ရခိုင်လူမျိုး သိပ္ပံပညာရှင် ဒေါက်တာစောဝေလှခေါင်းဆောင်သည့်သိပ္ပံပညာရှင်အဖွဲ့က အက်တမ်တစ်လုံးချင်းစီ၏ X Ray ပုံရိပ်ကို ရယူနိုင်သည့်နည်းပညာအသစ်အား ရှာဖွေတွေ့ရှိ

By Narinjara / 2023 July     18

Photo – MASES

ရခိုင်လူမျိုး သိပ္ပံပညာရှင် ဒေါက်တာစောဝေလှခေါင်းဆောင်သည့်သိပ္ပံပညာရှင်အဖွဲ့က ကမ္ဘာ့ပထမဆုံး အက်တမ်တစ်လုံးချင်းစီ၏ X Ray ပုံရိပ်ကို ရယူနိုင်သည့်နည်းပညာအသစ်အား ရှာဖွေတွေ့ရှိပြီဟု မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအသင်း(Myanmar Astronomy and Science Enthusiasts Society -MASES)က ထုတ်ပြန်သည်။

ဒေါက်တာစောဝေလှခေါင်းဆောင်ပါဝင်သည့် အမေရိကန်နိုင်ငံ အိုဟိုင်းအိုတက္ကသိုလ်မှ သိပ္ပံပညာရှင်အဖွဲ့က ယခုကဲ့သို့ တွေ့ရှိခဲ့မှုကြောင့် အက်တမ်တစ်လုံးချင်းစီ၏ဂုဏ်သတ္တိများကို အသေးစိတ် လေ့လာနိုင်လာတော့မည်ဖြစ်ပြီး နောင်အနာဂတ်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာဘာသာရပ်နဲ့ ဆေးသိပ္ပံပညာရပ်များတွင် များစွာအထောက်အကူပြုနိုင်မည်ဟုလည်း MASES အသင်း၏ ဇူလိုင်လ ၁၄ ရက်ကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လက်ရှိကုသရန်ခက်ခဲသော ရောဂါများအတွက် ကုသနည်း အသစ်တွေ ရှာဖွေလာနိုင်တော့မှာဖြစ်ပြီး လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ အထောက်အပံ့ ဖြစ်စေလာမှာဖြစ်ပါတယ်”ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

X Ray ကို ၁၈၉၅ ခုနှစ်တွင် စတင်တွေ့ရှိခဲ့သည်မှအစပြု၍ နှစ်ပေါင်းများစွာကြာအောင် X Ray အား အသုံးပြုလိုပါက အက်တမ်အမြောက်အမြားပါရှိသည့် အရာတ္ထုများကိုသာ စူးစမ်းအသုံးပြုနိုင်ခဲ့ကြသည်ဟု သိရသည်။

ယင်းကြောင့် အက်တမ်အနည်းငယ်စီကို X Ray အသုံးပြုစူးစမ်းနိုင်ရန်အတွက် သိပ္ပံပညာရှင်များက ကြိုးစားလာခဲ့ကြသည်မှာ နှစ်ကာလ အတော်ကြာမြင့်နေခဲ့ပြီဖြစ်ပြီး ယခုမှ ဒေါက်တာစောဝေလှခေါင်းဆောင်သည့် သိပ္ပံပညာရှင်အဖွဲ့က ကမ္ဘာ့ပထမဆုံးရှာဖွေတွေ့ရှိခြင်းဖြစ်သည်။

ယခုတွေ့ရှိမှုကိုလုပ်ဆောင်သည့် သိပ္ပံပညာရှင်အဖွဲ့တွင် မြန်မာလူမျိုး ၂ ဦးပါဝင်သည်ဟုလည်း သိရသည်။

သူတို့မှာ အဖွဲ့ခေါင်းဆောင်ဖြစ်သည့် အိုဟိုင်းအိုတက္ကသိုလ်မှ ရူပဗေဒနှင့် နက္ခတ္တဗေဒပညာဌာန၏ ပရော်ဖက်ဆာတစ်ဦးဖြစ်သော ဒေါက်တာ စောဝေလှနှင့် Postdoc ပညာရှင် ဦးကျော်ဇင်လတ်တို့ဖြစ်ကြသည်ဟု သိရသည်။ (NN-16)

https://www.facebook.com/narinjara.info/posts/672451551588644

Leave a Reply

Your email address will not be published.