ရခိုင်ပြည်တွင်း ဆန်မလုံလောက်မှုကြောင့် ပြည်မဘက်မှ ဆန်များတင်သွင်းနေရ

By Narinjara / 2023 July     29

မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်အတွင်း ဆန်စပါး ပျက်စီးမှုများပြီး လက်ရှိတွင် ပြည်နယ်တွင်း စားသုံးရန် လုံလောက်မှုမရှိသဖြင့် ပြည်မဘက်မှ ဆန်များတင်သွင်းနေရသည်ဟု သိရသည်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းက လယ်ယာများ ဆားငန်ရေ ဝင်ကာပျက်စီးမှု၊ ဆန်စက်များ၊ မျိုးစပါးများနင့် ဝမ်းစာဆန်များ ပျက်စီးဆုံးရှုံးသွားသဖြင့် လတ်တလောလိုအပ်နေသည့် ဆန်များကို ပြည်မဘက်က မှာယူတင်သွင်းနေရသည်ဟု လယ်သမားများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

မုန်တိုင်းနောက်ဆက်တွဲအနေဖြင့် ပုံမှန်အနေအထားထက်ကျော်လွန်ပြီး ဆန်တင်သွင်းမှု ပိုမိုများပြားလာသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူ လယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။

“ရခိုင်မှာ မုန်တိုင်းကြောင့်မိုးစပါးက အများပျက်စီးသွားတယ်။ ဆန်တွေတင်သာမက မျိုးစပါးတွေက အစ ပြည်မက တင်သွင်းရတာတွေရှိတယ်။ အထူးသဖြင့် ကယ်ဆယ်ရေးသင်္ဘောနဲ့ တင်သွင်းရတာတွေရှိတယ်။ ဆိုတော့ စားသုံးမှုအတွက်ကလည်း ကျွန်နော်တို့ ဆန်စပါးက ပြည်မဘက်က  တင်သွင်းနေရတဲ့ အနေအထားရှိတယ်” ဟုပြောသည်။

ပုံမှန်အားဖြင့် ရခိုင်ပြည်မြောက်ပိုင်းဒေသဖြစ်သည့် ပုဏ္ဏားကျွန်း၊ ကျောက်တော် ၊ မြောက်ဦး၊ ပေါက်တော ၊ မင်းပြား၊ ရသေ့တောင်တို့မှ စနစ်တကျ စိုက်ပျိုးထားသည့် စပါးမျိုးကောင်းမျိုးသန့် ဈေးကွက်ဝင်စပါးများကို ပြည်မဘက်သို့ နှစ်စဉ် တင်ပို့ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် ရခိုင်တစ်ပြည်နယ်လုံးနီးပါး မိုခါမုန်တိုင်း ဒဏ်ခံရပြီး သိုလှောင်   ထားသည့် ဆန်စပါးများ ပျက်စီးမှု များပြားသဖြင့် ပြည်မဘက်သို့ မတင်နိုင်တော့ဘဲ ပြည်မဘက်မှ ဆန်များကိုသာ တင်သွင်းနေရသည်ဟု ဆိုသည်။

၎င်းအပြင် လူမှုစီးပွားဘဝ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဦးစားပေး  လုပ်ဆောင်နေရ၍ ယခုနှစ်မိုးရာသီတွင် လယ်ယာစိုက်ပျိုးမှု လျော့နည်း သွားခဲ့ရသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက ဆိုသည်။

ရခိုင်တွင် ပုံမှန်စိုက်ပျိုးမှု ဧက ၈ သိန်းခွဲခန့် ရှိနေရာမှ ယခုနှစ်တွင်စိုက်ပျိုးဧက ၁ သိန်းနီးပါး လျော့နည်းသွားသည်ဟု သိရသည်။

ယခင်နှစ်က မျိုးစပါး ၁ တောင်းကို တစ်သောင်းကျပ်နှုန်းဖြင့် ဝယ်ရပြီး ယခုနှစ်တွင်  တစ်သောင်းခွဲကျပ်ဖြင့် ဝယ်ရသည့်တိုင်အောင် စပါးမျိုးကောင်း မျိုးသန့်ကိုဝယ်မရသဖြင့် အခက်အခဲကြုံနေရသည်ဟု ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သည့် ဦးမောင်ကြီးက ပြောသည်။

“မုန်တိုင်းတိုက်တော့ အိမ်ခေါင်မိုးတွေအကုန်ပွင့်ကုန်တယ်။ ဆန်တွေ၊ စပါးတွေ အကုန်စိုကုန်တယ်။ မျိုးစပါးသပ်သပ် တစ်ရာလောက်ပါသွားတယ်။ ဝမ်းစာစပါးက နှစ်ရာလောက်ပါသွားတယ်။ အခုစပါးကြဲချိန်ရောက်တော့ မကြဲဘဲထားလို့မရဘူးလေ။ မရှိ ရှိတဲ့နေရာကနေ ရှာကြံဝယ်ပြီးကြဲရတယ်” ဟု ပြောသည်။

မိုးရွာချိန်စပါးကြဲထားသော်လည်း  နောက်ပိုင်းမှာ မိုးရွာသွန်းမှုနည်းသွားသဖြင့် ပျိုးပင်များသေသွားခြင်း၊ ရေသွင်းစိုက်ပျိုးရန် အရင်းအနှီးကြီးမြင့်ခြင်း တို့ကြောင့် ယခုနှစ် စပါးအထွက်နှုန်းပိုမိုကျဆင်းလာနိုင်သည်ဟု  ၎င်းကဆက်ပြောသည်။

ရခိုင်တွင် ဆန်ဈေးနှုန်းများအဆမတန်မြင့်တက်လာ၍ စားဝတ်နေရေးလည်း ကျပ်တည်းလာသည်ဟု အိမ်ထောင်ရှင်မတစ်ဦးကပြောသည်။

“ဆန်တစ်အိတ်ကိုတစ်သိန်းကျော်ဖြစ်နေပြီ။ အဖိုးတန်ကိုဝယ်မစားနိုင်ရင် ဈေးနည်းတဲ့ ဆန်ကိုဝယ်စားရတယ်” ဟုပြောသည်။

ယခင်က ရခိုင်တွင် မုတ်သုံစပါးစိုက်ပျိုးဧက ၁၀ သိန်းခွဲနီးပါးရှိခဲ့ပြီး ယင်းမှတဆင့် ဆယ်စုနှစ်တစ်ခုကျော်ခန့်တွင် စပါးစိုက်ဧက ၈ သိန်းခွဲဝန်းကျင်လောက် လျော့ဆင်းသွားခဲ့သည်။

ယခုနှစ် မိုခါမုန်တိုင်း တိုက်ခတ်ပြီး နောက်ဆက်တွဲအနေဖြင့် ၁ သိန်းဝန်းကျင်ခန့် လျော့ကျသွားနိုင်ခြေရှိသည့်အတွက် လက်ရှိ ရခိုင်တစ်ပြည်နယ်လုံး၏ လယ်ယာစိုက်ပျိုးဧကမှာ ၇ သိန်း ဝန်းကျင်သာ ရှိမည်ဟု ခန့်မှန်းထားကြောင်း လယ်ယာစိုက်ပျိုးရေးကျွမ်းကျင်သူများက ပြောသည်။

https://www.facebook.com/narinjara.info/posts/678527240981075

Leave a Reply

Your email address will not be published.