ရခိုင်အမျိုးသားပါတီဥက္ကဌ ဦးသာထွန်းလှ နှင့် အင်တာဗျူး

By DMG / 2023 July       25

မြန်မာတစ်နိုင်ငံလုံးတွင် စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၅၀ ရှိပြီး ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၂၄  ရက်နေ့ထိ နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့်ပြုထားသည့် ပါတီ ၃၀ ကျော် ရှိသည်။

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် ရခိုင်မှ မှတ်ပုံတင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆ ခုရှိသည့်အနက် ပါတီ ၅ ခုကို ပြည်ထောင်စုရွေးကော်က ပါတီတည်ထောင်ခွင့် ပြုလိုက်သော်လည်း  ရခိုင်အမျိုးသားပါတီ (ANP) ကို လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်မပြုသေးပေ။

ရခိုင်အမျိုးသားပါတီကို စစ်ကောင်စီက မှတ်ပုံတင်ခွင့် မပေးသေးခြင်းမှာ ရခိုင်လူထုကြား စိတ်ဝင်စားစရာ ဖြစ်လာသည်။ ယင်းကိစ္စအပါအဝင် လက်ရှိ ရခိုင်နှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းများကို ANP ပါတီဥက္ကဌ ဦးသာထွန်းလှကို DMG က ဆက်သွယ်မေးမြန်းထားသည်။

မေး – နိုင်ငံရေးနဲ့ပတ်သက်ပြီး ANP ပါတီရဲ့ လက်ရှိလုပ်ဆောင်နေမှုကို ပြောပြပေးပါ။

ဖြေ – မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေအရ ပြောရမယ်ဆိုရင် နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍက တော်တော်လျော့နည်းနေတဲ့ သဘောဖြစ်နေတယ်။ နိုင်ငံရေးပါတီတွေကိုလည်း ပြန်ပြီးမှတ်ပုံတင်ခိုင်းတဲ့ ဥပဒေကို နစကကောင်စီက ထုတ်လာပြီးတဲ့နောက်ပိုင်း ကျနော်တို့က ပါတီတစ်ခုအနေနဲ့ ပြန်ပြီးမှတ်ပုံတင်ထားဖို့ လိုအပ်တယ်လို့ သုံးသပ်မိတဲ့အတွက်ကြောင့် မှတ်ပုံတင်ထားတဲ့ အခြေအနေပဲ ရှိသေးတယ်။

မေး – ရခိုင်က မှတ်ပုံတင်ထားတဲ့ ပါတီ ၆ ခုထဲမှာ အခုချိန်ထိ ANP ပါတီကို ခွင့်မပြုသေးတာက ဘာကြောင့်လို့ထင်လဲ။

ဖြေ – ပါတီတည်ထောင်ခွင့် မကျသေးတာကတော့ ကျနော်တို့ ANP ပါတီတစ်ခုတည်း မဟုတ်သေးဘူး။ တခြားတိုင်းရင်းသား လူမျိုးစုတွေမှာလည်း မှတ်ပုံတင်ခွင့်မကျတဲ့ ပါတီတွေရှိနေသေးတယ်။ ပြည်မဘက်မှာဆိုရင် မှတ်ပုံတင်ခွင့်မကျသေးတဲ့ ပါတီတွေရှိသေးတယ်။ ကျနော့်အမြင်ကတော့ တိုင်းရင်းသားလူမျိုးတွေမှာဆိုရင် တိုင်းရင်းသားလူမျိုးစုကို ကိုယ်စားပြုတဲ့အင်အားကြီးပါတီတွေ လူမျိုးတိုင်းမှာရှိတယ်။ အဲဒီလို အင်အားကြီးပါတီတွေကို တစ်စုံတစ်ရာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လေ့လာစီစစ်နေတဲ့အခြေအနေမျိုးမှာ ရှိနေသေးတယ်လို့ သုံးသပ်မိတယ်။ အခုလောလောဆယ်တော့ ဒီလောက်ပဲ ပြောလို့ရမယ်။

မေး – ANP ပါတီမှာ AA နဲ့ ဆက်နွယ်တဲ့သူတွေရှိနေလို့ ပါတီထူထောင်ခွင့် ကြန့်ကြာနေတယ်လို့ ပြောဆိုမှုတွေရှိတယ်။ ဒီအပေါ်မှာကော ဘာပြောချင်လဲ။

ဖြေ – လူတိုင်းလူတိုင်းမှာ ကိုယ့်အမြင်နဲ့ကိုယ် သဘောထားကွဲလွဲမှု ရှိနိုင်ပါတယ်။ ဒါကတော့ လူတစ်ယောက်ရဲ့အမြင်နဲ့ ပြောဆိုမှုသာ ဖြစ်တယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီးတော့ ဒီလောက်ပဲ ကျနော်ပြောလို့ရမယ်။

မေး – ပါတီဝင်တစ်ချို့က စစ်ကောင်စီနဲ့ ပူးပေါင်းသွားတာ၊ AA နဲ့ ပူးပေါင်းသွားတာကို ကြားသိရတယ်။ ဒီလူတွေကိုရော ပါတီက တရားဝင်ထုတ်ပယ်သွားဖို့ရှိလား။

ဖြေ – လောလောဆယ် ပါတီက မှတ်ပုံတင်ထားဆဲပဲ ရှိသေးတယ်။ ရှေ့လုပ်ငန်းစဉ်တွေက မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေအပေါ်မှာ မူတည်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်သွားမှာဖြစ်လို့ မှတ်ပုံတင်ခွင့်ကျလာရင် ဘယ်လိုဆောင်ရွက်သွားမယ် ဆိုတာတော့ ပြောလို့မရသေးဘူး။ လောလောဆယ်တော့ (တရားဝင်ထုတ်ပယ်ဖို့) မရှိသေးဘူးလို့ပဲ ပြောနိုင်ပါတယ်။

မေး – ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရခိုင်ပြည်ရဲ့အလားအလာနဲ့ ရွေးကောက်ပွဲကျင်းပနိုင်မယ့် အခြေအနေကို ဘယ်လိုမြင်မိလဲ။

ဖြေ – နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံတင်လျှောက်ထားတဲ့ အခြေအနေမျိုးမှာပဲ ရှိသေးတယ်။ တစ်ချို့ပါတီတွေပဲ မှတ်ပုံတင်ခွင့်ပြုတဲ့ အခြေအနေမျိုး…။ ပြီးရင် ရွေးကောက်ပွဲတစ်ခု လုပ်မယ်ဆိုရင် မဲထည့်မယ့် မဲဆန္ဒရှင်တွေက လုံလုံခြုံခြုံလွတ်လွတ်လပ်လပ်နဲ့ မဲပေးခွင့်ရရှိဖို့အရေးကြီးတယ်။ အခုအခြေအနေရဆိုရင်  မြန်မာနိုင်ငံမှာ ပြည်သူတွေက  နေ့စဉ်နဲ့အမျှ ကိုယ့်ရပ်ကိုယ့်ရွာကို စွန့်ခွာပြီး ထွက်ပြေးနေရတယ်၊ အသက်သေဆုံးမှုတွေ ရှိနေတဲ့အတွက်ကြောင့် ပြည်သူတွေမှာ လုံခြုံရေးစိုးရိမ်စိတ်နဲ့ နေထိုင်နေရတယ်။ ဒါကြောင့် လက်ရှိအခြေအနေကို ပြောရမယ်ဆိုရင် လွတ်လွတ်လပ်နဲ့ လုံလုံခြုံခြုံနဲ့ မဲပေးနိုင်တဲ့ အခင်းအကျင်းမှာ ရှိမနေသေးဘူးလို့ မြင်တယ်။

မေး – မုန်တိုင်းသင့်ပြည်သူတွေကို ရခိုင်နိုင်ငံရေးပါတီတွေက ကူညီထောက်ပံ့မှုတွေ အားနည်းနေတာကို တွေ့ရတယ်။ ANP ကတော့ ရေလှူခဲ့တာတွေကို တွေ့ရတယ်။ ဆိုတော့ ဒီကိစ္စတွေမှာ အားနည်းသွားတာဟာ ဘာကြောင့်လဲ။

ဖြေ – ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ဘူးဆိုတာက မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေအရ ပြောရမယ်ဆိုတော့ မဲဆန္ဒရှင်ပြည်သူတွေကိုယ်တိုင်က နိုင်ငံရေးပါတီတွေအပေါ်မှာ စိတ်ဝင်စားမှုအားနည်းနေတဲ့ အခြေအနေမှာရှိနေတယ်လို့ သုံးသပ်မိတယ်။ နိုင်ငံရေးပါတီတွေကလည်း ကန့်သတ်မှုတွေခံနေတဲ့ အခြေအနေမျိုးမှာ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေ ထွက်လာပြီးနောက်ပိုင်း တချို့ပါတီတွေက မှတ်ပုံတင်ကျတယ်၊ တချို့ပါတီတွေက မှတ်ပုံတင်မကျသေးဘူး။ ကျနော်တို့ပါတီဆိုရင် မှတ်ပုံတင်တင်ထားတာ ခွင့်ပြုချက်မကျသေးဘူး။ အခြေအနေအမျိုးမျိုးကြောင့် ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အခြေအနေမျိုးမှာ မရှိခဲ့ဘူး။

မေး – စစ်ကောင်စီနဲ့ AA ကြား လက်ရှိ ဆက်ဆံရေးအခြေအနေကို ဘယ်လိုတွေ့ရလဲ။

ဖြေ –  ၂၀၂၂ ခုနှစ်က စစ်ကောင်စီနဲ့ AA အကြားမှာ လူသားချင်းစာနာထောက်ထားမှုနဲ့ နှစ်ဖက်အပစ်အခတ်ရပ်စဲခဲ့တယ်။ အပစ်ရပ်စဲထားတဲ့ကြားကာလမှာ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ လုပ်ငန်းစဉ်မျိုးလုပ်နိုင်ခဲ့တာ မမြင်ဘူး။

တချို့သတင်းတွေ ကြားရတာက နစကကောင်စီဥက္ကဌက မိုခါမုန်တိုင်းအလွန် ရခိုင်ကိုလာတဲ့ခရီးစဉ်တွေမှာ တပ်မတော်သားတွေကို တိုက်ပွဲဝင်ဖို့အတွက် အဆင်သင့်ရှိနေဖို့ ညွှန်ကြားမှုတွေရှိတယ်လို့ သိရတယ်။ ဒါကြောင့် ပြောရမယ်ဆိုရင် တပ်မတော်နဲ့ AA ကြား ထိတွေ့ဆွေးနွေးပြီး အဖြေရှာတဲ့လုပ်ငန်းစဉ်တွေအပေါ်မှာသာ မူတည်တယ်လို့ မြင်တယ်။

အပစ်အခတ်ရပ်စဲရေး စလုပ်ကတည်းက တချို့ရခိုင်ပြည်သူတွေဟာ ULA/AA သံသယနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရသူတွေ ရှိတယ်။ အခုထိ တရားရုံးတွေမှာစစ်ဆေးပြီးမှ အမိန့်တစ်စုံတစ်ရာ မချဘဲ အချိန်ဆွဲပြီးရုံးချိန်းတာတွေ ရှိနေသေးတယ်။ ပြီးရင် ရခိုင်ပြည်ကို ပြည်မဘက်က ကုန်လမ်းနဲ့ သယ်ယူပို့ဆောင်ရေးမှာလည်း စားသောက်ကုန်ကအစ အိမ်ဆောက်ပစ္စည်းတွေ အပါအဝင် ကုန်တွေကို နယ်လုံဝန်ကြီးလက်မှတ်ပါမှ သယ်ယူခွင့်ရှိတယ်ဆိုတဲ့ ကန့်သတ်ချက်တွေက ဒီနေ့အထိရှိနေတဲ့ အတွက်ကြောင့် အပစ်အခတ်ရပ်စဲထားတဲ့အခြေအနေမှာ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးပြီး အဖြေရှာနိုင်တဲ့ အခြေအနေ မရှိဘူး။

မေး – စစ်ကောင်စီက နောက်ထပ်သက်တမ်းတိုးပြီး အာဏာယူဖို့ အရိပ်အမြွက် ပြောဆိုထားတာရှိတယ်။ ရှေ့ဆက်အခြေအနေတွေက ဘာတွေဖြစ်လာနိုင်လဲ။

ဖြေ – ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက နိုင်ငံအာဏာကို စစ်တပ်ကထိန်းတယ် ဆိုပြီး ယူလာခဲ့တာဖြစ်တယ်။ ၂၀၀၈ အခြေခံဥပဒေမှာလည်း သက်တမ်း ၁ နှစ်ပြီးရင် သက်တမ်း ၆ လ၊ ၆ လ နှစ်ခါတိုးလို့ရတယ်လို့ ရေးဆွဲထားတယ်။ နောက် ၂ နှစ်ပြည့်တဲ့အချိန်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီတယ်ဆိုပြီးတော့ နောက်ထပ်တိုးယူလာတာ ဖြစ်တယ်။ အဲဒါကြောင့် အခု နစကကောင်စီယူတဲ့အချိန်မှာလည်း နိုင်ငံကိုရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ဆောင်ရွက်သွားမယ်ဆိုပြီး ပြည်သူတွေကို ထုတ်ပြန်ကြေညာခဲ့တာ ရှိတယ်။ အဲဒီထဲမှာ နိုင်ငံကို တည်ငြိမ်အေးချမ်းရေနဲ့ တရားဥပဒေစိုးမိုးအောင် လုပ်ဆောင်သွားမယ်ဆိုတဲ့ အချက်တစ်ချက်လည်းပါတယ်။

လက်ရှိအခြေအနေမှာ ပြောမယ်ဆိုရင် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးက မြန်မာနိုင်ငံမှာ အလွန်တရာဆုတ်ယုတ်သွားတဲ့ သဘောမျိုးဖြစ်နေတယ်။ ဒါကြောင့် နောက်ထပ် ၆ လ သက်တမ်းတိုးရင်လည်း ရှေ့ကလုပ်သွားတဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း တစ်စုံတစ်ရာ အပြောင်းအလဲ ကြီးကြီးမားမား မလုပ်နိုင်သေးဘဲ သက်တမ်းတိုးတာကိုပဲ ကြိုးစားလုပ်လိမ့်မယ်။ လက်ရှိအခြေအနေမှာက ပြည်သူတွေက စိုးရိမ်စိတ်နဲ့ နေထိုင်ရတာ ဖြစ်နေတယ်။ နောက်သက်တမ်းတိုးရင်လည်း အဲဒီအခြေအနေကတော့ အလွယ်တကူ ပြောင်းလဲလိမ့်မယ်လို့ မမြင်ဘူး။

မေး – နောက်ထပ် ဖြည့်စွက် ပြောစရာများ ရှိမလား။

ဖြေ – မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြဿနာတွေကို အဖြေရှာတဲ့လုပ်ငန်းတွေနဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်လိုတဲ့ဆန္ဒရှိရင် လုပ်ငန်းစဉ်တွေကို မြန်မြန်ဆန်ဆန်လုပ်ဖို့လိုတယ်။ ပါးစပ်နဲ့ပြောရုံလုပ်နေရင် ပြည်သူတွေ ထိခိုက်မှုတွေ၊ နစ်နာဆုံးရှုံးမှုတွေ ပိုပြီး ဖြစ်လာနိုင်တယ်။ ဆိုတော့ ဖယ်ဒရယ်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို ပါးစပ်အပြောနဲ့မဟုတ်ဘဲ နိုင်ငံရေးကတိကဝတ် ရယူပြီး လုပ်ငန်းစဉ်တွေကို အစီစဉ်ချပြီးရင် စတင်အကောင်အထည်ဖော် လုပ်နိုင်ရင်တော့ ဖြေလျော့သွားလိမ့်မယ်။

အဲဒါကြောင့် အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိတဲ့ ပြည်နယ်တွေနဲ့ စစ်မှန်တဲ့ဖယ်ဒရယ်တည်ထောင်ရေး လုပ်ငန်းစဉ်တွေကို အာဏာယူထားတဲ့ပုဂ္ဂိုလ်တွေက ပါးစပ်နဲ့မဟုတ်ဘဲ လက်တွေ့အကောင်အထည်ဖော်ဖို့ ရောက်နေပြီလို့ ပြောလိုပါတယ်။

အခုလို DMG ကို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

https://www.facebook.com/dmgnewsagency/posts/670634745110125

Leave a Reply

Your email address will not be published.