ကျောက်တော်က စစ်ဘေးရှောင်များကို နေရပ်ပြန်ပို့ရန် စစ်ကောင်စီ စီစဉ်နေ

By DMG / 2023 August               30

ပုံစာ – ကဝိရတနာ စစ်ဘေးရှောင်စခန်း တစ်နေရာကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၁ ရက်နေ့က တွေ့ရစဉ်။

ရခိုင်ပြည်၊ ကျောက်တော်မြို့ပေါ်ရှိ စစ်ဘေးရှောင်အိမ်ထောင်စု ၅၀၀ ကျော်ကို နေရပ်ပြန်ပို့ရန် စီစဉ်နေသည်ဟု စစ်ကောင်စီက အသိပေးလာကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

ယနေ့ နံနက် ၈ နာရီခန့်က စစ်ကောင်စီတပ်သားများအပါအဝင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်း စုစုပေါင်း ၅၀ ခန့်မှာ ကျောက်တော်မြို့ပေါ်ရှိ ကဝိရတနာနှင့် နေပူခံစစ်ဘေးရှောင်စခန်းသို့ လာရောက်ကာ စစ်ဘေးရှောင်များအား နေရပ်ပြန်ပို့ရေးအတွက် စီစဉ်နေကြောင်း ပြောဆိုခဲ့သည်။

“ဘယ်နေ့ပြန်ရမယ်လို့တော့ မပြောခဲ့ဘူး။ သူတို့က စစ်ဘေးရှောင်အိမ်ထောင်စု ငါးရာကျော် နေရပ်ပြန်နိုင်ရေး စီစဉ်နေတယ်လို့ ပြောတယ်။ အဲဒီအိမ်ထောင်စု ငါးရာကျော်က ဘယ်စခန်းက အိမ်ထောင်စုတွေ ပါတယ် ဆိုတာကို ခွဲပြီးတော့ မပြောဘူး” ဟု ကျောက်တော်မြို့၊ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ မခိုင်အေးညွန့်က ပြောသည်။

ကဝိရတနာစစ်ဘေးရှောင်စခန်းတွင် ကျောက်တော်မြို့နယ် တင်းမ၊ ဝက်မကျ၊ လောင်းရှည်၊ အောက် မွန်ထောင့်နှင့် ပလက်ဝမြို့နယ် ပွီးချောင်းဝ၊ နှမဒါ၊ ကြက်ယက်ကိုင်း၊ အထက်မွန်ထောင့် ကျေးရွာတို့မှ လူဦးရေ ၁,၀၆၈ ဦး နေထိုင်လျက်ရှိသည်။

နေရပ်ပြန်မည့် စစ်ဘေးရှောင်အိမ်ထောင်စု တစ်စုလျှင် လမ်းစရိတ် ၁ သိန်း၊ ထောက်ပံ့ငွေ ၅ သိန်းနှင့် အခြား အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ညွန့်ထံ DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

နေပူခံစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးမောင်အေးစောက “စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ဖို့ သူတို့က ဆောင်ရွက်နေတာရှိတယ်လို့ ပြောတယ်။ အိမ်ထောင်စုငါးရာကျော်က ကုလားတန်မြစ် အနောက်ဘက်ကမ်းက ကျေးရွာတွေပါတယ်လို့ ပြောပါတယ်။ အရှေ့ဘက်ကမ်းမှာရှိတဲ့ တင်းမရွာတို့ မပါသေးဘူး” ဟု ပြောသည်။

ကုလားတန်မြစ် အနောက်ဘက်ကမ်းမှ စစ်ဘေးရှောင်နေရသည့် ကျေးရွာများမှာ မီးဝ၊ ဂြင့်ခါးစေ့၊ လောင်းရှည်၊ ကွမ်းဇွဲ၊ အောက်မွန်ထောင့်၊ အောင်သာယာ၊ သံပရာထောင့်၊ ဒက်ဖြူ စသည့် ကျေးရွာများ ဖြစ်ပြီး ၎င်းဒေသခံများ၏ လယ်ယာနှင့် ဥယျဉ်ခြံမြေများမှာ ကုလားတန်မြစ် အရှေ့ဘက်ကမ်းတွင် တည်ရှိကြသည်။

ထို့ကြောင့် စစ်ဘေးရှောင်များ နေရပ်သို့ရောက်သွားလျှင် ကုလားတန်မြစ် အရှေ့ဘက်ကမ်းသို့ သွားရောက်ပြီး လုပ်ကိုင်စားသောက်ခွင့် မရမည်ကို စိုးရိမ်မှုများ ရှိနေကြသည်။

“နေရပ်ကိုတော့ လူတိုင်းပြန်ချင်တယ်။ ဒါပေမယ့် တိုက်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ်တယ်။ တိုက်ပွဲပြန်ဖြစ်ရင် ထပ်ပြေးရမှာကို မလိုချင်ဘူး။ အနောက်ဘက်ကမ်းကလူတွေမှာ လယ်ယာ၊ ဥယာဉ်တွေက အကုန်လုံး အရှေ့ဘက်ကမ်းမှာ ရှိတာဆိုတော့ အဲဒီဘက်ကို သွားခွင့်မရမှာကို စိုးတယ်။ အဲဒါကြောင့် နေရပ်ပြန်ဖို့ကို စဉ်းစားနေရတယ်” ဟု မီးဝကျေးရွာမှ စစ်ဘေးရှောင် ကိုစိုးဝင်းနိုင်က ပြောသည်။

နေပူခံစစ်ဘေးရှောင်စခန်းကို NLD အစိုးရလက်ထက်က ဆောက်လုပ်ပေးထားခြင်းဖြစ်ပြီး ကျောက်တော်မြို့နယ်၊ တင်းမ၊ ပြိုင်းတိုင်းအပါအဝင် ကျေးရွာပေါင်း ၁၀ ကျော်မှ လူဦးရေ ၂,၀၀၀ ကျော် ခိုလှုံနေထိုင်လျှက်ရှိကြသည်။

စစ်ရေးပဋိပက္ခကြောင့် ရခိုင်နှင့် ပလက်ဝဒေသတို့တွင် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၅၈,၀၀၀ ကျော် ရှိနေသေးကြောင်း  UNHCR စာရင်းတွင် ဖော်ပြသည်။

စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေးသည့် အကြောင်းအရင်းများမှာ ကျေးရွာအတွင်းနှင့် အနီးအနားတွင် လက်နက်ကိုင်တပ်ဖွဲ့များ နေရာယူထားခြင်း၊ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်ခြင်း၊ မိုင်းအန္တရာယ် စိုးရိမ်မှုတို့ အပြင် လုံခြုံမှုအာမခံချက် မရှိခြင်းတို့ကြောင့် ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်ကောင်စီနှင့် AA တို့ လူသားချင်းစာနာမှုကို အခြေခံ၍ အပစ်အခပ်ရပ်စဲပြီးနောက် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်အချို့ကို စစ်ကောင်စီက တာဝန်ယူ၊ တာဝန်ခံမှုမရှိဘဲ နေရပ်သို့ပြန်ပို့ခဲ့သဖြင့် နေရပ်ပြန်သူများမှာ စားဝတ်နေရေး၊ လုပ်ကိုင်စားသောက်ရေး အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရသည်။

#R005 #DMG

https://www.facebook.com/dmgnewsagency/posts/689414106565522

Leave a Reply

Your email address will not be published.