စစ်တွေဆန်ပြဿနာနေ့အခမ်းအနားဦးဆောင်သည့် ကျောင်းသားခေါင်းဆောင်များကို တရားခံပြေးအဖြစ်သတ်မှတ်၍ အမှုဖွင့်ရန်စီစဉ်နေ

By Narinjara / 2023 August     29

ဓာတ်ပုံ – သြဂုတ်လ ၁၃ ရက်ကပြုလုပ်ခဲ့သည့် စစ်တွေဆန်ပြဿနာနေ့ အခမ်းအနားတွင် စစ်တွေကျောင်းသားသမဂ္ဂအဖွဲ့ဝင်အချို့အားတွေ့ရစဉ်။

စစ်တွေမြို့တွင် ဆန်ပြဿနာနေ့ဝမ်းနည်းအောက်မေ့ခြင်းအထိမ်းမှတ်ပွဲကို ဦးဆောင်ကျင်းပခဲ့သည့် စစ်တွေကျောင်းသားသမဂ္ဂခေါင်းဆောင်လူငယ်များကို တရားခံပြေးအဖြစ်သတ်မှတ်ပြီး အမှုဖွင့်တရားစွဲဆိုရန် ရဲက စီစဉ်နေကြောင်း သတင်းရရှိသည်။

ဆန်ပြဿနာနေ့အခမ်းအနားတက်ရောက်၍ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ)ဖြင့် ဖမ်းဆီးအမှုဖွင့်ခံရသည့် ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးကို ယနေ့ သြဂုတ် ၂၉ ရက်၊ နေ့လယ်က စစ်တွေမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စဉ် ကျောင်းသားခေါင်းဆောင်  လူငယ်များကိုလည်း တရားခံပြေးအဖြစ်သတ်မှတ်ပြီး တရားစွဲရန် ရဲက စီစဉ်နေကြောင်း သိခဲ့ရသည်ဟု ရခိုင်အမျိုးသမီးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

“တရားရုံးကကြားခဲ့ရတာကတော့ ကျောင်းသားခေါင်းဆောင်တွေကို သီးသန့်တရားစွဲမယ်။ တရားခံပြေးအဖြစ် အရင်သတ်မှတ်မယ်ပေါ့။ တရားခံပြေးအဖြစ်အရင်သတ်မှတ်ပြီးမှ ဒေါ်ညိုအေးအမှုကို ဆက်လက်စစ်ဆေးမယ်တဲ့” ဟု ပြောသည်။

ကျောင်းသားမည်သည့်နှစ်ဦးကို တရားခံပြေးအဖြစ်သတ်မှတ်မည်ဆိုသည်ကို မသိရှိရကြောင်း သူမက ဆက်ပြောသည်။

ယခုသြဂုတ်လ ၁၃ ရက်က စစ်တွေရှိ စစ်တွေကျောင်းသားသမဂ္ဂရုံးတွင် စစ်တွေကျောင်းသားသမဂ္ဂက ဦးဆောင်၍ ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အထိမ်းအမှတ် ဝမ်းနည်းအောက်မေ့ဖွယ်နေ့ အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းအခမ်းအနားကိုတက်ရောက်ခဲ့သည့်အသက် ၆၈ နှစ်အရွယ်ရှိ ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးကို ရဲက သြဂုတ်လ ၁၅ ရက်တွင် စစ်တွေရှိ ရခိုင်အမျိုးသမီးကွန်ရက်ရုံးမှတဆင့် ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(ခ)နှင့်အမှုဖွင့်ကာ စစ်တွေထောင်သို့ချက်ချင်းပို့ဆောင်ခဲ့သည်။

စစ်တွေဆန်ပြဿနာနေ့အထိမ်းအမှတ် ဝမ်းနည်းအောက်မေ့ဖွယ်နေ့ အခမ်းအနားသည် ၁၉၆၇ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်တွင် ရခိုင်၌ ဆန်ရေစပါးရှားပါးမှုကို အစိုးရက ဖြေရှင်းပေးရန် စစ်တွေလူထုက လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုသည်ကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည့်အတွက် လူပေါင်း ၃ဝဝ ခန့် သေဆုံးခဲ့ရသည်ကို အောက်မေ့ဖွယ်ပြုလုပ်ခဲ့သည့် အခမ်းအနားဖြစ်သည်။

အဆိုပါအခမ်းအနားကို သမ္မတဟောင်းဦးသိန်းစိန်အစိုးရလက်ထက်နှင့် NLD အစိုးရလက်ထက်တို့တွင် လွတ်လပ်စွာ ကျင်းပခွင့်ရခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ယခုနှစ်မှစတင်ကာ ဖမ်းဆီးအရေးယူခံနေရခြင်း ဖြစ်သည်ဟု သိရသည်။ (NN-23)

https://www.facebook.com/narinjara.info/posts/695559635944502

Leave a Reply

Your email address will not be published.