ရခိုင်တွင် တရားဥပဒေစိုးမိုးရေး စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း ALP ပြော

By DMG / 2023 July       25

ပုံစာ – ၂၀၂၂ စက်တင်ဘာ နောက်ဆုံးအပတ်က ပြုလုပ်ခဲ့သော ALP ပါတီ၏ ရဲဘော်သစ် သင်တန်းဆင်းပွဲ။

ရခိုင်ပြည်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် စစ်ကောင်စီ၏ ဒေသအာဏာပိုင်များနှင့် ပူးပေါင်းလုပ်ဆောင်နေ ကြောင်း စောမြရာဇာလင်းဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) တာဝန်ရှိသူက ပြောသည်။

ALP တပ်ဖွဲ့ဝင်များ လုပ်ကြံခံရပြီးနောက် သံသယရှိသူများအား ဖမ်းဆီးစစ်ဆေးမှုများနှင့် တစ်ခြားခိုးဆိုးလုယက်မှု ကျူးလွန်သူများအား စစ်ကောင်စီထံသို့ လွှဲပြောင်းပေးကာ တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်နေခြင်းဟု ဆိုသည်။

သို့သော်လည်း ALP အနေဖြင့် လူဦးရေမည်မျှကို စစ်ကောင်စီထံ လွှဲပေးထားသည့် အသေးစိပ်ကိစ္စများကို  ထုတ်ပြောရန် မရှိကြောင်း ALP အတွင်းရေးမှူးရုံး ပြောခွင့်ရသူ ဗိုလ်မှူး ခိုင်သူရိန်က DMG ကို ပြောသည်။

 “တရားဥပဒေစိုးမိုးရေးကတော့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်တာလောက်ပဲ ရှိပါတယ်။ သီးသန့်ဆောင်ရွက်တာတော့ မလုပ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီမှာလည်း နယ်မြေအာဏာပိုင်အစိုးရရှိတော့ ပူးပေါင်းဆောင်ရွက်တာလောက်ပဲ။ ဒီမှာရှိတဲ့ ပြည်သူလူထုကိုလည်း တတ်နိုင်တဲ့အားနဲ့ လုံခြုံမှုကို ကူညီပေးတယ်” ဟု  ဗိုလ်မှူး ခိုင်သူရိန်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်က ကိုကျော်နိုင်စိုး (၂၆) နှစ်နှင့် ကိုကျော်စိုး (၃၀) နှစ် တို့ကို ALP တပ်ဖွဲ့ဝင် ၁၀ ဦးခန့်က လက်နက်အပြည့်အစုံဖြင့် ည ၁၀ နာရီအချိန်တွင် နေအိမ်သို့ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း မိသားစုဝင်များက DMG ကို ပြောထားသည်။

ဖမ်းဆီးခံထားရသူများနှင့် တွေ့ဆုံခွင့်ရရှိရေးအတွက် မိသားစုဝင်များက စက်ရုံစုရပ်ကွက်ရှိ ALP ရုံးသို့သွားရောက်ကာ အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း တွေ့ခွင့်မပေးဘဲ “လူကြီးများ မရှိသေး” ဟုဆိုကာ ရက်ရွေ့ဆိုင်းနေသည်။

ကိုကျော်စိုး၏ မိသားစုဝင်တစ်ဦးက “ကျမတို့သွားမေးတဲ့အချိန်တိုင်း ရုံးပိတ်ထားတယ်၊ လူကြီးတွေ မရှိဘူး။ မနေ့ကလည်း ကျမတို့ သွားမေးပါသေးတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်က သွားမေးတဲ့အခါ ကျော်စိုးဆိုတဲ့တစ်ယောက်ရှိလားလို့ ပြောတဲ့အခါ သူတို့ကရှိတယ်လို့ပြောတယ်။ တွေ့ချင်တယ်လို့ပြောတော့ တွေ့ခွင့်မပေးဘူး။ ဘာအမှုနဲ့ဖမ်းလဲဆိုတာလည်း မသိရဘူး။ သူတို့နှစ်ယောက် အခုအဲဒီမှာရှိသေးလား၊ ဘယ်ကိုပို့လိုက်ပြီလဲ ဆိုတာနဲ့ပတ်သက်ပြီး စိုးရိမ်မှုရှိတယ်” ဟု ပြောသည်။

ကိုကျော်နိုင်စိုးနှင့် ကိုကျော်စိုးတို့နှစ်ဦးမှာ စိတ်ရင်းကောင်းပြီး လူတစ်ဖက်သားကို ကူညီတတ်သူများဖြစ်သဖြင့် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ ခိုက်ရန်ဖြစ်ပွားခြင်းမရှိ၍ အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ကြောင်း မိသားစုဝင်များက တောင်းဆိုနေကြသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ALP အား အထင်အမြင်လွဲစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးထားသော သတင်းများသာဖြစ်ကြောင်း ဇွန်လ ၂၇ ရက်နေ့တွင် ငြင်းဆိုချက်ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကလည်း စစ်တွေမြို့၊ မင်းဘာကြီးလမ်းရှိ ရွှေပြည်သစ် ကားဝပ်ရှော့မှ အသက် ၃၃ နှစ်အရွယ် ကိုကျော်နိုင်ဦးကို ALP က ဖမ်းဆီးသွားပြီး ယနေ့အထိ အဆက်အသွယ် မရသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

ဖမ်းဆီးခံထားရသူ ကိုကျော်နိုင်ဦး၏ မိသားစုဝင်တစ်ဦးက “လူတွေရဲ့ပြောဆိုချက်အရ ဆိုရင်တော့ စစ်တပ်ဘက်ကို ရောက်သွားပြီထင်တယ်။ ကျနော်တို့အနေနဲ့ ကျော်နိုင်ဦးဘယ်မှာရှိသလဲ၊ ဘယ်လိုနေသလဲဆိုတာ မသိရဘဲ ရက် ၂၀ ကျော်လာပြီဆိုတော့ စိုးရိမ်မှုရှိတယ်။ အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

တရားဥပဒေစိုးမိုးရေးကို ALP အနေဖြင့် ဒေသအာဏာပိုင်များဖြင့် ပူးပေါင်းလုပ်ဆောင်နေခြင်းကို နားလည်သော်လည်း ၎င်းတို့ဖမ်းဆီးထားသူများ၏ သတင်းအချက်အလက်ကို မိသားစုဝင်များအား အသိပေးစေချင်ကြောင်း ဖမ်းဆီးခံထားရသူ မိသားစုဝင်များက ပြောသည်။

စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ရထားလမ်းအနီးတွင် ဇူလိုင် ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကားပေါ်တွင်ပါလာသူ ALP တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းဖြစ်စဉ်မှာ ULA/AA က လုပ်ကြံခြင်းဖြစ်ကြောင်း ALP က ထုတ်ပြန်ခဲ့ပြီး အခြေအမြစ်မရှိဘဲ စွပ်စွဲနေခြင်းဟု ULA/AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ငြင်းချက်ထုတ်ထားသည်။

ALP ထိပ်ပိုင်းခေါင်းဆောင်အပါအဝင် ၃ ဦး လုပ်ကြံခံရပြီးနောက် ပြည်သူတချို့ကို ALP က ဖမ်းဆီးထားရှိကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက DMG သို့ ပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ALP တာဝန်ရှိသူက ခေါ်ယူမေးမြန်းမှုတချို့ရှိပြီး လူမည်မျှကို ခေါ်ယူမေးမြန်းနေသည်ကိုတော့ တိတိကျကျမပြောနိုင်ကြောင်း ပြောသည်။

“ကျနော်တို့က ဖမ်းဆီးချုပ်နှောင်မှုမျိုး မရှိပါဘူး။ သိချင်တဲ့အရာတွေကို ခေါ်ယူမေးမြန်းတာရှိတယ်။ တစ်ချို့ကျတော့ ပြစ်မှုနဲ့သံသယရှိလို့ မေးမြန်းတာရှိတယ်။ တချို့ကျတော့လည်း ဒီအတိုင်းသိချင်တဲ့ဟာတွေ ခေါ်ယူမေးမြန်းတာရှိတယ်။ ပြီးတာနဲ့ တစ်ညတောင် မထားပါဘူး။ ကျနော်တို့ ချက်ချင်း ပြန်လွှတ်ပေးပါတယ်” ဟု ဗိုလ်မှူးခိုင်သူရိန်က ပြောသည်။

ဗိုလ်မှူး ခိုင်သူရိန်က DMG သို့ ဇူလိုင်လအစောပိုင်း ပြောကြားချက်တွင် “တချို့ကိစ္စတွေက လုံခြုံရေးအရ ကျနော်တို့ ပြောလို့မရတာတွေ ရှိပါတယ်။ ဒါပေမဲ့ ခေါ်ယူမေးမြန်းမှုတွေတော့ ရှိနေပါတယ်။ အဲဒီလို ခေါ်ယူစစ်ဆေးခံရတဲ့ မိသားစုတွေကို အကြောင်းကြားတာရှိတယ်”ဟု ဆိုသည်။

နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းက – ALP အနေဖြင့် ရခိုင်ပြည်အတွင်း တရားဥပဒေစိုးမိုရေးလုပ်သည့်အခါ စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းမှာ အဓိပ္ပာယ်မရှိသည့်လုပ်ရပ်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် လုပ်ကြံခံနေရသည့်အနေအထားတွင် ပြည်သူကို လုံခြုံရေးအရ ခေါ်ယူစစ်ဆေးခြင်းများမှာ မဖြစ်သင့်ကြောင်း ရှုမြင်သည်။

“စစ်တွေမြို့ဟာ အေးချမ်းသာယာတဲ့ နယ်မြေမဟုတ်ဘူးဆိုတာ လက်ခံကြရမှာဖြစ်ပါတယ်။ ALP အဖွဲ့တွေ ၂ ကြိမ်တိတိ သတ်ဖြတ်ခံရတယ်။ သူတို့ကိုယ်တိုင်က မလုံခြုံလို့ အသတ်ခံနေရတဲ့ထဲမှာ ပြည်သူတွေကို လုံခြုံမှုပေးနိုင်ဖို့ဆိုတာကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ တနည်းအားဖြင့် ALP ဟာ နိုင်ငံရေးအရ ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်ပေမယ့် ရဲလုပ်ငန်းအလုပ်ကိုပဲ ကြီးကြီးကျယ်ကျယ်ထင်ပြီး လုပ်နေတဲ့အဖွဲ့အစည်းဖြစ်တယ်။ စစ်ကောင်စီရဲ့အားနည်းတဲ့ကွက်လပ်တွေမှာ အိမ်ဖြည့်ပြီး လုပ်ဆောင်နေတာဖြစ်ပါတယ် ” ဟု ဦးဖေသန်းက ပြောသည်။

ALP ထိပ်ပိုင်းခေါင်းဆောင်များ လုပ်ကြံခံရသော်လည်း ပါတီရှေ့ဆက်မည့်လမ်းကြောင်းမှာ ယိုင်နဲ့သွားခြင်းလုံးဝမရှိဘဲ ယခင်ထက် ခွန်အားကို ၁၀ ဆခန့်တိုး၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ALP က ပြောဆိုထားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသည့်အဖွဲ့ဖြစ်သည်။ နောက်ပိုင်းတွင် ခေါင်းဆောင်များအချင်းချင်း သဘောထားကွဲလွဲကာ စောမြရာဇာလင်း ဦးဆောင်သောအဖွဲ့က အမြင်မတူသူများကို ထုတ်ပယ်ပြီး ALP ပါတီကို အသစ်ပြန်လည်ဖွဲ့စည်းကြောင်း ပြီးခဲ့သည့် ၂၀၂၃ မတ်လ ၂၀ ရက်က ALP Facebook Page မှတဆင့် ထုတ်ပြန်ခဲ့သည်။

စောမြရာဇာလင်း ဦးဆောင်သော ALP အဖွဲ့သည် စစ်တွေမြို့၊ အေးသာယာလမ်း၊ စက်ရုံစုရပ်ကွက်တွင် ရုံးစိုက်ထားပြီး ငြိမ်းချမ်းရေးကိစ္စများကို စစ်ကောင်စီနှင့်ဆွေးနွေးမှုများ ရှိနေသည်။ ခိုင်ရဲခိုင် ဦးဆောင်သော ALP အဖွဲ့မှာ အိန္ဒိယ-မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် အခြေချကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/670482338458699

Leave a Reply

Your email address will not be published.