ရခိုင်တွင် အိမ်ခြံမြေနှင့် ဆိုင်ကယ်များ အွန်လိုင်းမှရောင်းချမှု အလုပ်ဖြစ်ပြီး ပိုမိုတွင်ကျယ်လာ 

(ကျပ်သိန်း ထောင်၊ သောင်းချီသော အိမ်ခြံမြေများကိုလည်း အွန်လိုင်းက ရောင်းချလာ)

By Western News / 2023 July     12

ရခိုင်ပြည်တွင် အိမ်ခြံမြေများနှင့် ဆိုင်ကယ်များ လူမှုကွန်ရက် အွန်လိုင်းမှ ရောင်းချမှု အလုပ်ဖြစ်လာနေကြောင်း အရောင်းအဝယ်ပြုလုပ်သူများထံမှ သိရသည်။

၂၀၁၉ ခုနှစ်နောက်ပိုင်း ဖေ့စ်ဘုတ်လူမှုကွန်ရက်ကို အသုံးပြု၍ အိမ်ခြံမြေများ၊ ဆိုင်ကယ်များ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် အဝတ်အထည်များ စသဖြင့် အရောင်းအဝယ် တွင်ကျယ်လာကြောင်း သိရသည်။

တပတ်နွမ်းဆိုင်ကယ်များကို အွန်လိုင်းမှ ရောင်းချနေသော ကိုအောင်ကျော်ညွှန့် (အမည်လွှဲ)က အွန်လိုင်းမှ ရောင်းချခြင်းမှာ မိုပိုလွယ်ကူပြီး တိကျသော ဝယ်သူများအား ရရှိကြောင်း ပြောသည်။

“ အွန်လိုင်းကို အခြေခံပြီး တပတ်နွမ်းဆိုင်ကယ်တွေကို ရောင်းနေတာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က စခဲ့တာ။ တော်တော်လေး အလုပ်ဖြစ်ပါတယ်။ အခုက လူတိုင်းလိုလို အွန်လိုင်းကို အသုံးပြုလာကြတော့ ကာစတာမာတွေက အများကြီးရှိတယ်လေ။ ဆိုင်ကယ်ရဲ့ အချက်အလက်တွေကိုလည်း တင်ပေးထားတော့ ဝယ်မဲ့သူတွေလည်း မြင်တွေ့ရတာဆိုတော့ အရောင်းအဝယ် ဖြစ်တာပေါ့။ ” ဟု ပြောသည်။

၂၀၁၉ နှစ်မတိုင်မီက အွန်လိုင်းကို အခြေပြုပြီးကို ကုန်ပစ္စည်းများကို အရောင်းအဝယ်ရှိနေသော်လည်း လက်ရှိအချိန်လောက် မတွင်ကျယ်သေးကြောင်းလည်း ကိုအောင်ကျော်ညွှန့်က ဆိုသည်။

ယင်းအချိန်တုန်းက နေရာအတည်တကျ ဆိုင်ခန်းကြီးများဖြင့် ရောင်းချနေသော ဆိုင်ကယ်အရောင်းဆိုင်များမှာ အလုပ်ဖြစ်ခဲ့သော်လည်း အွန်လိုင်းကို အသုံးပြုပြီး အထူးသဖြင့် တပတ်နွမ်းဆိုင်ကယ်များ ဈေးပေါပေါဖြင့် ရောင်းချလာခြင်းကြောင့် ဆိုင်ကြီးများတွင် အရောင်းအဝယ် လျော့ကျခဲ့သည်။

လက်ရှိတွင် မြန်မာ့ငွေကြေးတန်ဖိုး အလွန်နိမ့်ကျခြင်းကြောင့် ယခင်က ၆ သိန်းပေးရသည့် တရုတ်ဆိုင်ကယ်တစ်စီးကို ယခု ကျပ် ၁၂ သိန်းကျော် ပေးနေရကြောင်း ဆိုင်ကယ်ဝယ်စီးသူတစ်ဦးက ပြောသည်။

အလားတူ အိမ်ခြံမြေများမှာလည်း ယခင်က အိမ်ရှေ့တံခါးမှာသာ စာကပ်ရောင်းချလေ့ရှိပြီး လက်ရှိတွင် ဖေ့စ်ဘုတ်လူမှုကွန်ရက်ကို အသုံးပြုပြီး ခြံနေရာများကို မြေပုံပြ၍ အိမ်အမျိုးအစားများအား ဓါတ်ပုံဖြင့် ဖော်ပြကာ ရောင်းချလာကြသည်။

အချို့ အိမ်ခြံမြေပွဲစားများမှာ အိမ်ခြံမြေများကို Live လွှင့်ရောင်းခြင်းလည်းရှိပြီး အရောင်းအဝယ် အလုပ်ဖြစ်ကြောင်း သိရသည်။

အမည်မဖော်လိုသည့် အိမ်ခြံမြေပွဲစားတစ်ဦးက “ အရင်တုန်းက အွန်လိုင်း လူမှုကွန်ရက်က ဒီလောက်မတွင်ကျယ်ဘူးပေါ့နော်။ ပြည်မဘက်မှာတော့ စိန်ရွှေရတနာတွေကိုတောင် အွန်လိုင်းက ရောင်းချနေတာပဲ။ အိမ်ခြံမြေတွေကိုလည်း ရောင်းလို့ရမှာပဲဆိုပြီး ရောင်းဖြစ်လာကြတယ်။ ဝယ်သူတွေအနေနဲ့ အဝေးရောက်နေလို့ လာဖို့အဆင်မပြေရင်တောင် မြေပုံနဲ့တကွ အိမ်ခြံမြေပုံတွေကို တင်ပေးထားတော့ အဝေးကနေလည်း ကြည့်လို့ရတယ်။ ဈေးညှိတာတွေ၊ ဘာတွေလည်း ဖုန်းဆက်ပြီး ညှိလို့ရတယ်။ တကယ် အရောင်းအဝယ်တည့်ပြီးဆိုရင်တော့ လာပြီးတော့ ရှေ့နေ၊ ရပ်ကွက်လူကြီးတွေနဲ့ စာချုပ်ချုပ်ကြတာပေါ့။ ” ဟု ပြောသည်။

အိမ်ခြံမြေများအား အွန်လိုင်းမှတစ်ဆင့် ရောင်းချခြင်းမှာ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှ ပိုမိုတွင်ကျယ်လာခြင်းဖြစ်ပြီး ကျပ် သိန်းပေါင်း ထောင်၊ သောင်းချီသော အိမ်ခြံမြေများလည်း အရောင်းအဝယ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Western News ၏ စုံစမ်းချက်အရ ရခိုင်ပြည်အတွင်း အိမ်ခြံမြေအရောင်းအဝယ်အဖြစ်ဆုံးမြို့မှာ စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ကျောက်ဖြူ၊ သံတွဲနှင့် ဂွမြို့တို့ဖြစ်ပြီး ယင်းအထဲက စစ်တွေမြို့သည် အိမ်ခြံမြေ အရောင်းအဝယ် အဖြစ်ဆုံးမြို့ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း အိမ်ခြံမြေ၊ ဆိုင်ကယ်များ စသဖြင့် အွန်လိုင်းကို အခြေပြု၍ ပြုလုပ်နေသည့် အရောင်းအဝယ်အများစုမှာ သက်ဆိုင်ရာဌာနထံ လိုင်စင်ပြုလုပ်၍ ရောင်းဝယ်နေကြခြင်းမဟုတ်ဘဲ လိုင်စင်မရှိသူ များပြားပြီး တရားဥပဒေအရ တရားစွဲဆို၍ ရကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက ထောက်ပြသည်။

မင်းဘာကြီးလမ်းတွင် လိုင်စင်မရှိဘဲ ဆိုင်ကယ် အရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးကို ပြီးခဲ့သည့် ဧပြီလအတွင်းက ရဲတပ်ဖွဲ့မှ လာရောက်ဖမ်းဆီးခဲ့ပြီး ဆိုင်ခန်းလည်း ပိတ်သိမ်းခံခဲ့ရသည့် ဖြစ်စဉ်မျိုး ရှိခဲ့ဖူးသည်။

ထို့ကြောင့် အွန်လိုင်းကို အခြေပြုပြီး စီးပွားရေးလုပ်လိုသူများ၊ အရောင်းအဝယ်ပြုလုပ်လိုသူများအနေဖြင့် သက်ဆိုင်ရာဌာနထံ လိုင်စင်ပြုလုပ်ပြီး ရောင်းဝယ်ဖောက်ကားကြရန် ရှေ့နေက တိုက်တွန်းထားသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/704265198379576

Leave a Reply

Your email address will not be published.