By Western News / 2023 July 31

မြန်မာနိုင်ငံတွင် အွန်လိုင်းကို အခြေပြု၍ ကုန်စိမ်း၊ ကုန်ခြောက် စသဖြင့် ဈေးရောင်းချသူများ တရားဝင်လုပ်ငန်းလိုင်စင် မှတ်ပုံတင်ကြရန် စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဇူလိုင်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် သတိပေးထုတ်ပြန်ထားသည်။
ထိုကြောင့် ရခိုင်ပြည်မှာ အွန်လိုင်းဈေးရောင်းချသူများ သက်ဆိုင်ရာမြို့နယ်အလိုက် စည်ပင်သာယာရေးအဖွဲ့ထံ ယခုရက်ပိုင်းအတွင်း လုပ်ငန်းလိုင်စင် မှတ်ပုံတင်လာကြကြောင်း သိရသည်။
ပြီးခဲ့သည့် လအနည်းငယ်က စည်ပင်သာယာရေးအဖွဲ့များမှ အဆင်သင့်မဖြစ်သေး၍ လုပ်ငန်းလိုင်စင် မလုပ်ခဲ့ရသော်လည်း လက်ရှိတွင် လုပ်ငန်းလိုင်စင် မှတ်ပုံတင် ပြုလုပ်ရနေပြီ ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင် မကြီးက ပြောသည်။
“မကြီးက စစ်တွေမြို့မှာ အိမ်ခြံမြေအကျိုးဆောင် လုပ်ပါတယ်။ အရင်က စည်ပင်မှာ လုပ်ဖို့ ပြောပေမယ့် အဆင်သင့် မဖြစ်သေးတာကြောင့် မလုပ်ခဲ့ရဘူး။ အခု စည်ပင်က အဆင်သင့်ဖြစ်ပြီလို့ ပြောတော့ ကျမတို့ လိုင်စင်လျှောက်ဖို့ ပြောထားပါတယ်။ စည်ပင် စုပေါင်းပြီး လုပ်လို့ရတယ်ဆိုလို့ အိမ်ခြံမြေအကျိုးဆောင်တွေ ပေါင်းပြီး လုပ်ဖို့ စာရင်းပေးထားပါတယ်။ ကျမတို့က ဥပဒေဘောင်အတွင်းကပဲ လုပ်မှာပါ။ အိမ်ခြံမြေအကျိုးဆောင် သင်တန်းတွေလည်း တက်ထားပါတယ် ” ဟု ပြောသည်။
အိမ်ခြံမြေအရောင်းအဝယ်များ၊ အလှကုန်ပစ္စည်းများ၊ အဝတ်အထည်များ၊ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ စသဖြင့် အွန်လိုင်းရောင်းသူများမှာ စစ်ကောင်စီထံ မှတ်ပုံတင်လာကြပြီး အွန်လိုင်းဈေးရောင်းသူများမှာ သက်ဆိုင်ရာ မြို့နယ်အလိုက် စည်ပင်သာယာရေးအဖွဲ့ထံ လိုင်စင်ပြုလုပ်၍ ရကြောင်း သိရသည်။
သို့သော်လည်း အချို့သော အွန်လိုင်းဈေးရောင်းသူများမှာ စစ်ကောင်စီက ပေးထားသော အချိန် ၆ လရ၍ ပေါ့ပေါ့လျော့လျော့ နေကြသူများလည်းရှိပြီး ပြဿနာတစ်စုံတစ်ရာ မတက်ရအောင် မှတ်ပုံတင်ကြရန် အိမ်ခြံမြေအကျိုးဆောင် မကြီးက တိုက်တွန်းထားသည်။
မြန်မာနိုင်ငံတွင် အွန်လိုင်းစျေးရောင်းသူ၊ ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူများ လိုင်စင်မှတ်ပုံမတင်လျှင် ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိလည်းကောင်း၊ ငွေ ဒဏ် ၅ သိန်းကိုလည်းကောင်း ချမှတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက အမိန့် ထုတ်ပြန်ထားသည်။
အွန်လိုင်းမှတစ်ဆင့် စျေးရောင်းချသူများ၊ ဝန်ဆောင်မှုလုပ်ငန်းလုပ်သူများမှာ ဇူလိုင်လ ၂၁ ရက်နေ့ကစ၍ ၆ လအတွင်း Online လုပ်ငန်းကို မဖြစ်မနေမှတ်ပုံတင်ရမည်ဖြစ်ပြီး မလိုက်နာလျှင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ ထောင်ဒဏ် အပြင် ငွေကျပ်လည်း ဒဏ်ခတ်ခံရမည်ဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် တရားရုံးမှ ပြစ်မှုနှင့်သက်ဆိုင်သော ပစ္စည်းများကိုလည်း ဖျက်ဆီးရန် (သို့မဟုတ်) နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်း (သို့မဟုတ်) အခြားနည်းစီမံခန့်ခွဲရန် အမိန့်ချနိုင်ကြောင်း အမိန့်ကြော်ငြာစာတွင် ပါရှိသည်။
စစ်ကောင်စီ၏ အမိန့်ကြော်ငြာစာအပေါ် ရန်ကုန်မြို့တွင် အွန်လိုင်းမှတစ်ဆင့် မိုဘိုင်းလ်ဖုန်း Second Hand ရောင်းချနေသူ ဆိုင်ပိုင်ရှင်တစ်ဦးက ယခုလို ပြောသည်။
“မှတ်ပုံတင်တယ်ဆိုတာက လိုင်စင်လုပ်ခိုင်းတာပါပဲ။ တကယ်တော့ အွန်လိုင်း Shopping တွေဆိုတာ တစ်ပိုင်တစ်နိုင် လုပ်နေကြတာ။ ဖေ့ဘုတ်စ်ကနေ။ ဒါလေးရှိလို့ မိသားစုလေးတွေ အဆင်ပြေနေကြတာ။ မှတ်ပုံတင်ခိုင်းပြီး အခွန် ကောက်မယ်၊ လိုက်ကျပ်မယ်လေ။ အကျင့်ယုတ်တာပေါ့ စစ်ကောင်စီက” ဟု ပြောသည်။
ရခိုင်ပြည်အတွင်းမှာလည်း အွန်လိုင်းကို အခြေပြုပြီး အိမ်ခြံမြေများအပါအဝင် ကုန်စိမ်း၊ ကုန်ခြောက် စသဖြင့် ရောင်းချနေသူ အများအပြားရှိနေ၍ သတိထားရန် လိုအပ်ကြောင်း စစ်တွေဒေသခံ ဈေးကွက်စောင့်ကြည့်သူတစ်ဦးက ဆိုသည်။
“ရခိုင်မှာ အွန်လိုင်းကနေ ဈေးရောင်းချသူတွေ အများအပြားရှိနေတယ်။ တရားဝင်လိုင်စင်မရှိဘဲ ရောင်းနေသူလည်း အများကြီးရှိနေတယ်။ အခု အမိန့်ကို သတိထားဖို့လိုအပ်ပါတယ်။ အခုအချိန် ရပ်လိုက်လို့ ရသေးတယ်။ ဒါပေမယ့် ရှေ့ဆက် အွန်လိုင်းကနေ ဈေးရောင်းမယ်ဆိုရင်တော့ မှတ်ပုံတင်ရတော့မယ်။ ကျနော်တို့ တွေ့သလောက် ရခိုင်မှာ အိမ်ခြံမြေတွေ အွန်လိုင်းကနေ သိန်းထောင်ချီ ရောင်းနေတာ တွေ့ရတယ်။ စားသောက်ကုန်တွေ၊ အဝတ်အထည်တွေ၊ အလှကုန်တွေ နောက် လူသုံးကုန် ပရိဘောဂ စသဖြင့် ရောင်းနေတာတွေ့ရတယ်။ ဒီလုပ်ငန်းတွေက ကြီးတဲ့အတွက် စစ်ကောင်စီရဲ့ အာရုံစိုက်မှုကို ခံရနိုင်တယ်” ဟု ပြောသည်။
စစ်တွေမြို့တွင် အိမ်ခြံမြေရောင်းချနေသူ အကျိုးဆောင်တစ်ဦးက စစ်ကောင်စီသည် ဥပဒေအကြောင်းပြ၍ သတ်သတ်မဲ့ ငွေရှာခြင်းဖြစ်ကြောင်း ပြောသည်။
“ရခိုင်မှာ ရက္ခိုင့်တပ်တော် ဦးဆောင်တဲ့ အာရက္ခပြည်သူ့အစိုးရ ရှိတယ်။ အာရက္ခအစိုးရထံမှာ မှတ်ပုံတင်ထားရင် ပြီးတာပဲ။ စစ်ကောင်စီကို အစိုးရလို့ အသိအမှတ်ပြုတာ မဟုတ်ဘူး။ ဒါကြောင့် စစ်ကောင်စီ လက်အောက်ဌာနတွေက အမိန့်တွေ ညွှန်ကြားစာတွေကို ဂရုစိုက်မှာ မဟုတ်ပါဘူး” ဟု ပြောသည်။
သို့သော်လည်း မှတ်ပုံတင် တရားဝင်လိုင်စင်မရှိဘဲ ရခိုင်ပြည်အတွင်း ဒေသခံများ အွန်လိုင်းကို အခြေပြု၍ ဈေးရာင်းချခြင်းကို စစ်ကောင်စီမှ ဖမ်းဆီးခြင်းပြုလုပ်လာပါက ရက္ခိုင့်တပ်တော် ULA/AA အနေဖြင့် မည်မျှထိ ကာကွယ်ပေးနိုင်မည်လဲ ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း အဆိုပါ ဈေးကွက်စောင့်ကြည့်သူက ပြောသည်။
Western News ၏ စုံစမ်းချက်အရ ရခိုင်ပြည်အတွင်း အိမ်ခြံမြေအရောင်းအဝယ်အဖြစ်ဆုံးမြို့မှာ စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ကျောက်ဖြူ၊ သံတွဲနှင့် ဂွမြို့တို့ဖြစ်ပြီး ယင်းအထဲက စစ်တွေမြို့သည် အိမ်ခြံမြေ အရောင်းအဝယ် အဖြစ်ဆုံးမြို့ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း အိမ်ခြံမြေ၊ ဆိုင်ကယ်များ စသဖြင့် အွန်လိုင်းကို အခြေပြု၍ ပြုလုပ်နေသည့် အရောင်းအဝယ်အများစုမှာ သက်ဆိုင်ရာဌာနထံ လိုင်စင်ပြုလုပ်၍ ရောင်းဝယ်နေကြခြင်းမဟုတ်ဘဲ လိုင်စင်မရှိသူ များပြားပြီး တရားဥပဒေအရ တရားစွဲဆို၍ရကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက ထောက်ပြထားသည်။
မင်းဘာကြီးလမ်းတွင် လိုင်စင်မရှိဘဲ ဆိုင်ကယ် အရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးကို ပြီးခဲ့သည့် ဧပြီလအတွင်းက ရဲတပ်ဖွဲ့မှ လာရောက်ဖမ်းဆီးခဲ့ပြီး ဆိုင်ခန်းလည်း ပိတ်သိမ်းခံခဲ့ရသည့် ဖြစ်စဉ်မျိုး ရှိခဲ့ဖူးသည်။
ထို့ကြောင့် အွန်လိုင်းကို အခြေပြုပြီး စီးပွားရေးလုပ်လိုသူများ၊ အရောင်းအဝယ်ပြုလုပ်လိုသူများအနေဖြင့် သက်ဆိုင်ရာဌာနထံ လိုင်စင်ပြုလုပ်ပြီး ရောင်းဝယ်ဖောက်ကားကြရန် ရှေ့နေက တိုက်တွန်းထားသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/716622990477130