သေနတ်ပစ်ခံရ၍ သေဆုံးသွားသည့် ALP ပါတီဒုဥက္ကဋ္ဌအပါအဝင် ၃ ဦးရုပ်အလောင်းအား ယနေ့သင်္ဂြိုလ်

By Narinjara / 2023 July     4

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက သေနတ်ပစ်ခံရ၍ သေဆုံးသွားကြသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)အဖွဲ့ကွဲမှ ပါတီဒုဥက္ကဋ္ဌအပါအဝင် ၃ ဦး၏ရုပ်အလောင်းကို ယနေ့တွင် သင်္ဂြိုလ်ခဲ့သည်ဟု မျက်မြင်များက ပြောသည်။

ယနေ့ ဇူလိုင်လ ၄ ရက်၊ မွန်းတည့် ၁၂ နာရီခန့်တွင် စစ်တွေသုသာန်၌ မီးသင်္ဂြိုလ်ခဲ့ခြင်းဖြစ်ပြီး သုသာန်အနီးတဝိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ALP တပ်ဖွဲ့ဝင်များက လုံခြုံရေးအထူးတင်းကျပ်ထားသည်ကိုတွေ့ခဲ့ရသည်ဟုလည်း မျက်မြင်တစ်ဦးက ပြောသည်။

“ကျနော် ခုနက အဲဒီဘက်ကိုတစ်ခေါက်သွားဖြစ်တော့ အဲဒီမှာ သူတို့ အလောင်း ၃ လောင်းကို သင်္ဂြိုလ်နေတာတွေ့ရတယ်။ လုံခြုံရေးတွေကတော့ အများကြီးပဲ”ဟု ပြောသည်။

သေဆုံးသွားသူ ၃ ဦးမှာ ဒေါ်စောမြရာဇာလင်းဥက္ကဋ္ဌအဖြစ်ဦးဆောင်သော ALP အဖွဲ့ကွဲမှ ဒုတိယဥက္ကဋ္ဌ ခိုင်နီရောင်၊ ALA အမှတ် (၁၀၁) တပ်ရင်းမှ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့ ဖြစ်ကြသည်။

သူတို့ ၃ ဦးသည် နောက်ထပ် ALP တပ်ဖွဲ့ဝင် ၃ ဦးဖြစ်သည့် ခိုင်ဗိုလ်မင်း၊ ခိုင်ကျော်မင်းစိုးနှင့် ခိုင်ကျော်ရဲအောင်တို့နှင့်အတူ ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ဒေါ်စောမြရာဇာလင်း၏နေအိမ်မှ အနက်ရောင်အိမ်စီးကားတစ်စီးဖြင့်အပြန် စစ်တွေတက္ကသိုလ်နှင့် ရထားသံလမ်းအနီးသို့အရောက်တွင် အမည်မသိလက်နက်ကိုင်တစ်စု၏ သေနတ်ဖြင့်ပစ်ခတ်ခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။

ယင်းသို့ ပစ်ခတ်ခံခဲ့ရ၍ ALP ပါတီ ဒုတိယဥက္ကဋ္ဌ ခိုင်နီရောင်၊ ALA အမှတ် (၁၀၁) တပ်ရင်းမှ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့မှာ ပွဲချင်းပြီး သေဆုံးသွားပြီး ကားပေါ်ပါလာသည့် တပ်ဖွဲ့ဝင် ၃ ဦးမှာလည်း လက်နှင့်ပေါင်တို့တွင် သေနတ်ဒဏ်ရာများရရှိခဲ့သည်။

သေဆုံးသွားသူ ၃ ဦး၏ရုပ်အလောင်းကိုမူ ယင်းနေ့မှစတင်ကာ စစ်တွေဆေးရုံကြီး ရင်ခွဲရုံတွင် အအေးခန်းဖြင့် ထိန်းသိမ်းထားခဲ့ပြီး ယနေ့တွင် မီးသင်္ဂြိုလ်ခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရသွားသည့် တပ်ဖွဲ့ဝင် ၃ ဦးကို စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေစဉ် ယင်းနေ့ညတွင်းချင်းပင် သူတို့ကို စစ်ကောင်စီတပ်မှ စစ်ကားများဖြင့် ဆေးရုံမှ ခေါ်ဆောင်သွားခဲ့ကြသည်ဟု သိရသည်။

ALP ပါတီဘက်က ယခုပစ်ခတ်မှုမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)၏လက်ချက်ဟု ဇူလိုင်လ ၂ ရက်တွင် ကြေညာချက်ထုတ်ပြန်စွပ်စွဲထားခဲ့သည်။

ULA/AA ဘက်ကမူ ယခုကိစ္စမှာ ၄င်းတို့နှင့် လုံးဝ သက်ဆိုင်မှုမရှိဘဲ ALP ပါတီတွင်း အကွဲအပြဲများ၊ တစ်ဘက်နှင့် တစ်ဘက် မကျေနပ်မှုများကြောင့် ယခုကိစ္စဖြစ်ပွားခြင်းဖြစ်နိုင်သည်ဟု ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက တုံ့ပြန်ပြောဆိုထားသည်။

ယင်းအပြင် ALP အဖွဲ့ဝင်များသည် စစ်တွေမြို့တွင်းတွင် ပြည်သူများကို မတရား ဖမ်းဆီးနှိပ်စက် အနိုင်ကျင့်မှုများ၊ ပြန်ပေးဆွဲငွေညှစ်မှု စသည့် ရာဇဝတ်မှုများကို တောက်လျှောက် ကျူးလွန်နေသည့်အတွက် စစ်တွေဒေသခံများကြားတွင်လည်း မကျေနပ်မှုများ ဖြစ်ပေါ်လျက်ရှိရာ တစ်စုံတစ်ဦးက လက်တုံ့ပြန်ခြင်းမျိုးဖြစ်နိုင်သည်ဟုလည်း ဦးခိုင်သုခက သုံးသပ်ပြောဆိုထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်၊ မွန်းတည့်ပိုင်းကလည်း ALP ပါတီမှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြနှင့် နောက်ထပ် တပ်မှူး ၂ ဦးတို့သည် စစ်တွေရှိ ဝေသာလီအားကစားကွင်း၌ စစ်ကောင်စီက ပြုလုပ်ခဲ့သည့် လွတ်လပ်ရေးနေ့ အခမ်းအနားသို့တက်ပြီး အိမ်စီးကားတစ်စီးဖြင့်အပြန် စက်ရုံစုရပ်ကွက်ရှိ ဆီဆိုင်တန်း အနီး၌ လက်နက်ကိုင်တစ်စု၏ သေနတ်ဖြင့်ပစ်ခတ်ခြင်းကိုခံခဲ့ရပြီး ၃ ဦးစလုံး ပွဲချင်းပြီးသေဆုံးသွားခဲ့ရသေးသည်။ (NN-16)

https://www.facebook.com/narinjara.info/posts/664261972407602

Leave a Reply

Your email address will not be published.