By Narinjara / 2023 July 5
ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ဂွမြို့ကြား ကားလမ်းတစ်လျှောက်ရှိ လမ်းနယ်နိမိတ်နှင့်မလွတ်ကင်းသော ဆိုင်ခန်း၊ အဆောက်အဦများအား ဇူလိုင် ၁၀ ရက်နောက်ဆုံးထားကာ လမ်းဦးစီးဌာနက ဖယ်ရှားခိုင်းနေကြောင်း သတင်းရရှိသည်။
သံတွဲခရိုင်၊ ဂွမြို့နယ်၊ လမ်းဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) မင်းသီဟဝင်း၏လက်မှတ်နှင့်တကွ ဖယ်ရှားခိုင်းသည့်ညွှန်ကြားစာများအား ဇွန်လ ၂၇ ရက်ခန့်မှစတင်ကာ အဆိုပါကားလမ်းတစ်လျှောက်ရှိ အဆောက်အဦပိုင်ရှင်များထံ ပေးပို့ထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါညွှန်ကြားချက်မှာ ဂွမြို့နယ်အဆုံး ကျောက်ချွန်မှ သံတွဲမြို့ကြား ကားလမ်းတစ်လျှောက် အကျုံးဝင်ပြီး နေအိမ်ခြံစည်းရိုးထက်ကျော်လွန်ဆောက်လုပ်ထားသည့် အဆောက်အဦများကို ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်း ဂွမြို့မိမြို့ဖတစ်ဦးက ပြောသည်။
“လမ်းနယ်နိမိတ်အတိုင်း အကုန်ယူပြီးဖယ်ရှားခိုင်းတာတော့မဟုတ်ပါဘူး။ နေအိမ်ပိုင်ရှင်တစ်ဦးက ခြံစည်းရိုးထိုးထားတာထက် လမ်းပေါ်ကိုကျော်လွန်ပြီးဆောက်လုပ်ထားတဲ့အဆောက်အဦတွေကို ဖယ်ရှားခိုင်းတာလို့ ကျနော်တို့သိရတယ်” ဟု နိရဥ္စရာသို့ ပြောသည်။
နိရဥ္စရာက ရရှိထားသည့် ဇွန်လ ၃၀ ရက်စွဲနှင့်ညွှန်ကြားစာတစ်ခုထဲတွင် သံတွဲ-ဂွ လမ်းပိုင်းသည် လမ်းအဆင့်အတန်းသတ်မှတ်ချက်အရ လမ်းနယ်နိမိတ်မှာ လမ်းအလယ်ဗဟိုမှ တစ်ဘက်ကို ၇၅ ပေဖြစ်ပြီး စုစုပေါင်း ပေ ၁၅၀ ရှိကြောင်း၊ မြို့တွင်းရွာတွင်းလမ်းမှာလည်း လမ်းအလယ်ဗဟိုမှ တစ်ဘက်ကို ပေ ၅၀ နှင့် စုစုပေါင်း ပေ ၁၀၀ သတ်မှတ်ထားကြောင်း ကနဦးဖော်ပြထားသည်။
သို့သော်လည်း သံတွဲ -ဂွလမ်း လမ်းအရှည် ၁၂၇ ဒဿမ ၈ ကီလိုမီတာနှင့် ၁၂၈ ကီလိုမီတာကြား လမ်းလယ်ဗဟိုမှ ၃၉ ပေလမ်းနယ်နိမိတ်အတွင်း ဆောက်လုပ်ထားသည့် အဆောက်အဦအား ဖြိုဖျက်ကာ လမ်းနယ်နိမိတ် ပြင်ပသို့ ပြောင်းရွှေ့ပေးရန်နှင့် ပြောင်းရွှေ့မပေးပါက လမ်းမကြီးဥပဒေအရအရေးယူမည်ဟု အဆောက်ဦပိုင်ရှင်တစ်ဦးအား ညွှန်ကြားခိုင်းစေထားသည်ကို တွေ့ရသည်။
သံတွဲ-ဂွကားလမ်းတလျှောက်တွင် ကျေးရွာပေါင်း ၅၀ ခန့်အနည်းဆုံးရှိနိုင်ပြီး ဂွမြို့နှင့် ဂွမြိုနယ် ရဟိုင်ကူးတို့ကျေးရွာကြားမှာပင် လမ်းမအနီးမေးတင်ဆောက်လုပ်ထားသည့် စျေးဆိုင်ခန်းပေါင်း ၅၀ ကျော်ရှိကြောင်း ရဟိုင်ကူးတို့ ကျေးရွာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“သံတွဲ-ဂွ ကားလမ်းတစ်လျှောက်မှာဆိုရင် အဲဒီလိုစျေးဆိုင်ခန်းတွေ ဘယ်လောက်ရှိလိမ့်မယ်ဆိုတာ ပြောစရာမလိုပါဘူး။ ရွာအရေအတွက်က ကျွန်တော်တို့သိရသလောက်ဆို အနည်းဆုံး ၅၀ ကျော်တယ်။ ပြီးတော့ အဲဒီလိုစျေးဆိုင်ခန်းတွေက ဂွမြိုနဲ့ ရဟိုင်ကူးတို့ကျေးရွာကြားမှာတောင် ၅၀ လောက်ရှိတယ်။ မြေစိုက်အခိုင်အမာဆောက်ထားတာတွေပေါ့” ဟု ပြောသည်။
ဂွမြို့နယ်ထဲမှ ဆပ်သွား၊ ကြွေချိုင်အပါအဝင် ကျေးရွာအများစုမှာ ရပ်ရွာတွင်း လမ်းဧရိယာမှာ အလွန် ကျဉ်းမြောင်းသည့်အပြင် နေအိမ်ခြံစည်းရိုးထက်ကျော်လွန်ပြီး ထမင်းဆိုင်၊ မုန့်ပဲသရေစာဆိုင်၊ ကွမ်းယာဆိုင်၊ ကုန်စုံဆိုင်နှင့် ရေထွက်ပစ္စည်းအရောင်းဆိုင်များ ကြိတ်ကြိတ်တိုး ဖွင့်လှစ်ထားမှုများ ရှိနေသည်ဟုလည်း သူက ပြောသည်။
သံတွဲနှင့် ဂွမြို့နယ်တို့သည် ပင်ကမ်းခြေဒေသများဖြစ်ပြီး သံတွဲ-ရန်ကုန် ကားလမ်ပေါ်တွင်ရှိသည့် အတွက် သံတွဲ-ဂွကားလမ်းတစ်လျှောက်တွင်လည်း ခရီးသွားလုပ်ငန်းများကိုအခြေပြု၍ ရေထွက် ပစ္စည်းရောင်းချသည့်ဆိုင်များ၊ စားသောက်ဆိုင်၊မုန့်ပဲသရေစာဆိုင်များ ကျေးရွာတိုင်းလိုလိုရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။
လမ်းဦးစီးဌာန၏ ညွှန်ကြားချက်ဥပဒေအတိုင်းဆိုပါက ယင်းလမ်းတစ်လျှောက်ရှိ အစိုးရ အဆောက်အဦများ၊ ပြည်သူပိုင်အဆောက်အဦနှင့် သာသနိကအဆောက်အဦ မြောက်များစွာ ဖြိုဖျက်ပေးရနိုင်ပြီး တစ်နေ့လုပ်တစ်နေ့စား လမ်းဘေးစျေးသည်များမှာလည်း အခက်အခဲဖြစ်လာနိုင်ကြောင်း ဂွမြို့ခံတစ်ဦးက သူ၏လူမှုကွန်ရက်စာမျက်နှာတွေ ရေးသားမျှဝေထားသည်။
လက်ရှိတွင် လမ်းဦးစီးဌာနမှ အဆိုပါစျေးဆိုင်ခန်းအဆောက်အဦများကို လမ်းဧရိယာထဲ ပါဝင်နေသည်ဟုဆိုကာ ဖယ်ရှားခိုင်းနေခြင်းဖြစ်ပြီး ဇူလိုင်လ ၁၀ ရက် နောက်ဆုံးထား မဖယ်ရှားပေးပါက လမ်းဥပဒေအရ အရေးယူတော့မည်ဟု ညွန်ကြားခြင်းဖြစ်ကြောင်း သိရသည်။ (NN-23)
https://burmese.narinjara.com/images/news/20230705-1688550330879-1688550330879-Gwa.webp