ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့ကို အမြန်ဆုံးအကောင်ထည်ဖော်ရန် စစ်ကောင်စီဥက္ကဋ္ဌတိုက်တွန်း

(ရင်းနှီးမြှုပ်နှံထားသည့် တရုတ်ဘက်က ဖိအားပေးမှုများရှိနိုင်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းသုံးသပ်)

By Narinjara / 2023 August     26

Photo – CITIC

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ တရုတ်၏ရင်းနှီးမြှုပ်နှံမှုစီမံကိန်းဖြစ်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့ကို အမြန်ဆုံး အကောင်ထည်ဖော်ဆောင်ရွက်ကြရန် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်း ပြောကြားလိုက်သည်။

ဩဂုတ်လ ၂၅ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးတွင်ပြုလုပ်သည့် နိုင်ငံတော်

စီးပွားရေးရာကော်မတီအစည်းအဝေးတွင် အထူးစီးပွားရေးဇုန်စီမံကိန်းများနှင့်ပတ်သက်၍ ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ သီလဝါအထူးစီးပွားရေးဇုန်တို့မှာ နိုင်ငံအတွက်သာမက အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများ အတွက် အထောက်အကူပြု၍ တိုးတက်မှုအမြန်ဆုံးရရှိရန်နှင့် အလုပ်ဖြစ်ရန် အမြန်ဆုံး ဆောင်ရွက်ရမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

စစ်ကောင်စီဥက္ကဋ္ဌသည် ယခုနှစ်အတွင်း ၄င်း၏ ရခိုင်ခရီးစဉ်များတွင်လည်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ရေနက်ဆိပ်ကမ်းတို့ကို အမြန်ဆုံးအကောင် အထည်ဖော်ရန် အမြဲတမ်းပြောဆိုလေ့ရှိသည်။

စစ်ကောင်စီအနေဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို အလျင်စလို အကောင်အထည်ဖော်ရန် ပြောနေခြင်းမှာ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုအမြောက်အများရှိသည့် တရုတ်ဘက်မှဖိအားပေးတိုက်တွန်းနေ၍ဖြစ်နိုင်ကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမားဦးဖေသန်းက သုံးသပ်သည်။

“အဲဒီမှာ တရုတ်က ရင်းနှီးမြှုပ်နှံမှုတွေအများကြီးရှိတယ်။ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေ၊ ရှယ်ယာတွေ၊ အများကြီးလုပ်ထားပြီးသားဖြစ်တယ်။ အဲဒါက အကောင်ထည်မဖော်နိုင်သေးတော့ တရုတ်အနေနဲ့ ဖိအားပေးမှုတွေ၊ တိုက်တွန်းမှုတွေရှိမှာပေါ့။ အဲဒါကြောင့် ဒါကိုသူတို့ အလျင်စလို အကောင်အထည် ဖော်ဖို့ ကြိုးစားရမယ့် အဓိကအကြောင်းအရာဖြစ်နေတယ်” ဟု သုံးသပ်ပြောဆိုသည်။

စစ်ရေးဘက်ကသုံးသပ်ကြည့်လျှင်လည်း ရေနက်ဆိပ်ကမ်းအနီးတွင် ရေငုတ်သင်္ဘောများရပ်နားရန်

သတ်မှတ်ထားသည်ဟု သတင်းများကြားနေရသည့်အတွက် စစ်ကောင်စီ၏ စစ်ရေးနှင့်လည်း သက်ဆိုင်လာနိုင်သည်ဟု ဦးဖေသန်းက သုံးသပ်သည်။

“နောက်တစ်ခုက ရေနက်ဆိပ်ကမ်းအနီးမှာ သူတို့ရေငုပ်သင်္ဘောတွေ ရပ်တန့်မယ့်နေရာတွေလည်း သတ်မှတ်ထားတယ်လို့ကြားတယ်။ ဆိုတော့ စစ်ရေးနဲ့လည်း ဆိုင်လာနိုင်ပါတယ်” ဟု ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကိုအကောင် အထည်ဖော်မည်ဆိုလျှင် ဒေသခံပြည်သူများ၏ လယ်ယာမြေသိမ်းဆည်းမှုများကိုဖြေရှင်းပေးရန်လိုအပ်ပြီး စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုနှင့် ဒေသခံများ၏ လူမှုဘဝစားဝတ်နေရေးများထိခိုက်မှုရှိလာသည့်အခါ တာဝန်ယူရန်လိုအပ်ကြောင်း ဦးဖေသန်းက ပြောသည်။

ယင်းအပြင် ဒေသတွင်းစီးပွားရေးအခွင့်အလမ်းများ၊ ဒေသခံများ၏လူနေမှုဘဝများ တိုးတက်မြင့်မားလာစေရန် ရှေးရှုအကောင်ထည်မဖော်ဘဲ တရုတ်နှင့် စစ်ကောင်စီတို့၏ အကျိုးစီးပွားသက်သက်စီမံကိန်းတစ်ခုမဖြစ်ရန်လိုအပ်ကြောင်းလည်း သူက ဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လကုန်ပိုင်းက ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးနှင့်ပတ်သက်၍ Myanmar Survey Research (MSR) ကုမ္ပဏီက ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းသို့ ၅ ရက်ကြာလာရောက်ပြီး မဒေးကျွန်းပေါ်ရှိ ပြင်၊ ကျောက်တန်း၊ ရွာမ၊ ပန်းထိမ်ဆည်ကျေးရွာများရှိ ဒေသခံများ၏ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သဘောထားကောက်ခံမေးမြန်းမှုများပြုလုပ်ခဲ့သည်ဟု မဒေးကျွန်းဒေသခံ အမျိုးသားတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တို့ကိုတည်ဆောက်ရန် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံပိုင်ကော်ပိုရေးရှင်း (China International Trust Investment Cooperation-CITIC) ဦးဆောင်သည့် ကုမ္ပဏီအစုအဖွဲ့က တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းကို မဒေးကျွန်းတွင် မီတာ ၂၅၀၀ အကျယ်နှင့် အနံ မီတာ ၆၀၀ ရှိသည့် ဆိပ်ကမ်းနှင့် ရမ်းဗြဲကျွန်းတွင် မီတာ ၁၅၀၀ အကျယ်နှင့် မီတာ ၆၀၀ အနံရှိသည့် ဆိပ်ကမ်း စသည်ဖြင့် တည်ဆောက်မည်ဟု သိရသည်။

အဆိုပါ ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် ပေ ၁၀၀၀ အထက် Mother Vessels, Carriers, Super Tankers စသည့်ကုန်တင်သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်သည့် ရေနက်ဆိပ်ကမ်းအမျိုးအစားဖြစ်ပြီး အဆိုပါရေနက်ဆိပ်ကမ်းမှ ကျောက်ဖြူရွှေသဘာဝဓာတ်ငွေ့နှင့် ရခိုင်ကမ်းရိုးတန်း ရေနံလုပ်ကွက်များမှ ထွက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များအား တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့တင်ပို့သွားမည်ဟု သိရသည်။

တဖက်တွင်လည်း တရုတ်၏စီးပွားရေးစီမံကိန်းများမှ ဒေသနေလူထု၏ အလုပ်အကိုင်အခွင့်အလမ်းကို တစ်စုံတစ်ရာပြောင်းလဲမပေးနိုင်သည့်အပြင် ရှိရင်းစွဲအသက်မွေးဝမ်းကျောင်းရေလုပ်ငန်းများပါဆုံးရှုံးလာမည်ကို ဒေသခံများက စိုးရိမ်မှုများရှိနေကြသည်။

ရေနက်ဆိပ်ကမ်းတည်ဆောက်မှုကြောင့် ကျောက်ဖြူရှိ သံဇစ်မြစ်ကြောင်းတစ်လျှောက်တွင်ရှိသည့် သဘာဝဂေဟစနစ်များပျက်စီးပြီး ဒေသခံရေလုပ်သားအများအပြား၏ ရေလုပ်ကွက်များပျက်စီးသွားနိုင်၍ အသက်မွေးဝမ်း ကျောင်းအလုပ်ကိုင်များဆုံးရှုံးရမည်ကို ဒေသခံရေလုပ်သားများအနေဖြင့် စိုးရိမ်နေကြောင်း ပြောဆိုကြသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီသည် ရက္ခိုင့်တပ်တော်(AA)နှင့် ယာယီအပစ်ရပ်ချိန်ကစ၍ ရခိုင်ပြည်တွင်း ကျောက်ဖြူရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းအပါအဝင် တောင်ကုတ်မြို့နယ်ရှိ ရပ်တန့်ထားသည့် နေပူတောင်စီမံကိန်းနှင့် သံတွဲ၊ ဂွနှင့် အမ်းမြို့နယ်တို့တွင် လေအားလျှပ်စစ်ထုတ်လုပ်မည့်စီမံကိန်းတို့ကို အကောင်အထည်ဖော်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်။ (NN-23)

https://www.facebook.com/narinjara.info/posts/693825006117965

Leave a Reply

Your email address will not be published.