ရခိုင်သို့အပြန်လမ်းတွင် ၁၀ ရက်‌ကြာပျောက်ဆုံးနေသည့် ကိုရင်ငယ်ကို ပြန်တွေ့ပြီ

By Western News / 2023 July     10

ပြည်မဖက်မှ ရခိုင်ပြည်သို့ အပြန် လမ်းတွင် ၁၀ ရက်ကြာပျောက်ဆုံးနေသော ကိုရင်ငယ်ကို ယမန်နေ့ ဇူလိုင်လ ၉ ရက်နေ့က အဆက်အသွယ်ရရှိထားပြီဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ပဲခူးတိုင်း၊ မင်းလှမြို့ မြို့မစာသင်တိုက်တွင် ရှင်ဝတ်ကာ ပညာသင်ယူနေသော ကိုရင်ငယ်ဖြစ်သူ ရှင်ယဿ သည် မိမိနေရပ်ရခိုင်သို့ ပြန်သွားသည်မှာ ၁၀ ရက်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း နေရပ်သို့ပြန်မရောက်ဘဲ လမ်းတွင် ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

ကိုရင်ငယ်မှာ ပဲခူးမှ မျိုးဆက်သစ်ကားဖြင့် ပြည်သို့ရောက်ရှိစဉ် တကာမတစ်ဦးက ခေါ်ယူကာ မန္တလေးရှိ ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် နေထိုင်ခိုင်းထားကြောင်း ဆက်သွယ်လာသည်ဟု အဆိုပါ ကိုရင်ငယ်၏ ဦးရီးဖြစ်သူ ဦးဇင်းဝဏ္ဏိတက မိန့်သည်။

“မနေ့က ညနေဖက်လောက်က ဖုန်းဝင်လာပါတယ်။ ကိုရင်ဟာ ပြည်ကားဂိတ်ကို ရောက်တဲ့အချိန် မန္တလေးက ကတာမတစ်ဦးက ခေါ်ယူသွားပြီး အဲ့ဒီမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာ နေထိုင်ခိုင်းထားပါတယ်တဲ့။ သတင်းမီဒီယာက တင်တာကို အဲ့တကာမက မြင်တဲ့အတွက် ဦးဇင်းကို ဆက်သွယ်လာခဲ့တာပါ။ အခုလို ပြန်တွေ့ရရင် ကျေနပ်ပါပြီ။ ကိုရင်ကတော့ အဲ့ဒီမှာ ဝါတွင်းအထိနေပြီး သီတင်းကျွတ်ပြီးရင် ဇာတိ ရခိုင်ကိုပြန်ပါမယ်တဲ့။ ပဲခူးကိုတော့ ပြန်မလာတော့ပါဘူးတဲ့” ဟု မိန့်သည်။

ပျောက်ဆုံးနေခဲ့သော ကိုရင်ငယ်မှာ အသက် ၁၅ နှစ်အရွယ် ရှင်ယဿဖြစ်ပြီး ဇာတိမှာ ရခိုင်ပြည်၊ မောင်တောမြိုနယ် ကံသာယာ‌ ကျေးရွာမှ ဖြစ်သည်။

ကိုရင်ငယ်မှာ ပြီးခဲ့သည့် ‌ဇွန်လ ၂၈ ရက် နေ့လယ် ၁၂ နာရီခွဲကတည်းက နေရပ်ကိုပြန်မည်ဟုဆိုကာ မင်းလှမြို့မစာသင်ကျောင်းတိုက်မှ ထွက်ခွာ‌သွားခဲ့ခြင်းဖြစ်ပြီး ယင်းကတည်းက မိသားစုများနှင့် အဆက်အသွယ်ပြတ်သွားခဲ့ခြင်းဖြစ်သည်။

https://www.facebook.com/photo/?fbid=703003791839050&set=a.682731967199566

Leave a Reply

Your email address will not be published.