနစ်များကို ခန့်မှန်းထည့်ရေးသည့်သူများရှိနေခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရသည်။
https://www.facebook.com/westernnewsagency/posts/732677885538307