ကားလမ်းပိုင်းအချို့ ရေကျော်နေ၍ စစ်တွေ-မြောက်ဦး-မင်းပြား ခရီးသည်တင်ကားအချို့ ပြေးဆွဲမှုယာယီရပ်ဆိုင်း

By Narinjara / 2023 August     8

ရခိုင်ပြည်နယ် စစ်တွေမြို့မှတဆင့် မြောက်ဦးနှင့် မင်းပြားမြို့များသို့ပြေးဆွဲနေသည့် ခရီးသည်တင်ကားအချို့သည် ကားလမ်းပိုင်းအချို့တွင် ရေကျော်နေ၍ ပြေးဆွဲမှု ယာယီရပ်ဆိုင်းထားရသည်ဟု သိရသည်။

ကျောက်တော်မြို့နယ်၊ ကန်စောက်တောင်အနီး၊ ကွမ်းအုံချောင်းကျေးရွာအနီး၊ ပြိန်းချောင်းကျေးရွာ အနီး၊ သရက်တပင်ကျေးရွာစျေးအနီးနှင့် ကျောက်တော်နှင့် မြောက်ဦးကြားရှိ တိန်ညိုကျေးရွာ အနီးတို့တွင် ယနေ့ သြဂုတ်လ ၈ ရက်၊ နံနက်မှစတင်ကာ ကားလမ်းမပေါ်သို့ ရေ ၁ ပေခန့်အထိ ကျော်နေသည့်အတွက် ခရီးသည်တင်ကားအချို့ကို ယာယီရပ်ဆိုင်းထားရခြင်းဖြစ်သည်ဟု ကားသမားများက ပြောသည်။

စစ်တွေ-မင်းပြားခရီးသည်တင်ယာဉ်လိုင်းမှ ကားသမား ကိုရွှေဘက “ဒီနေ့ ကျနော်လည်း မထွက်လိုက်ဘူး။ ဒီရေက မင်းပြားမြို့ထဲမှာလည်း မြင့်တက်နေတယ်။ ပြီးရင် ကျောက်တော်နဲ့ မဟာမုနိနဲ့ သရက်တပင်ကြားပေါ့လေ။ အဲဒီနားတွေမှာလည်း လမ်းကို ရေကျော်လို့ ရှိပါတယ်။ ဒါကြောင့် လမ်းတွေမြုပ်နေလို့ ကျနော်တို့လည်း မထွက်ခဲ့ဘူး။ လမ်းမှာ ရေပြည့်နေရင် ဟိုကိုသွားမရ၊ ဒီကိုသွားမရဖြစ်မှာကြောက်လို့ ဒီနေ့တော့ မထွက်ခဲ့ဘူး”ဟု ပြောသည်။

မည်သည့်နေ့အထိရပ်နားထားရမည်ဆိုသည်ကို လောလောဆယ် မခန့်မှန်းနိုင်သေးဟုလည်း ဆိုသည်။

လက်ရှိတွင် မင်းပြား၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့၌ မြစ်ရေများ ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး လယ်ကွင်းပြင်များမှတဆင့် ကားလမ်းမပေါ်သို့လည်း ရေများကျော်လွန်ရောက်ရှိနေကြောင်း ကားသမားများက ပြောသည်။

သို့ရာတွင် အချို့ခရီးသည်တင်ကားများကလည်း အခြေအနေကိုကြည့်ကာ ယနေ့ ပြေးဆွဲခဲ့မှုများရှိခဲ့သည်ဟု ကားသမားများက ပြောသည်။

စစ်တွေ-မြောက်ဦးခရီးသည်တင်ယာဉ်လိုင်းမှ ကားသမား ကိုမျိုးသန့်ဇင်က “စစ်တွေကလာရင် အပေါက်ဝရွာကိုမရောက်ခင် ကွမ်းအုံချောင်းနားမှာဆို လယ်ကွင်းကနေ ရေက ရွာထဲကို ဝင်နေတယ်။ လယ်ကွင်းမှာ ရေပြည့်ပြီးတော့ လမ်းမပေါ်ကို ရောက်ပြီးတော့ အဲဒီနေရာမှာ ရေစီးက နည်းနည်း ပြင်းတယ်။ ကျန်တဲ့နေရာတွေမှာတော့ ရေကျော်နေတာ။ အဲလောက်ထိ မပြင်းဘူး။ မိုးကတော့ ရွာနေဆဲပဲ။ မနက်ဖြန်လောက်တော့ ကားလမ်းက အဆင်ပြေမယ်မထင်တော့ဘူး”ဟု ပြောသည်။

မိုးဆက်လက်ရွာသွန်းလျက်ရှိပြီး ကားလမ်းမပေါ်သို့ ရေများလည်း ဆက်လက်ကျော်လွန်ရောက်ရှိလာနိုင်သည့်အတွက် မနက်ဖြန်တွင်လည်း ခရီးသည်တင်ကားများ ထွက်ခွာနိုင်မည်မဟုတ်ဟု ကားသမားများက ပြောသည်။

စစ်တွေ-ရန်ကုန်နှင့် စစ်တွေ-မန္တလေးသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများကမူ ရပ်နားထားခြင်းမရှိသေးဘဲ ပြေးဆွဲနေကြဆဲဟု ကားဂိတ်တာဝန်ရှိသူအချို့ နိရဥ္စရာကိုပြောသည်။

ရခိုင်ပြည်နယ်အတွင်း ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် ယနေ့ နံနက် ၂ နာရီခွဲမှ ဩဂုတ်လ ၁၁ ရက်၊ နံနက် ၂ နာရီခွဲအထိ ၃ ရက်အတွင်း မိုးအလွန်သည်းထန်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးဝင်းနိုင်က သတိပေးထားသည်။

ယင်းသို့ မြစ်ရေနှင့် ချောင်းရေများမြင့်တက်နေသည့်အတွက် ကျောက်တော်

မြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့ရှိ စစ်ဘေးရှောင်များအပါအဝင် ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ ရွေ့ပြောင်းနေကြရသည်ဟုလည်း သိရသည်။

https://www.facebook.com/narinjara.info/posts/684108523756280

Leave a Reply

Your email address will not be published.