စစ်ကောင်စီ စစ်ရေးလှုပ်ရှားမှုကို ရခိုင်ပြည်သူများ စိုးရိမ်စရာမလိုကြောင်း AA ပြော

(စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားများအားလုံးကို ရက္ခိုင့်တပ်တော်က မျက်ခြေမပြတ် စောင့်ကြည့်နေ)

By Western News / 2023 August     31

စစ်ကောင်စီ၏ မြန်မာစစ်တပ် ရခိုင်ပြည်အတွင်း စစ်ရေးလှုပ်ရှားမှုများနှင့် ယခင်ကထက် စစ်ဆေးရေးတင်းကျပ်နေသည့်အတွက် တိုက်ပွဲများပြန်လည် စတင်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများကို မျက်ခြေမပြတ် စောင့်ကြည့်နေသည့်အတွက် ရခိုင်ပြည်သူများအနေဖြင့် စိုးရိမ်းစရာမလိုကြောင်း ရက္ခိုင့်တပ်တော် ပြောခွင့်ရ ဦးခိုင်သုခက Western News ကို ပြောသည်။

“စစ်တပ်ဆိုတာကတော့ အပြောင်းအရွှေ့တွေ ရှိမှာပဲ။ ဒါကို စိုးရိမ်စရာ မလိုပါဘူး။ ကျနော်တို့လည်း စစ်ကောင်စီရဲ့ တပ်တွေရဲ့ လှုပ်ရှားမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်။ အခုထိတော့ စိုးရိမ်ရတဲ့အထိတော့ မတွေ့သေးဘူး” ဟု ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် နှစ်လကျော်က စ၍ ရခိုင်ပြည်အတွင်းမှာ တပ်စခန်းများ အပြောင်းအရွှေ့လုပ်ခြင်း၊ မုန်တိုင်းကယ်ဆယ်ရေး အကြောင်းပြပြီး အင်အားဖြည့်တင်းခြင်း၊ လက်နက်များအား သယ်ဆောင်ခြင်းနှင့် ရေကြောင်းတွင် စစ်ရေယာဉ်ဇက်သင်္ဘောများ အမြဲလိုလို သွားလာလှုပ်ရှားနေခြင်းတို့ ရှိသည့်အတွက် ဒေသခံများက စိုးရိမ်နေကြခြင်းဖြစ်သည်။

ယင်းအပြင် ရခိုင်ပြည်မြောက်ပိုင်းက မြို့များရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များနှင့် ရေလမ်းကြောင်းတို့တွင် ယခင်ကထက် စစ်ဆေးမှုများ တင်းတင်းကျပ်ကျပ် ပြုလုပ်နေသည်ကိုလည်း ဒေသခံပြည်သူများက လိုလားမှုမရှိကြပေ။

 ရမ်းဗြဲမြို့နယ်တွင် ထင်းနှင့်သစ် ကုန်သွယ်ရေးဖြင့် လုပ်ကိုင်စားသောက်နေသော ဒေသခံစက်လှေများထံမှ စစ်ကောင်စီ ဇက်ရေယာဉ်က စစ်ဆေးမေးမြန်းပြီး စက်လှေတစ်စီးထံမှ ကျပ် ၅ သိန်းအထိ တောင်းယူနေကြောင်း ဒေသခံများထံမှ သိရသည်။

သံတွဲမြို့နယ် ရေဇင်ကျေးရွာတွင်လည်း စစ်ကောင်စီတပ်များ တစ်လတစ်ကြိမ်နှုန်းဖြင့် လာရောက်ပြီး ကင်းပုန်းဝပ်မှုပြုလုပ်နေ၍ ဒေသခံများမှာ စိုးရိမ်ထိလန့်နေရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လကစ၍ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့ အစပ် ကျေးရွာအများအပြား၌ နေ့လယ်နေ့ခင်းနှင့် ညအချိန်တို့တွင် စစ်ကောင်စီမှ ဒရုန်းဖြင့် ကင်းထောက်မှုများ ပြုလုပ်နေသည်ဟု ဒေသခံများက Western News သို့ ပြောထားသည်။

ထိုကဲ့သို့ စစ်ကောင်စီမှ ဒရုန်းဖြင့် ကင်းထောက်မှုခြင်းမှာ ရက္ခိုင့်တပ်တော် ULA/AA ၏ တပ်စခန်းများနှင့် လှုပ်ရှားမှုများကို မှတ်တမ်းယူ စောင့်ကြည့်ခြင်းဖြစ်၍ တိုက်ပွဲများ ပြန်လည်ဦးတည်လာမည်ကို စိုးရိမ်ကြခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် ULA/AA တို့သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက စ၍ ၃ လအကြာအထိ လူသားချင်းစားနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ပြုလုပ်ခဲ့ကြသော်လည်း လက်ရှိအချိန်အထိတော့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်းမရှိသေးပေ။

သို့သော်လည်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ရက္ခိုင့်တပ်တော် ဖက်က ပြောထားသော အချက်များကို အပြည့်အဝ အကောင်အထည်မဖော်ပေးပါက စစ်ပွဲသို့ ပြန်လည်ဦးတည်သွားမည်ဟု ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုထားသည်။

ပုံစာ – ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့က ကျောက်တော်မြို့မှ ဆင်းလာသော မြန်မာစစ်တပ် စစ်ရေယာဉ်မှ လက်နက်ကြီးဖြင့် ကစ္ဆပနဒီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ပြစ်ခတ်ခဲ့သည့် မြင်ကွင်း။

ယင်းနေ့က ဒေသခံ ၅ ဦးထက်မနည်း လက်နက်ကြီးကျည်ကြောင့် သေဆုံးခဲ့ပြီး လူနေအိမ် ၃၀ ခန့်မှာ မီးလောင်ပျက်စီးခဲ့သည်။ ကျေးရွာ ၁၀ ခန့်က ဒေသခံပြည်သူ ၅ ထောင်ခန့်မှာ ဘေးလွတ်ရာသို့ ခိုလှုံထွက်ပြေးခဲ့ရသည်။

https://www.facebook.com/westernnewsagency/posts/736759341796828

Leave a Reply

Your email address will not be published.