(မိုခါမုန်တိုင်းပြန်လည်ထူထောင်ရေးကို ဆွေးနွေးခဲ့)
By Western News / 2023 August 16

အာဏာသိမ်းခေါင်းဆောင် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA ၏အကြီးအကဲ Mr. Martin Griffiths တို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့ နေပြည်တော် စစ်ကောင်စီဥက္ကဌရုံးမှာ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ရှင်းပြခဲ့သလို UNOCHA ဘက်ကလည်း မိုခါမုန်တိုင်း ပြန်လည်ထူထောင်ရေး လူသားချင်းစာနာမှုအကူအညီများပေးအပ်ရေးကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
မိုခါမုန်တိုင်းသင့်ပြည်သူများအား အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထောင်ထူရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြသော်လည်း ရခိုင်ပြည်အတွင်း ခရီးသွားလာခွင့်ကို တရားဝင်ခွင့်ပြုစာကို မတွေ့ရသေးပေ။
UNOCHA က ဦးဆောင်ပြီး နိုင်ငံတကာအဖွဲ့အစည်း ၁၁ ဖွဲ့အတွက် ရခိုင်ပြည်အတွင်း မိုခါမုန်တိုင်းသင့်ပြည်သူများအား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရန် စစ်ကောင်စီနှင့် မုန်တိုင်းပြီးချိန်ကတည်းကစ၍ ညှိနှိုင်းဆွေးနွေးနေသော်လည်း လက်ရှိအချိန်အထိ ရခိုင်ပြည်အတွင်း အကူအညီပေးအပ်နိုင်ရေးကို ကန့်သတ်ခံထားရသည်။
ထိုအခြေအနေများကို UNOCHA အကြီးအကဲ Mr. Martin Griffiths က ဆွေးနွေးခဲ့သော်လည်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက်တွင် ပူးပေါင်းဆောင်ရွက်ရေးကိုသာ အလေးပေးဆွေးနွေးခဲ့ပြီး အဖွဲ့အစည်းများကိုယ်တိုင် သွားရောက်ပေးအပ်နိုင်ရေးကို ခွင့်ပြုမထားသည်ကို တွေ့ရသည်။
စစ်ကောင်စီ၏ ပူးပေါင်းဆောင်ရွက်ရေးမှာ UN အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အကူအညီပေးအပ်ရေး ထောက်ပံ့ပစ္စည်းများကို စစ်ကောင်စီမှတစ်ဆင့် သွားရောက်ပေးအပ်နိုင်ရေးကို ဆိုလိုခြင်းဖြစ်သည်။
ယမန်နေ့က စစ်ကောင်စီဥက္ကဌနှင့်တွေ့ဆုံမှုကို UNOCHA ဘက်က သတင်းထုတ်ပြန်မှုမရှိသေးပေ။ သို့သော်လည်း UNOCHA အနေဖြင့် ရခိုင်ပြည်အတွင်း မုန်တိုင်းသင့်ပြည်သူများအား အကူအညီများပေးအပ်နိုင်ရန် စစ်ကောင်စီနှင့် ညှိနှိုင်းမှုကို ကြိုးစားနေကြောင်း ပြီးခဲ့သည့်အပတ်က ပြောဆိုခဲ့သည်။
ရခိုင်ပြည်အတွင်း မိုခါမုန်တိုင်းသင့်ပြည်သူများမှာ လက်ရှိအချိန်အထိ အမိုးအကာအောက်သို့ မရောက်သေးသည့် ပြည်သူ ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး ထပ်၍တစ်ဖန် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၂၈၀၀၀ ကျော် ရေလွှမ်းမိုးခံခဲ့ရသည့်အတွက် ရခိုင်ပြည်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးတကြီးလိုအပ်နေကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။
https://www.facebook.com/westernnewsagency/posts/727522499387179