By DMG / 2023 July 22

ရခိုင်ပြည်တွင် ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၂၁ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉၆၃ ဦးအထိ ရှိလာပြီး သေဆုံးသူမရှိသေးကြောင်း ပြည်နယ် ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ သိရသည်။
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအများဆုံးမှာ ကျောက်ဖြူမြို့နယ် ၂၀၆ ဦးဖြစ်ပြီး ဒုတိယအများဆုံးမှာ စစ်တွေမြို့နယ် ၁၇၀ ဦးဖြစ်ကာ အများစုမှာ အသက် ၁၅ နှစ်အောက် ကလေးငယ်များဖြစ်သည်။
“ဒီနောက်ပိုင်းမှာ လူကြီးတွေလည်း သွေးလွန်တုပ်ကွေးဖြစ်တယ်။ ကလေးတွေဆိုရင်တော့ ကျောင်းတက်တဲ့ အရွယ်တွေပေါ့။ ခြင်ကိုက်ခံရတာကြောင့် သွေးလွန်တုပ်ကွေးဖြစ်ကြတာ” ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်ဇော်အောင်က DMG ကို ပြောသည်။
သွေးလွန်တုပ်ကွေးဖြစ်ပွားမှု စာရင်းအပြည့်အစုံမှာ – စစ်တွေ ၁၇၀ ဦး၊ ပုဏ္ဏားကျွန်း ၄၉ ဦး၊ ပေါက်တော ၅၇ ဦး၊ ရသေ့တောင် ၁၅ ဦး၊ မြောက်ဦး ၃၃ ဦး၊ ကျောက်တော် ၄၉ ဦး၊ မင်းပြား ၂၇ ဦး၊ မြေပုံ ၇ ဦး၊ မောင်တော ၁၅ ဦး၊ ဘူးသီးတောင် ၄၀ ဦး၊ ကျောက်ဖြူ ၂၀၆ ဦး၊ ရမ်းဗြဲ ၁၈ ဦး၊ သံတွဲ ၆၄ ဦး၊ ဂွ ၁၆ ဦး၊ အမ်း ၁၅ ဦး၊ တောင်ကုတ် ၁၆၄ ဦး နှင့် မာန်အောင် ၁၈ ဦးဖြစ်သည်။
ရခိုင်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းမှာ မုန်တိုင်းအလွန်မှစတင်၍ သိသိသာသာ မြင့်တက်လာကာ မေလတွင် ၈၈ ဦး၊ ဇွန်လတွင် ၄၉၁ ဦး၊ ဇူလိုင်လတွင် ၃၅၆ ဦးအထိ ရောဂါဖြစ်ပွားမှု မြင့်တက်လာနေသည်။
မုန်တိုင်းဒဏ်သင့် ရခိုင်က မြို့နယ်များတွင် ရေမြောင်းပိတ်ဆို့ခြင်း၊ အမှိုက်များကို သေချာရှင်းလင်းမှု မရှိခြင်းများကြောင့် ခြင်ပေါက်ဖွားမည့်နေရာ ပေါများနေကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောကြသည်။
လူဦးရေတစ်ထောင်ကျော်ရှိသော ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာတွင်လည်း လူကြီးလူငယ်မကျန် နေမကောင်းဖြစ်နေသူ ၅၀ ကျော်ထိရှိနေပြီး ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း သိရသည်။
“ကျနော်တို့ရွာမှာရော အနီးအနားကရွာတွေမှာပါ ဆေးရုံ၊ဆေးပေးခန်းတွေ မရှိတော့ နေမကောင်းဖြစ်ရင် ရသေ့တောင်မြို့ပေါ်ထိသွားပြီး ဆေးကုရတယ်။ မြို့နဲ့လည်းအရမ်းဝေးတော့ တချို့ဆိုရင် ပိုက်ဆံမတတ်နိုင်လို့ မသွားနိုင်ကြဘူး။ ရွာကိုလာပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးတာတွေ လိုအပ်ပါတယ်” ဟု ပြိန်းတောကျေးရွာမှ ကိုဒေးဗစ်က ပြောသည်။
ဝေးလံခေါင်ပါးကျေးရွာများမှ ဒေသခံများအနေဖြင့် သွေးလွန်တုပ်ကွေးဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ပြီး ဆေးကုသမှုခံယူသင့်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက တိုက်တွန်းထားသည်။
ကျန်းမာရေးဌာနသို့ သွားရောက်ရန်ခက်ခဲသည့် နေမကောင်းဖြစ်သူများအနေဖြင့် အပူကျဆေးသောက်ခြင်း၊ ရေပတ်တိုက်ခြင်း၊ ဓာတ်ဆားရည်သောက်ခြင်းများ လုပ်ဆောင်သင့်ပြီး နို့စို့အရွယ်ကလေးငယ်များကို မိခင်နို့တစ်ခုတည်းသာ တိုက်သင့်ကြောင်း ဆိုသည်။
လက်ရှိတွင် ပြည်နယ်ကျန်းမာရေးဌာနအနေဖြင့် မြို့နယ်များတွင် ခြင်ဆေးဖြန်းခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ခြင်း၊ ပိုးလောက်လန်းသေဆေးခတ်ခြင်းနှင့် ရေစည်၊ ရေကန်များတွင် ပိုးလောက်လန်းရှိ/မရှိကို စစ်ဆေးလုပ်ဆောင်နေကြောင်း ပြောသည်။
“ကျနော်တို့ကျန်းမာရေးဌာအနေနဲ့ ဌာနဆိုင်ရာတွေပေါင်းပြီး ခြင်နှိမ်နင်းရေးပိုင်းတွေ လုပ်နေပေမဲ့ ပြည်သူတွေကလည်း ကိုယ့်အိမ်ပတ်ဝန်းကျင် သန့်ရှင်းဖို့၊ အိမ်နားဘေးပတ်ဝန်းကျင်မှာ ခြင်ပေါက်ဖွားနိုင်မယ့် အိုးခွက်တွေပေါ်မှာ ရေမဝပ်အောင် ဂရုစိုက်ရမယ်” ဟု ဒေါက်တာဇော်ဇော်အောင်က ပြောသည်။
ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂,၃၀၆ ဦးနှင့် သေဆုံးသူ ၅ ဦး ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၄၂၁ ဦးရှိခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရ သိရသည်။
https://www.facebook.com/dmgnewsagency/posts/669004461939820