ကျောက်ဖြူစီမံကိန်းအမြန်ဆုံးအကောင်အထည်ဖော်ရန် တရုတ်တွန်းအားပေးနေ

By Narinjara / 2023 August     29

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း အကောင်အထည်ဖော်ရန် တရုတ်က အမြန်လိုလားနေပြီး စစ်ကောင်စီကိုလည်း အမြန်အကောင်အထည်ဖော်ရန် တွန်းအားပေးနေကြောင်း သတင်းရရှိသည်။

စီမံကိန်းအတွက် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်းဆိုင်ရာ လေ့လာဆန်းစစ်မှု (ESIA) အစီရင်ခံစာ ပြုလုပ်ထားပြီး တရုတ်ဘက်က စီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်လိုကြောင်း စစ်ကောင်စီထံ အသိပေးထားကြောင်း BETV Business သတင်းတွင် ဖော်ပြသည်။ 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ‘ခါးပတ်တစ်ကွင်း လမ်းတစ်စင်း’ဟု  လူသိများသည့် တရုတ် BRI စီမံကိန်း၏ မြန်မာဘက်ခြမ်း အစိတ်အပိုင်း ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို  မကြာင်ခင် စတင်နိုင်တော့မည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားသည်ဟု ဆိုသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူညီချက်အရ အဆင့် ၄ ဆင့်ဖြင့်  ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမအဆင့်အဖြစ် သင်္ဘောကျောက်ချရပ်နားစခန်း၊ ဆိပ်ခံတံတား ၂ ခုကို တည်ဆောက်ဖို့ လျာထားကြောင်း သိရသည်။

ရေနက်ဆိပ်ကမ်းစီမံကိန်းက ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ အစိတ်အပိုင်းဖြစ်ပြီး တရုတ်အစိုးရလက်အောက်ခံ CITIC က ရှယ်ယာ ၇၀ ရာခိုင်နှုန်း ထည့်ဝင်ကာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံ အသုံးပြုဖို့ လျာထားကြောင်း ယခင်အချက်အလက်များအရ သိရသည်။ 

မြန်မာစစ်ကောင်စီအနေဖြင့်  Belt and Road Initiative နှင့် ပတ်သက်ပြီး ပါဝင်ဆောင်ရွက်ရန်  တရုတ်-မြန်မာနှစ်နိုင်ငံအစိုးရ သဘောတူညီထားပြီးဖြစ်ကာ  မြန်မာအစိုးရဘက်ကလည်း လိုအပ်သည့်  ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေကြောင်း စစ်ကောင်စီ စီး/ကူးဝန်ကြီးက ပြောဆိုထားသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ တရုတ်၏ရင်းနှီးမြှုပ်နှံမှုစီမံကိန်းဖြစ်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့ကို အမြန်ဆုံး အကောင်ထည်ဖော်ဆောင်ရွက်ကြရန် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဩဂုတ်လ ၂၅ ရက်က တိုက်တွန်း ပြောကြားထားသည်။

ရခိုင်ဝါရင့်နိုင်ငံရေးသမားဦးဖေသန်းက “အဲဒီမှာ တရုတ်က ရင်းနှီးမြှုပ်နှံမှုတွေအများကြီးရှိတယ်။ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေ၊ ရှယ်ယာတွေ၊ အများကြီးလုပ်ထားပြီးသားဖြစ်တယ်။ အဲဒါက အကောင်ထည်မဖော်နိုင်သေးတော့ တရုတ်အနေနဲ့ ဖိအားပေးမှုတွေ၊ တိုက်တွန်းမှုတွေရှိမှာပေါ့။ အဲဒါကြောင့် ဒါကိုသူတို့ အလျင်စလို အကောင်အထည် ဖော်ဖို့ ကြိုးစားရမယ့် အဓိက အကြောင်းအရာ ဖြစ်နေတယ်” ဟု သုံးသပ်ပြောဆိုသည်။

စစ်ရေးဘက်ကသုံးသပ်ကြည့်လျှင်လည်း ရေနက်ဆိပ်ကမ်းအနီးတွင် ရေငုတ်သင်္ဘောများရပ်နားရန် သတ်မှတ်ထားသည်ဟု သတင်းများ ကြားနေရသည့် အတွက် စစ်ကောင်စီ၏ စစ်ရေးနှင့်လည်း သက်ဆိုင်လာနိုင်သည်ဟု ဦးဖေသန်းက သုံးသပ်သည်။

“နောက်တစ်ခုက ရေနက်ဆိပ်ကမ်းအနီးမှာ သူတို့ရေငုပ်သင်္ဘောတွေ ရပ်တန့်မယ့်နေရာတွေလည်း သတ်မှတ်ထားတယ်လို့ကြားတယ်။ ဆိုတော့ စစ်ရေးနဲ့လည်း ဆိုင်လာနိုင်ပါတယ်” ဟု ပြောသည်။

https://www.facebook.com/narinjara.info/posts/695594719274327

Leave a Reply

Your email address will not be published.