ALP တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရပြီးနောက် စစ်တွေမြို့အပါအဝင် ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်မှ စစ်ဆေးရေးပိုမိုတင်းကျပ်လာ

By Western News / 2023 July     5

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၁၂ အောက်တိုဘာအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ AFP )

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်တွေတက္ကသိုလ်အနီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှ အရာရှိတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် စစ်တွေမြို့အပါအဝင် ရခိုင်ပြည်အတွင်းရှိ မြန်မာစစ်တပ်၏ စစ်ဆေးရေးဂိတ်များတွင် ယခင်ကထက် ပိုမိုတင်းကျပ်လာကြောင်း သိရသည်။

စစ်တွေဒေသခံတစ်ဦးက “စစ်တွေမြို့မှာ အခု မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ စစ်ဆေးရေးတင်းကျပ်နေပါတယ်။ မီးစက်ကြီးခွဆုံနဲ့ အာကျိတ်တော်ကုန်း ရွာသာယာရပ်ကွက်အဝင်တွင် နေ့စဉ်လိုလို လမ်းသွားလမ်းလာတွေနဲ့ ကားတွေကို စစ်ဆေးနေပါတယ်။ မြို့ထဲမှာလည်း စစ်ကားတွေ ပွိုင့်ကားတွေ လှည့်လည်နေတာကိုတွေ့ရပါတယ်။ တစ်ချို့ စစ်သားတွေဆို စက်သေနတ်တွေအပါအဝင် လက်နက်ကြီးတွေကိုထမ်းပြီး လမ်းလျှောက်သွားနေတာတွေလည်း ရှိပါတယ်” ဟု ပြောသည်။

ယင်းအပြင် ရခိုင်ပြည်အတွင်း မြို့နယ်တစ်ချို့တွင် ဇွန်လ နောက်ဆုံးပတ်မှစ၍ စစ်ကောင်စီဖက်မှ ကုန်းလမ်းနှင့် ရေလမ်းကြောင်းများ၌ သွားလာလှုပ်ရှားမှု တချို့ရှိနေသည်ဟု ဒေသခံများကပြောသည်။

ကျောက်တော်၊‌ အမ်း၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေ စသည့်မြို့များတွင် စစ်ကောင်စီဖက်မှ ကုန်လမ်းကိုအသုံးပြုကာ ရိက္ခာ၊ လက်နက်၊ တပ်သားများ တင်ဆောင်လာသော စစ်ထရပ်ကား ရာနှင့်ချီ သွားလာမှုရှိနေသလို ရေလမ်းမှလည်း သွားလာမှုတချို့ရှိနေသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပြည်မဖက်မှ စစ်ကောင်စီတပ်သားများ တင်ဆောင်လာသောယာဉ်များအပါအဝင် လက်နက်၊ ရိက္ခာသယ် ဆောင်လာသောယာဉ် အစီးရေ ၂၀၀ ခန့်အထိ ဝင်ရောက်မှုရှိသည်ဟု အမ်းဒေသခံတစ်ဦးက Western News ကို ပြောသည်။

“ဇွန်လ ၂၅ ရက်နေ့ကနေ စစ်ကားတွေ ပြည်မဖက်ကဝင်နေတာပါ။ တစ်နေ့ဝင်ရင် ဆယ်ချီပါတယ်။ ၃၀ ရက်နေ့အထိကို အစီးရေ ၂၀၀ လောက်အထိ ဝင်ရောက်ခဲ့ပါတယ်။ ဒီမှာရှိတဲ့ တပ်ရင်းတွေကို ဝင်သွားတာတွေ့ရပါတယ်။ ပြီးတော့ မြို့ထဲမှာလည်း ကားတွေသွားလာတာတွေရှိပါတယ်” ဟု ပြောသည်။

ယင်းအပြင် ကျောက်တော်မြို့ တပ်ထိန်းဂိတ်နှင့် ၅၃၉‌ ခြေမြန်တပ်ရင်းတို့တွင် စစ်ကောင်စီဖက်မှ တပ်သားပြောင်းရွေ့မှုများ၊ ရိက္ခာ၊ လက်နက်တင်ဆောင်မှုများရှိနေသည်ကို တွေ့မြင်ရကြောင်း ကျောက်တော်ဒေသခံများက ပြောသည်။

ယင်းသို့ သွားလာမှုတို့တွင်လည်း စစ်ကောင်စီတပ်သားများ လိုက်ပါသောကားများ၌ လက်နက်များကို အဆင်သင့်ပုံစံ တပ်ဆင်ထားသည်ကို တွေ့မြင်ရကြောင်း ကျောက်တော်ဒေသခံတစ်ဦးကပြောသည်။

“စစ်တပ်ကားတွေကတော့ တော်တော်လေးသွားလာတာတွေ့ရပါတယ်။ တပ်ထိန်းဂိတ်တပ်ရင်းနဲ့ ၅၃၉ တပ်ရင်းနှစ်ခုကို သွားလာကြတာပါ။ အစီးရေ တိတိ ကျကျမသိပေမယ့် ဆယ်ချီပြီးတော့ သွားပါတယ်။ တချို့ကားတွေက အလုံပိတ်ထားတယ်။ တချို့ကားတွေက တပ်သားတွေ လက်နက်အပြည့်နဲ့ ကိုင်ဆောင်ထားတာတွေ့ရပါတယ်” ဟု ပြောသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့သည် အပစ်အခတ်ရပ်စဲထားသည်မှာ ၇ လကျော်ကြာမြင့်လာခဲ့ပြီး စစ်ကောင်စီက ယခုကဲ့သို့ လှုပ်ရှားမှုကြောင့်လည်း ပြည်သူများစိုးရိမ်မှုရှိနေကြသလို စစ်တွေ-ပုဏ္ဏာကျွန်း-ပါဒလိပ် တပ်နယ်မြေများတွင်လည်း စစ်ကောင်စီယာဉ်များ ဇွန်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရာချီကာ သွားလာမှုတို့ရှိခဲ့သည်။

စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းအနီး ရွှေပြည်သာ ရွှေတြိဂံခွဆုံနှင့် အလိုတော်ပြည့်ကျောင်းတော်အနီးတို့တွင် စစ်ကောင်စီကားများ ရပ်နားထားမှုများတွေ့ရသလို လက်နက်များကိုင်ဆောင်ကာ သွားလာမှုရှိသည်ဟု နောက်ထပ် စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

“‌ရွှေတြိဂံဖက်မှာဆို ဇွန်လ ၂၉ ရက်နေ့က စစ်ကားတွေ ဆယ်ချီပြီးတော့ ကိုလက်နက်တွေ ကိုင်ဆောင်ထားတာတွေ့ရပါတယ်။ ဒီလို ပုံစံတွေတွေ့ရတော့ မြို့ခံတွေက စိုးရိမ်ကြတာတွေရှိပါတယ်။ အခုပုံစံ မတွေ့မြင်ရတာကကြာပြီလေ” ဟု ပြောသည်။

ယင်းအပြင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ပါတီအနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက အရာရှိအချို့ ပစ်ခတ်ခံရမှုရှိနေ၍ စစ်တွေမြို့ စက်ရုံစုရပ်ကွက်ရှိ ရုံးချုပ်ရှိရာ၌ ယခင်က လုံခြုံရေးကင်းမရှိသော်လည်း လက်ရှိတွင် လုံခြုံရေးကင်းကို အပြည့်ချထားကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

ALP မှ ဒုတိယဥက္ကဌ အပါအဝင် တပ်ဖွဲ့ဝင် ၃ ဦး ပစ်သတ်ခံရသည့်ကိစ္စတွင် ရက္ခိုင့်တပ်တော် AA ကို စွပ်စွဲထားသည့်အတွက် နှစ်ဖက်တင်းမာလာမည့် အခြေအနေကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။

စစ်ကောင်စီဖက်မှ စစ်ရေးလှုပ်ရှားမှုအပြင် ALP နှင့် AA တို့၏ လက်ရှိတင်းမာမှုအခြေအနေသည် စိုးရိမ်စရာ အနေအထားဖြစ်နေပြီး မိုခါကြောင့် ဒုက္ခရောက်နေသည့်ပြည်သူများမှာ စစ်ရေးတင်းမာမည်ကိုစိုးရိမ်နေကြသည်။

https://www.facebook.com/photo/?fbid=699624255510337&set=a.682731967199566

Leave a Reply

Your email address will not be published.