By Narinjara / 2023 August 16

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ငါးဖမ်းစက်လှေတစ်စင်းနှင့်အတူ ပင်လယ်သို့ငါးဖမ်းထွက်ခွာသွားသည့် ရေလုပ်သား ၄ ဦးကို နှစ်လကျော်ကြာအထိ အဆက်သွယ်မရ ပျောက်ဆုံးနေ၍ အလွန်တရာ စိုးရိမ်နေကြောင်း မိသားစုဝင်များက နိရဥ္စရာသတင်းဌာနသို့ပြောသည်။
လှေနှင့်အတူ ပျောက်ဆုံးနေသူများမှာ လှေလုပ်သားများဖြစ်သည့် စစ်တွေမြို့၊ ဓညဝတီ(က)ရပ်ကွက်မှ ကိုစိုးစိုး(၃၅)နှစ်၊ ဆတ်ရိုးကျ(ကယ်ဆယ်ရေး)ရပ်ကွက်မှ ကိုမောင်ထွန်းဝင်း(၂၅)နှစ်၊ သံတွဲမြို့နယ်၊ ဂျိတ္တောရပ်ကွက်မှ လာရောက်လုပ်ကိုင်နေသူ ကိုမောင်မောင်(၃၀)နှစ်ခန့်နှင့် စက်လှေပဲ့ထိန်း ကိုနိုင်ဝင်းဇော်(၄၀)နှစ် တို့ဖြစ်ကြောင်း သိရသည်။
သူတို့သည် ဦးမောင်မောင်ကြီးဆိုသူပိုင်ဆိုင်သည့် ငါးဖမ်းစက်လှေတစ်စင်းနှင့်အတူ ပြီးခဲ့သည့် ဇွန်လ ၄ ရက်က စစ်တွေမြို့၊ ဆတ်ရိုးကျကယ်ဆယ်ရေးဆိပ်ကမ်းမှ ပင်လယ်ပြင်သို့ထွက်ခွာသွားခဲ့ရာ ယနေ့ သြဂုတ်လ ၁၆ ရက်အထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
ယင်းအထဲမှ ကိုစိုးစိုး၏ဇနီးဖြစ်သူ မဦးခင်က “ဇွန်လတုန်းကပဲ ငါးဖမ်းဖို့ထွက်သွားတာပါ။ အခုထိ ဖုန်းလည်း အဆက်သွယ်မရပါဘူး။ ဘုတ်ပိုင်ရှင်ကို ဖုန်းနဲ့ဆက်မေးတော့လည်း သူလည်း စုံစမ်းနေတုန်းပဲလို့ပြောပါတယ်။ အရမ်းစိုးရိမ်နေပါပြီ။ ဘာဖြစ်နေမှန်းလဲ မသိရပါဘူး” ဟု နိရဥ္စရာသို့ပြောသည်။
သူမ၏အမျိုးသားဖြစ်သူ ကိုစိုးစိုးမှာ တစ်လလုပ်ခလစာ ကျပ် ၂ သိန်းဖြင့် အဆိုပါငါးဖမ်းစက်လှေနှင့် ပထမဆုံးအကြိမ် လိုက်ပါသွားခြင်းဖြစ်ကြောင်း ပြောသည်။
ယခုကဲ့သို့ နှစ်လကျော်ကြာထိအဆက်သွယ်မရ၍ အထူးစိုးရိမ်ပူပန်မိသလို အိမ်တွင် သားသမီး ၃ ဦးရှိသည့်အနက် မွေးကင်းစကလေးငယ်လည်းပါဝင်ရာ နေထိုင်ရပ်တည်ရေးနှင့် စားဝတ်နေရေး အခက်အခဲများကြုံနေရကြောင်း သူမက ဆက်ပြောသည်။
“ကျွန်မတို့မှာ သားသမီးသုံးယောက်ရှိပါတယ်။ သားနှစ်ယောက်ကတော့ ကျောင်းတက်နေပါတယ်။ မွေးကင်းစ ကလေးလည်းရှိနေတော့ ကျွန်မတို့အလုပ်လုပ်စားလို့မရနိုင်ဖြစ်နေပါတယ်။ စားဝတ်နေရေးအခက်အခဲတွေအများကြီးရှိနေပါတယ်” ဟု ပြောသည်။
ထိုသို့လှေလုပ်သားများပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ လှေပိုင်ရှင်ဦးမောင်မောင်ကြီးကို မိသားစုဝင်များက အကျိုးအကြောင်းဆက်သွယ်မေးမြန်းသော်လည်း သူလည်း ထိုကိစ္စကို စုံစမ်းနေဆဲဟုသာပြောဆိုသည်ဟု ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ငါးဖမ်းစက်လှေပိုင်ရှင် ဦးမောင်မောင်ကြီးကို ယနေ့ ဩဂုတ်လ ၁၆ ရက်တွင် နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။
မိသားစုဝင်များကမူ ယခုကိစ္စကို ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ထံ အသိပေး တိုင်ကြားအကူညီတောင်းခံထားကြောင်း သိရသည်။
ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ကလည်း ရခိုင်အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့ထံ ဆက်သွယ်ဆောင်ရွက်ပေးထားသည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်သည် ပင်လယ်ကမ်းရိုးတန်းဒေတစ်ခုဖြစ်သည့်အတွက် မုတ်သုံကာလတွင် မုန်တိုင်းမိုးသက်လေပြင်းနှင့်အတူ လှိုင်းကြီး၍ ငါးဖမ်းစက်လှေများအပါအဝင် ရေယာဉ်များ မတော်တဆနစ်မြုပ်ပြီး လူသေဆုံးမှုများလည်း ဖြစ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။ (NN-23)
https://www.facebook.com/narinjara.info/posts/688536593313473