လူကြီးများ အစည်းဝေးရှိသည်ဟုဆိုကာ ကျောက်တော်မြို့နယ်မှ ဆန်စက်ပိုင်ရှင် ရုံးထုတ်အား ရွှေ့ဆိုင်းခံရ

By Arakan Bay News / 2023 July      11

ရခိုင်ပြည် ကျောက်တော်မြို့နယ် ကာဒီရွာကျေးရွာမှ စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခံထားရသည့် ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းနှင့် သူ၏အဖော်ဖြစ်သူ ကိုမောင်ချေ (ခ) မောင်သက်စိုးတို့အား ဇူလိုင်လ ၁၀ရက်နေ့က ပုံမှန်ရုံးချိန်းရက်ဖြစ်သော်လည်း လူကြီးများအစည်းဝေးရှိသည်ဟုဆိုကာ ရုံးမထုတ်ဘဲ ရက်ရွှေ့ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီမှ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)ဖြင့် စွဲဆိုထားသည့် ဦးလှမောင်သန်းနှင့် သူ၏ အဖော်ဖြစ်သူ ကိုမောင်ချေ (ခ) မောင်သက်စိုးတို့ကို ၁၅ကြိမ်မြောက်တိတိ ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖက်မှ တရားလို တစ်ကြိမ် တစ်ခါမှ မရောက်ရှိကြောင်း ဦးလှမောင်သန်း၏ ဇနီးဖြစ်သူကပြောသည်။

“ယမန်နေ့က ကျမ ယောကျ်ား ရုံးထုတ်ရှိတယ်ဆိုပြီး ကျမသွားခဲ့ပါတယ် ဟိုကိုရောက်တော့ လူကြီးတွေအစည်းဝေးရှိလို့ ကျမတို့ပြန်လာခဲ့ပါတယ်။ အရင်တုန်းကလည်း တရားလိုက တစ်ကြိမ်မှ မရောက်ပါနောက်ထပ်ဘယ်နေ့ ရုံးချိန်းမယ်ဆိုတာကို ကျမလည်းမသိပါဘူး” ဟုပြောသည်။

ဦးလှမောင်သန်း၏ ဇနီးမှာ လင်ယောကျ်ား၏ စားဝတ်နေရေးအပြင် အိမ်တွင်း စားဝတ်နေရေးနှင့် မိုခါကြောင့် ပျက်စီးသွားသည့် အိမ်ကိုပြုပြင်ရေးစသည်တို့အတွက် ရုန်းကန်နေရသည့်အတွက် အလွန်အမင်း အခက်အခဲရှိနေသည်ဟုပြောသည်။

“ကျမယောကျ်ားအရေးကိုလည်း ကျမကလုပ်ရတာပါ။ အိမ်မှာက သမီးလည်း ၂ ယောက် ရှိပါတယ်။ တစ်ယောက်က ၁၀တန်းပါ။ နောက်တစ်ယောက်တော့ ၁၁တန်း။ မုန်တိုင်းကြောင့်လည်း အိမ်ကပျက်စီးသွားပါတယ်။ အိမ်ကိုလည်း ပြင်ပေးမယ့်သူကမရှိ။ တစ်ခါတဆလ ကျမကို ကျမသတ်သေချင်စိတ်တွေ ဖြစ်ပါတယ်” ဟုပြောသည်။

ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းနှင့် သူ၏အဖော်ဖြစ်သူ ကိုမောင်ချေ (ခ)မောင်သက်စိုးတို့မှာ ပြီးခဲ့သည့် ၂၀၂၂ခုနစ် အောက်တိုဘာ ၂ရက်နေ့က ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက် ခမရ ၅၃၉တပ်ရင်းတွင် ဖမ်းဆီးခံခဲ့ရပြီး ယခုအခါ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းမှာ အချုပ်ထဲတွင် နာမကျန်း ဖြစ်နေသည်ဟုသိရသည်။

လက်ရှိမှာ စစ်တွေ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရခိုင်သို့ ရောက်ရှိနေသည့်အတွက် ရခိုင်ရှိ စစ်ကောင်စီဝန်ထမ်းများမှာ အလုပ်ရှုပ်လျက်ရှိနေကြောင်း ဝန်ထမ်းရပ်ကွက်မှ သိရသည်။

https://www.facebook.com/photo/?fbid=238664099019849&set=a.113111788241748

Leave a Reply

Your email address will not be published.