(ဒေသခံပြည်သူများမှာ စိုးရိမ်စရာမလိုကြောင်း ရက္ခိုင့်တပ်တော်က ပြော)
By Western News / 2023 August 29

ရခိုင်ပြည် မြောက်ပိုင်း နယ်စပ်ဖြစ်သော ဘူးသီးတောင်၊ မောင်တောဒေသများတွင် စစ်ကောင်စီတပ်များနှင့် အကြမ်းဖက်အဖွဲ့ ARSA တို့ ပူးပေါင်းကာ ရခိုင်ဒေသ မတည်မငြိမ်ရေးကို လုပ်ဆောင်နေကြောင်း ခိုင်မာသော သတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။
စစ်ကောင်စီမှ ARSA အဖွဲ့ကို လက်နက်အချို့၊ စခန်းနေရာနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေသည်မှာ မှန်ကန်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များမှ Western News ကို အတည်ပြုပြောထားသည်။
ရခိုင်ဒေသ မတည်မငြိမ်ရေးနှင့် ခိုးဆိုးလုယက်မှု များပြားလာရန် အကြမ်းဖက် ARSA ကို အာဏာသိမ်း စစ်ကောင်စီက မွေးစားထားခြင်းဟု ခိုင်မာသော သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“အရင်က နယ်ခြားစောင့်တွေ နစက ကိုင်ခဲ့တဲ့ G3, G4 တွေရှိတယ်။ အခုတော့ နယ်ခြားစောင့်တပ်တွေဟာ အမည်သာ တပ်တာဖြစ်တယ်။ အားလုံးက စစ်တပ်က နေရာဝင်ယူထားတာ။ ယူနီဖောင်းပဲ လဲထားတာ။ အခုက G3, G4 တွေကို မသုံးတော့ဘူး။ အဲဒီတော့ ARSA ကို ထောက်ပံ့တယ်။ ကာဘိုင် အဟောင်းတွေ၊ 16 တွေကိုလည်း ထောက်ပံ့တယ်။ အရင် နယ်ခြားစောင့်တွေလည်း 16 တွေ ကိုင်ခဲ့တယ်လေ။ စစ်ကောင်စီက ARSA နဲ့ ပူးပေါင်းပြီး ရခိုင်ပြည်ကို မတည်မငြိမ်အောင် လုပ်ဖို့ မွေးစားထားတာဖြစ်တယ်။ ရက္ခိုင့်တပ်တော်နဲ့လည်း တိုက်ပွဲဖြစ်အောင်၊ တိုက်ခိုက်ဖို့ ARSA ကို စစ်ကောင်စီက ထောက်ပံ့နေတာဖြစ်တယ် ” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဘူးသီးတောင်မြို့နယ် မေယုတောင်တန်းတွင် ARSA နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ARSA အဖွဲ့ဝင်အများအပြားမှာ စစ်ကောင်စီတပ်သို့ ကူးပြောင်းသွားသည်ဟု ရက္ခိုင့်တပ်တော်နှင့် နီးစပ်သည့် ခိုင်မာသော သတင်းရင်းမြစ်က ဆိုသည်။
“AA နဲ့ တိုက်ပွဲဖြစ်တော့ နှစ်စလုံးက ထိခိုက်မှုရှိကြတယ်။ ARSA ကတော့ သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရတာ များတာပေါ့။ အထိနာပြီး ပြန်ဆုတ်တဲ့အခါ ARSA အဖွဲ့ဝင်တွေ အများကြီး စစ်ကောင်စီ တပ်သို့ ဝင်သွားကြတယ်။ “ဟု ပြောသည်။
ARSA အဖွဲ့ကို စစ်ကောင်စီက ထောက်ပံ့သည့် လက်နက် အရေအတွက်ကိုမှု Western News က သီးခြား အတည်ပြု၍ မရသော်လည်း ယင်းအမျိုးအစားများမှာ G3, G4နှင့် ကာဘိုင် အဟောင်းများ၊ M16 လက်နက်အမျိုးအစားအထိလည်း ပါဝင်ကြောင်း ခိုင်လုံသော သတင်းရင်းမြစ်က ပြောသည်။
ယခု ဩဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းက မောင်တောမြို့နယ် လောင်းဒုံရွာနှင့် ကြိမ်ချောင်းရွာကြား လမ်းပေါ်တွင် ARSA အဖွဲ့ဝင် ၂၀ ကျော်က အိမ်စီးကားတစ်စီးကို မီးရှို့ပြီး စံပယ်ကုန်းကျေးရွာဒေသခံ မွတ်ဆလင်နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ARSA အဖွဲ့မှ ကားမီးရှို့၊ ဒေသခံများအား ဖမ်းဆီးခေါ်ဆောင်သွားသည့်နေရာအနီးတွင် မြန်မာစစ်တပ် စခန်းရှိပြီး ARSA များ အကြမ်းဖက်မီးရှို့ဖမ်းဆီးခြင်းကို မြန်မာစစ်တပ်အနေဖြင့် မသိစရာအကြောင်းမရှိဘဲ မြန်မာစစ်တပ်က ပူးပေါင်းဆောင်ရွက်မှုကြောင့် ARSA အဖွဲ့က လှုပ်ရှားနိုင်ခြင်းဖြစ်သည်ဟု ခိုင်မာသည့် သတင်းရပ်ဝန်းက စုံစမ်းသိရသည်။
ARSA များ ရခိုင်ပြည်အတွင်း နယ်ချဲ့လာခြင်း၊ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ရက္ခိုင့်တပ်တော် ULA/AA အနေဖြင့် မျက်စိဒေါက်ထောက် စောင့်ကြည့်လျှက်ရှိပြီး ဒေသခံပြည်သူများအနေဖြင့် အထူးစိုးရိမ်စရာမလိုကြောင်း ပြောခွင့်ရ ဦးခိုင်သုခက Western News သို့ ပြောထားသည်။
မွတ်ဆလင်အကြမ်းဖက်အဖွဲ့ ARSA ကို စစ်ကောင်စီလည်းဖြစ် မြန်မာစစ်တပ်က လက်နက်အပါအဝင် စားနပ်ရိက္ခာများ ထောက်ပံ့မှုနှင့် ကျောထောက်နောက်ခံပြုပြီး မြှောက်ပင့်ပေးပါက ကြီးမားသော လုပ်ရပ်အမှားဖြစ်မည်ဟု ရခိုင်နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းက Western News ကို ပြောဆိုဖူးသည်။
၂၀၁၂ ခုနှစ် ရခိုင်ပြည်အတွင်း ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း မွတ်ဆလင်လူမျိုးများလွတ်မြောက်ရေးတပ် ARSA အာဆာအဖွဲ့ဆိုပြီး ပေါ်ပေါက်လာကာ ရခိုင်ပြည်အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်သည့်အပြင် ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်များတွင် အကြမ်းဖက်လုပ်ငန်းများနှင့် အသက် မပြည့်သေးသော မွတ်ဆလင်လူငယ်များအား တပ်ထဲဝင်ရန် စည်းရုံးခြင်းနှင့် မထောက်ခံသူများကို သတ်ဖြတ်နေကြောင်း ဒုက္ခသည်များက ပြောဆိုကြသည်။
မြန်မာစစ်တပ်ကလည်း ဘူးသီးတောင်၊ ရသေ့တောင်နှင့် မောင်တောဒေသတို့တွင် တပ်အင်အားကို ယခင်ကထက် သုံးဆအထိ တိုးမြှင့်ဖြည့်တင်းနေပြီး လုံခြုံရေးနှင့် စစ်ဆေးရေးဂိတ်များတိုးချထားသည်။
ထို့အပြင် မကြာသေးခင်က ရခိုင်ပြည်သို့ ရောက်ရှိခဲ့သည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ရေးအတွက်အဆင့်သင့်လုပ်ထားကြရန်လည်း နယ်မြေအရာရှိများကို အမိန့်ပေးထားခဲ့ပြီး လက်ရှိတွင်လည်း စစ်ဆေးရေးများကို ပိုမိုတင်းကျပ်လျှက်ရှိနေသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/735569485249147