By Western News / 2023 July 8

မနက်ဖြန် ဇူလိုင်လ ၉ ရက်နေ့တွင် လူကြီးရောက်မည်ဆို၍ စစ်တွေမြို့ ကမ်းနားလမ်း ခေါ် ရှုခင်းသာလမ်း တစ်လျှောက်က လမ်းဘေးဈေးဆိုင်များကို ပိတ်ခိုင်းနေပြီး မေယုလမ်းမပေါ်က ဆိုင်ခန်းအချို့၏ အယပ်တွဲများကို ဖယ်ရှားခိုင်းနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
ပြည်နယ်နှင့် မြို့နယ်စည်ပင်ဝန်ထမ်းများမှ ဆိုင်ကယ် လေးစီးခန့်ဖြင့် ဈေးဆိုင်ခန်းများအား လိုက်လံ သတိပေးနေကြောင်း မျက်မြင်တစ်ဦးက ဆိုသည်။
ရှုခင်းသာလမ်းမှ လမ်းဘေးဈေးဆိုင်သည်တစ်ဦးက “ မနက်ဖြန် လူကြီးလာမယ်လို့ ပြောတယ်။ ကမ်းနားလမ်းတစ်လျှောက် လာမယ်ဖြစ်တဲ့အတွက် မနက်ဖြန်တစ်ရက်တော့ ဆိုင်ပိတ်ပေးပါဆိုပြီး ပြောလာတယ်။ နောက်ထွေထွေထူးထူး ပြောတာတော့ မရှိပါဘူး။ ” ဟု ပြောသည်။
ပွိုင့်လမ်းဆုံရှိ လမ်းဘေးဈေးဆိုင်များမှာလည်း မူလနေရာက်နေ နောက်သို့ ၁၅ ပေခန့် ဆုတ်ပေးရန် ပြည်နယ်စည်ပင်မှ အရာရှိအပါအဝင် စည်ပင်ဝန်ထမ်းများမှ အတင်းဆုတ်ခိုင်းနေကြောင်းလည်း သိရသည်။
ဈေးသည်တစ်ဦးက “ မနက်ဖြန် လူကြီးလာမယ်ပြောတယ်။ ဘယ်သူလာမယ်ဆိုတာ မသိရဘူး။ ဒီနေ့ကတည်းက ပြည်နယ်က လူကြီးလာမှာမို့ ဆိုင်ခန်းတွေကို နောက်သို့ ဆုတ်ခိုင်းပါတယ်။ အခု ကျနော်တို့ ရွှေ့နေရပါတယ်။ ” ဟု ပြောသည်။
ယင်းအပြင် မေယုလမ်းမပေါ်ရှိ လောကာနန္ဒာစေတီတော်ရှေ့တွင် နေအိမ်များနှင့်တွဲပြီး ရောင်းချနေသော ဈေးဆိုင်ခန်းများတွင် လမ်းမပေါ်သို့ ရောက်ရှိနေသည့် အယပ်တွဲများကို ဖယ်ရှားခိုင်းနေကြောင်းလည်း ဆိုင်သည်တစ်ဦးက ပြောသည်။
“ လမ်းဘေး ပလက်ဖောင်းမှာ အယပ်တွဲထားတဲ့ ဈေးဆိုင်တွေကို စည်ပင်ဝန်ထမ်းအချို့က လိုက်လံ သတိပေးနေပါတယ်။ ဖြုတ်ပေးရမယ်လို့ ပြောပါတယ်။ ကျနော်တို့က မိုးရာသီမို့ ရေမစိုင်ရအောင် တာလပတ်နဲ့ ယာယီသဘောမျိုး အယပ်တွဲထားတာပါ။ သူတို့ပြောတော့လည်း ဖယ်ပေးရမှာပေါ့။ ” ဟု ပြောသည်။
ယင်းကဲ့သို့ ဈေးဆိုင်ခန်းများအား ပြည်နယ်အဆင့်မှ အရာရှိများကိုယ်တိုင် ကွင်းဆင်းသတိပေးနေခြင်းသည် မနက်ဖြန်လာမည့် လူကြီးမှာ စစ်ကောင်စီမှ ပြည်ထောင်စုဝန်ကြီးထက် အဆင့်မြင့်သော ပုဂ္ဂိုလ်များ ဖြစ်နိုင်သည်။
ပုံမှန်ဆိုလျှင် စစ်ကောင်စီ ဥက္ကဌ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လာမှသာလျှင် ယင်းကဲ့သို့ ဈေးဆိုင်ခန်းများအား လိုက်လံသတိပေးလေ့ရှိသည်။
သို့သော်လည်း မနက်ဖြန် စစ်တွေမြို့သို့ ရောက်လာမည့် စစ်ကောင်စီ၏ လူကြီးမှာ မည်သူဖြစ်သည်ကို Western News မှ အတည်မပြုနိုင်သေးပေ။
မိုခါမုန်တိုင်းမခတ်မီက အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ လောကာနန္ဒာစေတော်မြတ် ထီးတော်တင်ရန် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ပြီး ၎င်း မလာခင် ရက်ပိုင်းအလိုတွင် စစ်တွေပြည်သူ့ဆေးရုံးရှေ့ရှိ လမ်းဘေးဈေးဆိုင်ခန်းများအား ပိတ်သိမ်းဖယ်ရှားခဲ့သည့် ဖြစ်ရပ်ရှိဖူးသည်။
https://www.facebook.com/westernnewsagency/posts/701855251953904