ရမ်းဗြဲအဝေးပြေးကားဂိတ်ဆောက်လုပ်စဉ်က မြေပိုင်ရှင်များကို ကားဝင်းအတွင်း ပေ ၄၀-၆၀ မြေကွက်ပေးမည်ဟုစာချုပ်ချုပ်ခဲ့သော်လည်း ၇ နှစ်ကြာသည့်တိုင် အစိုးရဘက်က ကတိပျက်ကွက်နေ၍ မြေပိုင်ရှင်တို့ အခက်တွေ့

By Narinjara / 2023 July     11

ဓာတ်ပုံံ- အဝေးပြေးကားဝင်းအတွက် အစိုးရကမြေဝယ်ယူခဲ့စဥ် သဘောတူညီချက်စာ။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ရှိ အဝေးပြေးကားဝင်းအတွက် NLD အစိုးရ လက်ထက်က မြေဝယ်ယူရာတွင် မြေပိုင်ရှင်များကို ကားဝင်းအတွင်း ပေ ၄၀- ၆၀ ရှိသည့် မြေနေရာပေးမည်ဟု စာချုပ်ချုပ်ဆိုထားခဲ့သော်လည်း ၇ နှစ်ခန့်ကြာသည် အထိ အစိုးရဘက်က စာချုပ်အတိုင်း မြေနေရာမပေးသေးကြောင်း မြေပိုင်ရှင်များ အခက်အခဲကြုံနေရသည်ဟု သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ရမ်းဗြဲဒေသခံ ဦးဖိုးသွယ်၊ ဦးအောင်မြင့်နှင့် ဦးသာလှအောင်တို့ပိုင်ဆိုင်သည့် ရမ်းဗြဲမြို့အဝင် ခမောင်းကုတင် ကျေးရွာအုပ်စု အနီးရှိ လယ်မြေ ၄ ဧကခန့်ကို အစိုးရက အဝေးပြေးကားဝင်းတည်ဆောက်ရန် တစ်ဧကကို ကျပ်သိန်း ၃၀၊ နှစ်ဧကရှိသူကို ကျပ်သိန်း ၄၀ ပေးပြီး ဝယ်ယူခဲ့ကြောင်း သိရသည်။

၎င်းအပြင် အဆိုပါမြေ အရောင်းအဝယ်စာချုပ်ထဲတွင် ဦးဖိုးသွယ်နှင့် ဦးအောင်မြင့်ဆိုသူ တို့ကို အစိုးရက အဝေးပြေးကားဝင်းအတွင်း ၄င်းတို့ ကြိုက်နှစ်သက်ရာ ပေ ၄၀-၆၀ မြေနေရာတစ်ကွက်စီပေးရမည်ဟု ချုပ်ဆိုခဲ့သော်လည်း ကားဝင်း တည်ဆောက်၍ ၇ နှစ်ခန့်ကြာမြင့်သည့်ယနေ့အချိန် စာချုပ်ပါအတိုင်းမြေနေရာကို မရရှိသေးကြောင်း နစ်နာသူမြေပိုင်ရှင်များက နိရဥ္စရာသို့ပြောသည်။

မြေပိုင်ရှင် ဦးဖိုးသွယ်က “အဝေးပြေးကားဝင်းတည်ဆောက်ဖို့မြေနေရာရှာတဲ့အခါ ကျွန်တော်တို့မြေနေရာတွေကျလာတယ်။ မြေနေရာဝယ်တယ်သူတို့က။ မင်းတို့နေရာကို တစ်ဧကို သိန်း ၂၀ ပေးမယ်။ ကျနော်တို့က သိန်း ၂၀ နဲ့ မရောင်းပါလို့ငြင်းတယ်။ ကျွန်တော်တို့က သိန်းတစ်ရာတောင်းတယ်။ သူတို့ဘက်က မတတ်နိုင်ဘူးလို့ပြောတယ်။ နောက်ဆုံး သူတို့ဘက်က ကျွန်တော်တို့ကို ကားဂိတ်အတွင်း ပေ ၄၀-၆၀ မြေနေရာပေးမယ်ဆိုပြီးတော့ ကျနော့်လယ်တစ်ဧကို သိန်း ၃၀ နဲ့ စာချုပ်ချုပ်ခဲ့တယ်”ဟု နိရဥ္စရာသို့ပြောသည်။

ကားဝင်းအတွင်းမြေနေရာကိုပေးရန် ယင်းအချိန်က ရမ်းဗြဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းမှစ၍ လက်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများအထိ လျစ်လျူ ရှုထားခဲ့သည်ဟု သူက ဆက်ပြောသည်။

“ငွေသိန်းသုံးဆယ်ကိုတော့ ကျွန်တော်တို့ရတယ်။ သူတို့နောက်ပေးရမယ့် မြေနေရာကိုကျွန်တော်တို့မရဘူး။ ကျွန်တော်တို့ တက်လာသမျှ အုပ်ချုပ်ရေး ပိုင်းတွေကိုလည်း တောင်းဆိုပြီးပြီ။ ကျွန်တော်တို့က စာချုပ်အရ ကျွန်တော်တို့ ရစရာရှိတာ တောင်းတာပါ။ မဟုတ်ရင် ကျွန်တော်တို့မြေတစ်ဧက ကိုသိန်းသုံးဆယ်လောက်နဲ့ ဘယ်ရောင်းခဲ့ပါ့မလဲ”ဟု ပြောသည်။

ယင်းအချိန်က အစိုးရကမြေဝယ်ယူခဲ့ရာတွင် ဦးအောင်မြင့်သိန်းထံမှ လယ် ၂ ဧကခန့်ကိုကျပ်သိန်း ၄၀ ၊ ဦးဖိုးသွယ်ထံမှ လယ်တစ်ဧကကို ကျပ်သိန်း ၃၀ နှင့် စျေးနှိမ်ကာဝယ်ယူခဲ့ပြီး ဦးသာလှအောင်ထံမှ လယ်တစ်ဧကကိုမူ စာချုပ်မပါဘဲ ဝယ်ယူခဲ့ကြောင်း သိရသည်။

ဦးဖိုးသွယ်နှင့် ဦးအောင်မြင့်တို့၏ မြေများကိုမူ စာချုပ်စာတမ်းနှင့်ဝယ်ယူခဲ့ပြီး အရပ်သားအစိုးရလက်ထက် မြို့နယ်အုပ်ချုပ်ရေးဦးရဲမြတ်သိန်းအပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၅ ဦးတို့ဖြင့် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကွယ်လွန်သွားသူဦးအောင်မြင့်၏သမီးဖြစ်သူက “အဲဒီမြေဝယ်တုန်းက ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေပါ လက်မှတ်ထိုးထားကြတာပါ။ စာချုပ်နဲ့ဝယ်တာပါ။ စာချုပ်ထဲမှာပါတဲ့ကျွန်မတို့ကို အခုထိ မပေးသေးဘူး”ဟု နိရဥ္စရာသို့ပြောသည်။

ရမ်းဗြဲကားဝင်းတည်ဆောက်ပြီးစီးချိန်တွင် ကားဝင်းထဲတွင် ပြည်နယ်ဝန်ကြီးဟောင်း ဦးကျော်လွင်၏ သားဖြစ်သူက ပေ ၁၅၀ ပတ်လည် မြေနေရာဂရမ်ခံပြီး ဆီဆိုင်ဖွင့်လှစ်မှုများရှိခဲ့သော်လည်း မြေရောင်းချခဲ့သည့် ပိုင်ရှင်များမှာ စာချုပ်ထဲပါရှိသည့် မြေနေရာကို ယခုအချိန်ထိ မရရှိသေးကြောင်း ပြောဆိုကြသည်။

အဆိုပါအဝေးပြေးကားဂိတ်အတွက် မြေ ၄ ဧကခန့်ကို ဒေသခံ ၃ ဦးထံမှ စျေးနှိမ်ဝယ်ယူအပြီး ကားဂိတ်ကို ၂၀၁၆ ခုနှစ်မှစတင်တည်ဆောက်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် ပြီးစီးခဲ့သည်ဟု သိရသည်။

လက်ရှိစစ်ကောင်စီလက်ထက် ရခိုင်ပြည်တွင်း မြေယာသိမ်းဆည်းမှု၊ ဒေသခံများကို ကျူးကျော်ဟုဆိုကာ အတင်းဖိအားပေးဖယ်ရှားမှုစသည့် မြေယာပြဿနာများလည်းရှိနေပြီး ပြည်သူများ အိုးမဲ့အိမ်မဲ့ဘဝဖြင့် နစ်နာဆုံးရှုံးမှုများ ရှိနေကြသည်ဟု သိရသည်။ (NN-23)

https://www.facebook.com/photo/?fbid=668541708646295&set=pcb.668541995312933

Leave a Reply

Your email address will not be published.