ရခိုင်မှာ ကျောင်းအပ်နှံခြင်းကို ဇူလိုင်လ နောက်ဆုံးသာ လက်ခံမည်ဟု ပြည်နယ်စစ်ကောင်စီပြော

By Western News / 2023 July     28

ရခိုင်ပြည်အတွင်း အခြေခံပညာကျောင်းများမှာ ကျောင်းအပ်နှံခြင်းကို ယခုလ ဇူလိုင်လ ၃၁ ရက်နေ့အထိသာ ကျောင်းအပ်လက်ခံတော့မည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်သည်။

ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက သူ့၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်မှာ ယခုလို ရေးသားထားသည်။

“ ဇူလိုင်လ ကုန်အထိသာ ကျောင်းအပ်လက်ခံပါတယ်။ ကျောင်းခေါ်ချိန် ၇၅% ရှိမှ စာမေးပွဲဖြေဆိုခွင့် ရကြရမှာမို့ ကျောင်းအပ်လက်ခံခြင်းကို ဇူလိုင်လကုန်ပြီးရင် ခွင့်ပြုပေးမှာ မဟုတ်တော့ဘူး ” ဟု ပြောသည်။

ယမန်နေ့ ဇူလိုင်လ ၂၇ ရက်နေ့အထိ ရခိုင်ပြည်မှာ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ ၅၆၉၉၃၃ ဦး ကျောင်းအပ်နှံထားပြီဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ရခိုင်တွင် မိုခါမုန်တိုင်းကြောင့် စာသင်ကျောင်း ၁၅၃၈ ကျောင်း ပျက်စီးခဲ့ပြီး ယင်းအထဲက ၁၁၇၄ ကျောင်းကို ပြန်လည် ပြုပြင်ပြီးစီးထားကြောင်းနှင့် ၃၆၁ ဆောင်မှာ ဆောက်လုပ်ဆဲဖြစ်ပြီး ၁၄၄ ဆောင်မှာ လုံးဝပျက်စီးသွားကြောင်း သိရသည်။

“ လုံးဝပျက်သွားလို့ ယာယီအစားထိုးဆောင် ၁၄၄ ရှိပါတယ်။ တစ်ချို့မြို့၊ ရွာတွေမှာ ပျက်စီးကျောင်းဆောင်တွေ ပြုပြင်ဆဲမို့ သင့်ရာ အဆောက်အဦတွေမှာ စာသင်ကြားနေရတာတွေရှိဆဲပေမဲ့ သင်ကြားမှုအရှိန်အဟုန် ပျက်မသွားဘူးလို့ သိရပါတယ်။ ” ဟု ဦးလှသိန်းက ဆိုသည်။

မြို့နှင့် အလှမ်းဝေးသည့် ကျေးရွာများတွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ကျောင်းအဆောက်အဦးများကို ပြန်လည်ပြုပြင် ဆောက်လုပ်ရာတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် တိုးတက်မှု နှေးနေသေးကြောင်း ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်သည်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း စာသင်ကျောင်းများ ပျက်စီးသွားသလို ပြည်သူများ၏ လုပ်ငန်းများနှင့် အိုးအိမ်များမှာ ပျက်စီးသွားခဲ့ရပြီး အထူးသဖြင့် ၂၀၁၈ ခုနှစ်ကတည်းက မိမိနေရပ်မှ အိုးအိမ်စွန့်ခွာ၍ စစ်ဘေးရှောင်စခန်းများတွင် အဆင်ပြေသလို ဝါးတဲအိမ်များနှင့် နေထိုင်နေကြရသည့် ဒုက္ခသည်များမှာလည်း မုန်တိုင်းကြောင့်နေအိမ်များ ပျက်စီးခဲ့ရသည်။

စစ်ဘေးရှောင်ဒုက္ခသည်များမှာ ယခုအချိန်အထိ အမိုးအကာအောက်သို့ ရှောက်ခြင်းမရှိသေးဘဲ ကလေးငယ်များအား ကျောင်းအပ်ရန်အတွက်လည်း ငွေကြေးမတတ်နိုင်ခြင်းကြောင့် ကျောင်းမထားနိုင်သေးကြောင်း ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းမှ ဒုက္ခသည်တစ်ဦးက ပြောသည်။

“ ကျနော့် ကျောင်းထားရမယ့် အရွယ် ကလေး ၃ ဦးယောက်ရှိတယ်။ အကြီးဆုံးသားက ၈ တန်းပေါ့။ အခု မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ နေအိမ်ကိုတောင် ပြန်မဆောက်နိုင်သေးဘူး။ ကလေးတွေ ကျောင်းအပ်ဖို့ ကိစ္စ မလုပ်ရသေးဘူး။ အစိုးရကျောင်းမှာ ကျောင်းအပ်ဖို့ ပိုက်ဆံမပေးရဆိုပေမယ့် သူတို့အတွက် ဝတ်ဖို့၊ စာအုပ်ဖိုး၊ တခြား ကျောင်းသုံးပစ္စည်းတွေ ဝယ်ဖို့ မတတ်နိုင်သေးဘူး။ အစိုးရကလည်း ဒီလကုန်ရင် ကျောင်းအပ်လို့ မရတော့ဘူးဆိုတော့ လလည်း ကုန်တော့မှာဆိုတော့ ကျနော်တို့ ဘယ်လို လုပ်ရမလဲ။ ကလေးတွေ ကျောင်းတက်လို့ မရနိုင်တော့ဘူးထင်တယ်။ ” ဟု ပြောသည်။

ယင်းနည်းလည်းကောင်း ရခိုင်ပြည်က စစ်ဘေးရှောင်ဒုက္ခသည် အများအစုနှင့် တစ်ရက်စာတစ်ရက် ရှာစားနေရသည့် ဆင်ခြေဖုံးရပ်ကွက်၊ ကျေးရွာများမှ မိသားစုတို့မှ ကလေးငယ်များမှာ ယခုအချိန်အထိ ကျောင်းအပ်နှံခြင်းမရှိဘဲ အများပြားရှိနေကြသည်။

စစ်တွေမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းများ ပြန်လည်ပြုပြင်နိုင်ခြင်းမရှိသည့်အတွက် မွတ်ဆလင်ဒုက္ခသည်များအပါအဝင် မွတ်ဆလင် ကလေးငယ် ၅၀၀ ကျော်မှာ ဇူလိုင်လကုန်လျှင်လည်း ကျောင်းထားနိုင်မည်မဟုတ်ကြောင်း ဒုက္ခသည်စခန်းတာဝန်ခံများက ပြောဆိုကြသည်။

ငွေကြေးရှိသည့် မွတ်ဆလင်မိသားစုများမှာ သက္ကေပြင်ကျေးရွာက စာသင်ကျောင်းတွင် ကျောင်းအပ်နှံနိုင်သော်လည်း ငွေကြေးမတတ်နိုင်သည့် မွတ်ဆလင်ဒုက္ခသည်အများအပြားရှိနေပြီး စာသင်ကျောင်းများ အမြန်ဆုံး ပြန်လည်ဆောက်လုပ်ပြီးစီးနိုင်ရန် အလှူရှင်များ ရှာဖွေနေကြောင်း သိရသည်။

မိုခါမုန်တိုင်းကြောင့် စီးပွားရေးလုပ်ငန်းများ၊ အိုးအိမ်များနှင့် ပိုင်ဆိုင်မှုများ ဆုံးရှုံးသွားရသည့်အတွက် ရခိုင်ပြည်အတွင်း ဒုက္ခသည်များအပါအဝင် ပြည်သူများမှာ ကျောင်းအပ်နှံနိုင်ခြင်းမရှိသေး၍ ပြည်နယ်စစ်ကောင်စီ သို့မဟုတ် ပြည်နယ်ပညာရေးဌာနအနေဖြင့် ကျောင်းအပ်ကာလကို ထပ်တိုးမြှင့်ပေးသင့်ကြောင်း ကျောင်းသားမိဘများက တောင်းဆိုနေကြသည်။

https://www.facebook.com/westernnewsagency/posts/714621377343958

Leave a Reply

Your email address will not be published.