စစ်တွေကမ်းခြေက စားသောက်ဆိုင်များ ဖယ်ရှားပေးရမည့်ကိစ္စ  အသနားခံစာတင်ထားသော်လည်း မထူးခြားသေး

By DMG / 2023 August               19

ရခိုင်ပြည်၊ စစ်တွေကမ်းခြေရှိ စစ်တွေဟိုတယ်အနီးက စားသောက်ဆိုင် ၁၆ ဆိုင်ကို “ကျူးကျော်”ဟုဆိုကာ မြို့နယ်စည်ပင်က ဖယ်ရှားခိုင်းထားခြင်းနှင့်ပတ်သက်၍ ဆိုင်ပိုင်ရှင်များက ပြည်နယ်စစ်ကောင်စီထံ သနားခံစာ တင်ထားသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်မှု မရှိသေးကြောင်း သိရသည်။

အသနားခံစာကို ဩဂုတ်လ ၁၄ ရက်နေ့က ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်ချုပ် ထိန်လတ်ဦး ထံလိပ်မူ၍ စစ်ကောင်စီရုံးသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။

“ဝန်ကြီးချုပ်ရော၊ တိုင်းမှူးရော လိပ်မူပြီးတော့ ပြည်နယ်အစိုးရရုံးကို ပေးအပ်ခဲ့တာပါ။ ပြီးတော့ စည်ပင်ဌာနကအစ အစိုးရရုံးတော်တော်များများကိုလည်း မိတ္တူတွေပေးခဲ့ပါတယ်။ အခုချိန်ထိ တစ်စုံတစ်ရာ အကြောင်းပြန်တာတော့ မရှိသေးပါဘူး” ဟု စားသောက်ဆိုင်ပိုင်ရှင် ဦးသန်းကျော်ဌေးက ပြောသည်။ 

စားသောက်ဆိုင်များမှာ ခွင့်မပြုချက်မရှိဘဲ အခိုင်အမာ တိုးချဲ့ဆောက်လုပ်ထားသဖြင့် ဩဂုတ်လ ၂၆ ရက်နေ့ထိ ဖယ်ရှားပေးခြင်းမရှိပါက စက်ယန္တရားများဖြင့် လာရောက်ဖြိုဖျက်မည့်အပြင် အရေးယူသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်က အသိပေးထားသည်။

ယင်းဆိုင်ခန်းများမှာ မြို့အင်္ဂါရပ်နှင့်မညီညွတ်သဖြင့် စည်ပင်ဥပဒေနှင့်အညီ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ဒုညွှန်ကြားရေးမှူး ဦးကျော်မိုးက DMG ကို ဖြေဆိုထားသည်။

သို့သော်လည်း ဆိုင်ပိုင်ရှင်များက ၎င်းတို့သည် ကျူးကျော်ဆောက်လုပ်ထားခြင်း မဟုတ်ဘဲ ၂၀၁၂ ခုနှစ်  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် (ဟောင်း) ဦးမောင်မောင်အုန်း ကိုယ်တိုင် ကမ်းခြေစည်ကားရေးအတွက် တရားဝင် နေရာချပေးခဲ့ခြင်းဟု ပြောကြသည်။

“ကျမတို့ပို့ထားတဲ့စာမှာ စည်ပင်က အခုလို ဖယ်ရှားခိုင်းတဲ့အပေါ် ပြန်စီစစ်ပြီး ဒီနေရာမှာ ဆက်ရောင်းချခွင့်ပြုပေးဖို့  အကြောင်းအရာတွေပါတယ်။  အခု ဘာမှလည်း အကြောင်းမပြန်သေးတော့ ဘာဆက်လုပ်လို့ လုပ်ရမယ်မှန်း မသိတော့ပါဘူး” ဟု စားသောက်ဆိုင်ပိုင်ရှင် မသင်းသင်းရွှေက ပြောသည်။

ဆိုင်ခန်းဖယ်ရှားခံရပါက ရင်းနှီးမြှုပ်နှံထားသော ငွေကြေးများဆုံးရှုံးပြီး မိသားစုစားဝတ်နေရေး ထိခိုက်နိုင်သဖြင့် ယင်းနေရာတွင် ဆက်လက် ရောင်းချခွင့်ပြုရန် (သို့မဟုတ်) အစားထိုးနေရာတစ်ခု ချပေးရန် ဆိုင်ပိုင်ရှင်များက လိုလားနေကြသည်။

https://www.facebook.com/dmgnewsagency/posts/683980730442193

Leave a Reply

Your email address will not be published.