စစ်တပ်ပိုင် ဘီယာနှင့် စီးကရက်များကို ပြင်းပြင်းထန်ထန် သပိတ်မှောက်ရန် လိုအပ်နေ

By Western News / 2023 August     10

စစ်ကောင်စီ၏ အဓိက ဝင်ငွေလမ်းကြောင်းများကို ဖြတ်တောက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တော်လှန်ရေးအင်အားစုများက ဆော်အော်တိုက်တွန်းနေပြီး ပထမဆုံးအဆင့်အနေဖြင့် မြန်မာစစ်တပ်ပိုင် ဘီယာနှင့် စီးကရက်များကို သပိတ်မှောက်ရန် (Boycott) တောင်းဆိုနေကြသည်။

တပ်ပိုင်ကုန်စည်များထဲမှ အရက်ဘီယာနှင့် စီးကရက်တို့သည် မြန်မာစစ်တပ်ရရှိနေသည့် အများဆုံး ဝင်ငွေပမာဏထဲမှာ ပါဝင်နေပြီး ယင်းသွေးစွန်းငွေများကပဲ ပြည်သူကို သတ်ဖြတ်နေသည့် လက်နက်ဖိုး၊ ကျည်ဆန်ဖိုးများ ဖြစ်သွားသည်ဟု တောင်းဆိုချက်ထဲတွင် ရေးသားထားသည်။

ပြည်သူများ ဆန့်ကျင်သပိတ်မှောက်ရမည့် အရက်ဘီယာ၊ စီးကရက် ကုန်ပစ္စည်းတံဆိပ် ၈ မျိုး ဖြစ်သော မြန်မာဘီယာ (Myanmar Beer) ၊ Andaman Gold တံဆိပ် အရက်၊ ဘီယာ၊ အချိုရည်၊ Dagon တံဆိပ် အရက်၊ ဘီယာ၊ အချိုရည်၊ မန္တလေး ဘီယာနှင့် ရမ်၊ Black Shield ဘီယာ၊ အာမီရမ်၊ Red Ruby စီးကရက်နှင့် Premium Gold စီးကရက်တို့ဖြစ်သည်။ 

အဆိုပါ ကုန်ပစ္စည်း ၈ မျိုးကို အချိန် နှစ်လအတွင်း လက်ရှိရနေသည့် ဝင်ငွေ၏ ၇၀ ရာခိုင်နှုန်းအထိ ထိုးကျသွားရန် ဦးတည်လုပ်ဆောင်သွားမည်ဟု UNG နှင့် တော်လှန်းရေးအင်အားစုများက ပြောသည်။

အာဏာသိမ်းပြီးစအချိန်ကနေ မြန်မာဘီယာ အပါအဝင် စစ်တပ်ပိုင် ကုန်ပစ္စည်း၊ လုပ်ငန်းနှင့် ဝန်ဆောင်မှုများကို အားမပေးကြရန်၊ မဝယ်ယူကြရန်၊ မသုံးစွဲကြရန်၊ Boycott လုပ်ကြရန် ဒီမိုကရေစီအရေးလှုပ်ရှားသူများက ဆက်တိုက် တိုက်တွန်းမှုများ လုပ်ဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ် အစပိုင်းတွင် မြန်မာဘီယာလုပ်ငန်း၏ ဘဏ္ဍာရေးရရှိမှု ၄၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း မြန်မာ့ဦးပိုင်လုပ်ငန်းနှင့် ဖက်စပ်လုပ်ငန်းလုပ်ကိုင်နေသည့် ဂျပန်ကုမ္ပဏီ Kirin Holdings က ထုတ်ပြန်ထားဖူးသည်။

စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများဖြစ်သည့် ဘဏ်နှင့် ငွေကြေးဆိုင်ရာ လုပ်ငန်း ၆ ခု၊ စီးကရက် ထုတ်ကုန်တံဆိပ် ၂ မျိုး၊ ဆက်သွယ်ရေးလုပ်ငန်း ၂ ခု၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ပစ္စည်းအမှတ်တံဆိပ် ၇ ခု၊ ဖျော်ဖြေရေးနှင့် ခရီးသွားဝန်ဆောင်မှု ၁၃ ခုတို့သည် သပိတ်မှောက်စာရင်းတွင် ပါဝင်သည်။

ယင်းအပြင် အစားအသောက်အမှတ်တံဆိပ် ၃၈ ခု၊ ကျန်းမာရေးနဲ့ အလှအပထုတ်ကုန် ၄ ခု၊ ကျန်းမာရေးဝန်ဆောင်မှု ၉ နေရာ၊ စက်ရုံ အလုပ်ရုံ ၄ ခု၊ နိုင်ငံတကာကုန်သွယ်ရေးလုပ်ငန်း ၁၃ ခု၊ ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း ၅ ခု၊ မီဒီယာ ၁၉ ခု၊ ကုန်တိုက် ၈ ခု၊ ကုန်သွယ်ရေးကုမ္ပဏီ ၇ ခု၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ၁၄ ခု စသော တပ်ပိုင်လုပ်ငန်းစုစုပေါင်း ၁၅၁ ခုတို့ကို ပြည်သူများ သပိတ်မှောက်ရမည့် The Boycott List စာရင်းအဖြစ် ပြီးခဲ့သည့် မတ်လက လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK ကနေ ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်သပိတ်ကော်မတီမှလည်း စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာ၊ အဖျော်ယမကာများနှင့် စီးကရက်များကို မသုံးရန် လိုက်လံလှုံဆော်ခြင်းများနှင့် စာဖြန့်ဝေခြင်းများကို ယခုရက်ပိုင်းအတွင်း လုပ်ဆောင်ခဲ့သည်။

အလားတူ ရခိုင်ပြည်တွင်လည်း သင်္ကြန်ကာလအတွင်း မြန်မာစစ်တပ်ကို ဝင်ငွေ အထောက်အပံ့ဖြစ်စေသည့် အရက်ဘီယာရောင်းချခြင်းနှင့် သောက်သုံးခြင်းကို ရက္ခိုင့်တပ်တော် ULA/AA က တိုက်တွန်းမှုရှိခဲ့သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/723584843114278

Leave a Reply

Your email address will not be published.