ရခိုင်တွင် တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီထံ အဖမ်းခံရသည့် ဒေသခံ ၁၀၀ နီးပါး အပြီးသတ်အမိန့်ချရန် ရွှေ့ဆိုင်းခံထားရ

By Western News / 2023 July     14

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီမှ ဖမ်းဆီးတရားစွဲဆိုခဲ့သည့် ဒေသခံများထဲမှ ဒေသခံ ၉၅ ဦးအား အပြီးသတ်အမိန့်ချမည့်ရက်များကို စစ်ကောင်စီတရားရုံးများမှ အကြိမ်ကြိမ်ရွှေ့ဆိုင်းနေကြောင်း သိရသည်။

Western News ၏ စုစည်းချက်အရ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ၊ သံတွဲ၊ အမ်း၊‌ တောင်ကုတ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့မှ ဒေသခံ ၉၅ ဦးမှာ တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီထံ ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှု ဥပဒေပုဒ်မ ၅၀၅(က) နှင့် မတရားအသင်းဆက်သွယ်ရေး ဥပဒေပုဒ်မ ၁၇(၁)(၂) တို့ဖြင့် တရားစွဲဆိုခံထားရသည်။

အဆိုပါ စာရင်းအချက်အလက်များသည် Western News မှ လက်လှမ်းမီသလောက် စုစည်းထားခြင်းဖြစ်ပြီး မြေပြင်တွင် ယခု အရေအတွက်ထက် ပိုများနိုင်ကာ တရားခံပြေးစာရင်းများ ပါဝင်ခြင်းမရှိပေ။

ဖမ်းဆီးတရားစွဲဆိုခံထားရပြီး အပြီးသတ်အမိန့်ချရန် ကြန့်ကြာနေသူများမှာ သံတွဲမှ ၃၁ ဦး၊ တောင်ကုတ် ၂၂ ဦး၊ ပုဏ္ဏားကျွန်းမှ ၈ ဦး၊ မြောက်ဦးမှ ၅ ဦး၊ အမ်းမှ ၁ ဦး၊ ကျောက်ဖြူမှ ၂၃ ဦး၊ ကျောက်တော်မှ ၅ ဦးတို့ဖြစ်သည်။

သံတွဲမြို့နယ်မှ ဖမ်းဆီးတရားစွဲဆိုခံထားရသူများထဲမှ ၃၁ ဦးသည် ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲခံထားရသူများဖြစ်ပြီး နာမည်အတိအကျကို Western News မှ ကောက်ယူနေဆဲဖြစ်သည်။

တောင်ကုတ်မြို့နယ်မှ ၂၂ ဦးဖြစ်သည့်  ကိုကျော်သူရထွန်း၊ ကိုထွန်းချစ်၊ ဦးအောင်မြင့်ကျော်၊ ကိုကျော်ကျော်နိုင်၊ ကိုမောင်ခင်လှ၊ ကိုဖြိုးမင်းဇော်၊ ကိုအောင်မျိုးထိုက်၊ ဦးကျော်သောင်း၊ ကိုအေးကျော်ကျော်၊ ကိုစိုးမင်းထွန်း၊ ကိုမိုးမင်း၊ ဦးအောင်ခင်၊ ကိုထွန်းနိုင်ဦး၊ ကိုမျိုးမြင့်၊ ဦးအောင်မြသိန်း၊ ကိုဇော်မှိုင်း (ခ) ကိုကိုမောင်၊ ဦးသန်းထွန်း တို့မှာ ၂၀၂၂ ခုနှစ်ကတည်းက ဖမ်းဆီးတရားရင်ဆိုင်နေရခြင်းဖြစ်ပြီး မာရွတ်အားလော့၊ ကိုတင်လင်းအောင်၊ ဦးကြာနီ၊ ကိုဝင်းနိုင်နှင့် ဦးထွန်းကြွယ်တို့မှာ ယခု ၂၀၂၃ ခုနှစ်တွင် မတရားအသင်းဆက်သွယ်မှုဖြင့် တရားစွဲခံခဲ့ရခြင်းဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ တရားရင်ဆိုင်နေရသူများမှာ မောင်နိုင်မျိုးထွန်း၊ မောင်မင်းအောင်ခိုင်၊ ဦးကျော်မင်း၊ ဦးထွန်းလှိုင်၊ ဦးဝင်းမောင်သန်း၊ ကိုမြတ်သူရထွန်း၊ ကိုဘလှိုင်၊ ကိုမျိုးသွင်တို့ဖြစ်သည်။

ယင်းအထဲမှ မောင်နိုင်မျိုးထွန်းနှင့် မောင်အောင်ခိုင်တို့သည် အသက်မပြည့်သေးသည့်သူများဖြစ်ပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်-၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရကာ ကိုဘလှိုင်၊ ကိုမျိုးသွင်းတို့ နှစ်ဦးမှာ ဝတ္တရားနှောက်ယှက်မှု၊ မသင်္ကာမှု ပုဒ်မ ၃၃၃/၁၄၄ တို့နှင့်ပါ တရားစွဲဆိုခံထားရသည်ဟု သိရသည်။

ကျောက်တော်မြို့မှ ဒေသခံ ၅ ဦးဖြစ်သည့် ကိုဇော်ဝင်း၊ ကိုဇော်မိုးထက်၊ ဦးကျော်သန်းမောင်တို့မှာလည်း နိုင်ငံတော်ဆူပူလှုံ့ဆော်မှု ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရပြီး ကဝိရတနာစစ်ဘေးရှောင်စခန်းမှ ဦးကျော်ဟိန်းနှင့် ဦးမောင်စောတိုမှာ မတရားအသင်းဆက်သွယ်ရေးဥပဒပုဒ်မ ၁၇(၁) ဖြင့် တရားစွဲခံထားရခြင်းဖြစ်သည်။

ဖမ်းဆီးတရားစွဲဆိုခံရသူများနှင့် မိသားစုဝင်များမှာ ရုံးချိန်းများ အကြိမ်ကြိမ်သွားရောက်ခဲ့ရပြီး အပြီးသတ်အမိန့်ချမည့်ရက်ကိုလည်း စစ်ကောင်စီမှ အကြိမ်ကြိမ်ရွှေ့ဆိုင်းနေသည့်အတွက် အပြီးသတ်အမိန့်ကို အမြန်ဆုံးချပေးရန် မိသားစုဝင်များက လိုလားနေကြသည်။

ဇူလိုင်လ ၁၀ ရက်နေ့တွင် အပြီးသတ်အမိန့်ချမည့်ရုံးချိန်းကို ထပ်မံသွားရောက်ခဲ့သော်လည်း တရားသူကြီးမရှိဟုဆိုကာ လာမည့် ဇူလိုင်လ ၂၄ ရက်နေ့ကို ထပ်မံရွေ့ဆိုင်းလိုက်ပြန်သည်ဟု ကိုဇော်ဝင်း၏ ဇနီးဖြစ်သူက ပြောသည်။

“၁၀ ရက်နေ့က ရုံးချိန်းလည်း ဘာမှမထူးခြားပါဘူး။ ဒီအကြိမ်ဆိုရင် အပြီးသတ်အမိန့် ရုံးချိန်း ရွေ့ဆိုင်းနေတာ ၁၀ ကြိမ်ရှိခဲ့ပါပြီ။ တရားသူကြီးမရောက်လိုဆိုပြီး လာမယ့် ၂၄ ရက်နေ့ကို ထပ်ချိန်းပါတယ်။ သံတွဲဖက်မှာ အလားတူပုဒ်မနဲ့ တရားစွဲခံရတဲ့သူတွေကို အမိန့်ချတယ်လို့ကြားတယ်။ ကျွန်မယောက်ျားရဲ့အမှုကိုလည်း အမိန့်ချစေချင်ပါတယ်” ဟု ပြောသည်။

ကိုဇော်ဝင်းမှာ စစ်ကောင်စီမှ တရားစွဲထားသလိုမျိုး ပြစ်မှုကျူးလွန်ခြင်းမရှိသည့်အပြင် တရားရုံးတွင်လည်း သက်သေအထောက်အထားခိုင်လုံမှုမရှိသည်ကို တွေ့ရသည့်အတွက် တရားရုံးမှ အမိန့်မည့်ရက်ကို အမျိုးမျိုး ပြောင်းလဲရွှေ့ဆိုင်းနေခြင်းဖြစ်ကြောင်း ကိုဇော်ဝင်းဇနီးက ယခင်အင်တာဗျူးများတွင် Western News ကို ပြောဆိုထားခဲ့ဖူးသည်။

ယင်းအပြင် မြောက်ဦးဒေသခံ ကိုဖိုးသီဟ၊ ကိုကျော်ဇံဝေ (ခေါ်) ဖိုးလပြည့် (ခေါ်) ရင်ဆို့၊ ကိုကျော်ဝင်းလှိုင်၊ ကို ကိုကိုညွှန့်နှင့် ကိုပြည့်စုံဝင်းတို့မှာလည်း တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီထံ ဖမ်းဆီးတရားစွဲဆို ခံထားရသူများဖြစ်သည်။

ယင်းအထဲမှ ကိုကျော်ဇံဝေနှင့် ကိုဖိုးသီဟကို စစ်ကောင်စီမှ ၅၀၅(က) ဖြင့် တရားစွဲဆိုထားကာ ကျန် ၃ ဦးမှာ ၅၀၅(က) အပြင် မတရားအသင်းဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက ထပ်တိုးတရားစွဲဆို ခံထားရသည်။

အလားတူ ကျောက်ဖြူဒေသခံ ၂၃ ဦး ဖြစ်သည့် မောင်တင်ထွန်း၊ ဦးမြကျော်ထွန်း၊ ဦးလှကျော်၊ ဦးခင်အောင်ထွန်း၊ ဦးဇော်မျိုးထွန်း၊ ဦးဝင်းမောင်၊ မောင်ထွန်းနိုင်၊ မောင်ရာဇာချစ်၊ မောင်တင်ရွှေ၊ ရန်နိုင်မင်း၊ ဦးသန်းမောင်၊ ကိုဇော်လင်း၊ ဦးစိုးမျိုးသူ၊ အောင်ဝင်းနိုင်၊ ဝင်းအောင်၊ မောင်စိုးဝင်းနိုင်၊ မောင်ဖြိုးမင်းထွန်း၊ မောင်သန်းလှိုင်၊ ဦးတင်ညွှန့်၊ ဒေါ်ခင် ဘုန်းနွဲ၊ မောင်တင်မျိုးထွန်း၊ ဦးဘသန်းနှင့် ဦးစောလှထွန်း တိုမှာလည်း တကျော့ပြန်ကာလ အတွင်း စစ်ကောင်စီထံ ဖမ်းဆီးခံထားရပြီးနိုင်ငံတော်ဆူပူလှုံ့ဆော်မှုတို့အပြင် ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲ ဆိုခံထားရသည်။

အဆိုပါ ၂၃ ဦးထဲတွင် ရဲဝန်ထမ်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများလည်း ပါဝင်နေပြီး တစ်ချို့အမှုများတွင် သက်သေအထောက်အထား ခိုင်ခိုင်လုံလုံမရှိဘဲ တရားစွဲခံထားရသူများလည်း ပါဝင်သည့်အတွက် အမှုများကို ပြန်လည်စိစစ်ပေးရန် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ထံ အမှုပြန်လည်စီစစ်ပေးရန်နှင့် သက်သေမခိုင်လုံဘဲ တရားစွဲဆိုသူများကို ပြန်လည်တရားစွဲဆိုရန် တင်ပြထားသည်ဟု သိရသည်။

“တရားရုံးဖက်က ရုံးချိန်းတွေ ချိန်းဆိုပြီး တစ်ကြိမ်ပြီးတစ်ကြိမ် ဘာမှထူးခြားမလာဘဲ ရွေ့ဆိုင်းနေတာကိုလည်း အရမ်းစိတ်ပျက်မိပါတယ်။ သူတို့ လုပ်ချင်သလို လုပ်နေကြတာပါပဲ။ ကျွန်မတို့ မိသားစုတွေကတော့ အမြန် လွတ်လာဖို့မဟုတ်ရင် အမိန့်ကို အမြန်ချဖို့ပဲ လိုလားပါတော့တယ်။ တရားရင်ဆိုင်နေရတာလည်း နှစ်ချီနေပါပြီ။ အပြီးသတ်အမိန့်ချမယ်ဆိုတာကလည်း မတ်လ ကတည်းက အခုထိမချသေးပါဘူး” ဟု ပြောသည်။

မတရားအသင်းဆက်သွယ်ရေးဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားရင်ဆိုင်နေရသည့် အမ်းမြို့သမဝါယမအသင်းဥက္ကဌ ဦးအောင်ဘမြင့်မှာလည်း အပြီးသတ်အမိန့်ချရန် ကြန့်ကြာလျက်ရှိနေပြီး သံတွဲမှ ထွေ/အုပ်ဝန်ထမ်း ကိုဝင်းမောင်မောင်ဖြိုးမှာလည်း ၅၀၅(က) အတွက် အမိန့်ချမှတ်ပြီးဖြစ်သော်လည်း ပုဒ်မ ၁၇(၁)အတွက် ဆက်လက် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။

ယခုကဲ့သို့ အမိန့်ချမည့်ရုံးချိန်းများကို တရားရုံးများမှ အကြိမ်ကြိမ် ရွေ့ဆိုင်းနေခြင်းသည် လူ့အခွင့်အရေးကို ကြီးကြီးမားမား ချိုးဖောက်နေခြင်းဖြစ်ကြောင်း စစ်တွေဒေသခံ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဝေဖန်ပြောဆိုသည်။

“တရားရုံးတွေက စစ်ကောင်စီရဲ့ အလိုကျပါပဲ။ စစ်ကောင်စီရဲ့ အမိန့်မရဘဲ အမိန့်မချတဲ့သဘောမျိုးကို တွေ့ရတယ်။ အမိန့်ချလိုက်ရင်လည်း စစ်ကောင်စီရဲ့ အလိုတော်အတိုင်းပါပဲ။ အဲဒီလို ရုံးချိန်းတွေကို တရားရုံးက အကြောင်းအမျိုးမျိုး ပြပြီး ရွှေ့ဆိုင်းနေတာဟာ လူ့အခွင့်အရေးကို မလိမ့်တစ်ပတ်လုပ်ပြီး လုပ်နေတာ။ အပြစ်မရှိဘဲ လွတ်ကြမယ့်သူတွေအတွက် အရမ်းကို နစ်နာတာပေါ့။ အပြစ်မရှိလို ပြန်လွတ်မယ့်သူတွေရဲ့ အချိန်အကြာကြီး အချုပ်၊ အကျဉ်းထောင်ထဲမှာ နေရတဲ့ ရက်တွေအတွက် တရားရုံးက ဘာတွေ ပြန်လုပ်ပေးမှာလဲ” ဟု ပြောသည်။

အဆိုပါ ဒေသခံ ၉၅ ဦးသည် တကျော့ပြန်တိုက်ပွဲကာလအတွင်း AA နှင့် ဆက်စပ်မှုဖြင့် တရားရင်ဆိုင်နေရခြင်းဖြစ်ပြီး အပြီးသတ်အမိန့်ချရန်သာ ကြန့်ကြာနေသူများဖြစ်ကာ သံတွဲ၊ တောင်ကုတ်မှ ရခိုင်ဒေသခံအများအပြားလည်း NUG, PDF ဖြင့် ဆက်စပ်သည်ဟုဆိုပြီး ဖမ်းဆီးတရားရင်ဆိုင်နေရသူများနှင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသူများလည်း ရှိနေသည်။

ရခိုင်တွင် ဒေသခံများသည် ၂၀၂၀ ခုနှစ် တိုက်ပွဲကာလအတွင်းကလည်း ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည်ဟုဆိုကာ ပြည်သူများရာနှင့်ချီ အကြမ်းဖက်မှုဖြင့် ဖမ်းဆီးတရားစွဲဆိုထောင်ချခံခဲ့ရသည်။

AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က ပယ်ဖျက်ပြီးနောက်ပိုင်း ဒေသခံ ၁၅၀ ကျော်ကို ပြန်လွှတ်ပေးခဲ့သော်လည်း ၇၀ ကျော်ခန့်မှာ ထောင်ဒဏ်ချမှတ်ခံထားရသေးသည်။

အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ‌တကျော့ပြန်တိုက်ပွဲကာလတွင်လည်း အကြမ်းဖက်မှုမဟုတ်ဘဲ မတရားအသင်းပုဒ်မများဖြင့် ဒေသခံအများအပြား တရားစွဲဆိုခံခဲ့ရသည်ဟု အမည်မဖောလိုသည့် တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောသည်။

“စစ်ကောင်စီဟာ AA ကို အကြမ်းဖက်အဖွဲ့ကနေ ပယ်ဖျက်လိုက်တဲ့နောက် ၂၀၂၂ ခုနှစ် တိုက်ပွဲကာလ ဖမ်းဆီးခံရသူတွေဟာ မတရားအသင်းဆက်သွယ်မှုဖြစ်တဲ့ ပုဒ်မ ၁၇(၁) ပဲ တရားစွဲဆိုတာတွေ့ရတယ်။ သူတို့က အကြမ်းဖက်ကနေ ပယ်ဖျက်ပေမယ့် မတရားအသင်းကြေညာတာကိုတော့ မပယ်ဖျက်သေးဘူး။ ဒါကြောင့် ဒီအမှုတွေကို သူတို့က စီရင်မှာဘဲ။ သံတွဲက အမှုတောင်ကြည့်လေ လှုံ့ဆော်မှုကျတော့ အမိန့်ချပြီး ၁၇(၁) ကျတော့ အမိန့်မချတာကြည့်။ စစ်ကောင်စီဖက်ကတော့ အကြောင်းအရင်း ရေရေရာရာမရှိ ရွှေ့ဆိုင်းနေတယ်” ဟု ပြောသည်။

တကျော့ပြန် တိုက်ပွဲတွင် ဖမ်းဆီးခံထားရသူ ၃၂၄ ဦးထိရှိပြီး ၅၈ ဦးသာ ပြန်လွှတ်ပေးသေးကြောင်း AA ဖက်မှ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက ပြောဆိုမှုရှိခဲ့သည်။

လက်ရှိ အပြီးသတ်အမိန့်ချရန်ရှိသူ ၉၅ ဦးမှာ Western News မှ ကောက်ယူထားသည့် စာရင်းအချက်အလက်ဖြစ်ပြီး အပြီးသတ်အမိန့်မဟုတ်ဘဲ အမှုရင်ဆိုင်နေရသူများလည်း အများအပြား ကျန်ရှိနေသေးသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/704992411640188

Leave a Reply

Your email address will not be published.