By DMG / 2023 July 28

ဆင်းရဲနွမ်းပါးကလေးငယ်များ စာတတ်မြောက်ရေးအတွက် ဖွင့်လှစ်ထားထားသော ရခိုင်ပြည်၊ မောင်တောမြို့နယ်က ပရဟိတကျောင်းများမှာ ကျောင်းသားဦးရေတိုးလာသဖြင့် အကူအညီများလိုအပ်နေကြောင်း သိရသည်။
ရခိုင်နှင့် တိုင်းရင်းမျိုးနွယ်စု ကလေးငယ်များ ပညာသင်ယူနေသော ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး တောင်ပြိုလက်ဝဲမြို့ရှိ နံသာတောင်ကျောင်းနှင့် မောင်တော (၃) မိုင်ကျောင်းတို့တွင် ယခင်နှစ်ထက် ကျောင်းသားဦးရေတိုးလာပြီး လက်ရှိကုန်ဈေးနှုန်းအခြေအနေကြောင့် အကူအညီလိုအပ်နေခြင်း ဖြစ်သည်။
“ကလေးတွေရဲ့ စားဝတ်နေရေးက တော်တော်အခက်အခဲရှိနေတယ်။ ဒီနှစ်မှာ ကျောင်းသားဦးရေ တိုးလာတာကြောင့် ဖြစ်တယ်။ ပြီးတော့ အဆောင်တွေလည်း မလုံလောက်တော့ဘူး” ဟု နံသာတောင်ကျောင်းအုပ် ဦးဇော်ဇော်လင်းက ပြောသည်။
နံသာတောင်ကျောင်းတွင် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် ရသေ့တောင် မြို့နယ်တို့မှ ကျောင်းသား၊ ကျောင်းသူပေါင်း ၅၆၈ ဦး ပညာသင်ယူနေကြပြီး ယခင်နှစ်ထက် ၁၀၀ ကျော်တိုးလာသဖြင့် နေထိုင်စားသောက်ရေးနှင့် ပညာသင်ကြားရေးပိုင်းတွင် အခက်အခဲရှိနေကြသည်။
နံသာတောင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစရဏက “ဒီနှစ် ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်အတွက် စားရေးသောက်ရေးက အခက်အခဲရှိတယ်။ ဦးဇင်းတို့မှာက ပြည်တွင်းပြည်ပအလှူငွေနှင့် ရပ်တည်နေရတာဆိုတော့ အခုက မုန်တိုင်းကြောင့် အလှူရှင်တွေလည်း အခက်အခဲရှိနေကြတယ်။ အစားအသောက်ကောင်းကောင်းစားနိုင်မှ ကျောင်းသူ၊ ကျောင်းသားတွေ စာကောင်းကောင်းသင်နိုင်မှာဖြစ်တယ်” ဟု DMG ကို မိန့်ကြားသည်။
နံသာတောင်ကျောင်းတွင် ပညာသင်ကြားပေးနေသော ဆရာ၊ ဆရာမ ၃၇ ဦးရှိပြီး ထိုကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများလည်း ပါဝင်သည်။
အလားတူ မောင်တောမြို့နယ် (၃) မိုင် ပရဟိတဘုန်းကြီးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးပြီး ငွေကြေးမတတ်နိုင်သော ကျောင်းသား၊ ကျောင်းသူ ၅၀၀ ကျော် ပညာသင်ယူနေကြသည်။ အများစုမှာ ဝေးလံခေါင်ဖျားဒသမှ မြိုတိုင်းရင်းသား ကလေးငယ်များဖြစ်ပြီး အခြား တိုင်းရင်းသားများလည်း ပါဝင်သည်။
ပရဟိတကျောင်းတွင် ကလေးငယ်များ စားသောက်ရေးအတွက် အခက်အခဲရှိနေပြီ ဆရာ၊ ဆရာမလိုချက်ချက်များရှိကြောင်း ကျောင်းတာဝန်ရှိသူက ပြောသည်။
“မုန်တိုင်းကြောင့် ကုန်ဈေးနှုန်းတွေတက်တော့ ကလေးတွေ စားရေးသောက်ရေးက အခက်အခဲရှိတယ်။ ဒါပေမဲ့ နောက်ပြန်ဆုတ်လို့မှ မရတော့တာ… ရှိတာလေးတွေနဲ့ပဲ ဖြစ်သလိုကျွေးရမှာပဲလေ။ ပြီးတော့ ကျောင်းဆရာ၊ ဆရာမတွေလည်း လုံလောက်မှု မရှိဘူး။ မြို့နယ်ပညာရေးမှူးက ကျောင်းဆရာ၊ ဆရာမမတွေ ချပေးမယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ အခုထိ မရောက်သေးဘူး” ဟု (၃)မိုင်ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ပဓာန နာယကဆရာတော် ဘဒ္ဒန္တ စန္တာသီရိ ဆရာတော်ကြီးက မိန့်ကြားသည်။
နံသာတောင်ပရဟိတကျောင်းနှင့် (၃) မိုင်ပရဟိတကျောင်းတို့သည် နယ်စပ်ဒေသရှိ ဆင်းရဲနွမ်းပါးကလေးငယ်များ စာတတ်မြောက်ရေးအတွက် အဓိကအားကိုးရာဖြစ်၍ အုပ်ချုပ်သူအာဏာပိုင်များအပါအဝင် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များက တတ်နိုင်သလောက် ကူညီထောက်ပံ့ကြရန် ကျောင်းတာဝန်ရှိသူများက မေတ္တာရပ်ခံကြသည်။
https://www.facebook.com/dmgnewsagency/posts/672108851629381