မုန်တိုင်းသင့် ရသေ့တောင်နှင့် ပေါက်တောမြို့ လျှပ်စစ်မီးပြန်ရ

(မုန်တိုင်းသင့်မြို့နယ်များထဲက ဘူးသီးတောင်နှင့် မောင်တော မရရှိသေး)

By Narinjara / 2023 July     6

ဓာတ်ပုံ – ပေါက်တောမြို့ကို ယမန်နေ့က စမ်းသပ်ထုတ်လွှတ်ခဲ့ချိန်ရိုက်ကူးထားသည့် ဓာတ်ပုံအား တွေ့ရစဥ်။
ဓာတ်ပုံ – လျှပ်စစ် မင်း သား

ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းသင့်မြို့နယ်များဖြစ်သည့် ရသေ့တောင်နှင့် ပေါက်တောမြို့တွင်လည်း မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီးပြန်ရနေပြီဟု ဒေသခံများက ပြောသည်။

ယမန်နေ့ ဇူလိုင်လ ၅ ရက်တွင် ရသေ့တောင်မြို့ပေါ် ရပ်ကွက် ၄ ခုနှင့် ရသေ့တောင်မြို့အနီးရှိ တောင်လှမော်ကျေးရွာ ၁ ရွာ တွင် လျှပ်စစ်မီး ရရှိခဲ့သည်။

အလားတူ ပေါက်တောမြို့ပေါ်ရှိ ရပ်ကွက် ၅ ခုအနက် ၃ ခုတို့၌ ယမန်နေ့က လျှပ်စစ်မီး ပြန်လည် ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ရသေ့တောင်မြို့ခံ ဦးစံသိန်းက “မနေ့က မနက်ပိုင်းက ၁၁ နာရီလောက်မှရတယ်။ ခဏနေ ပြတ်သွားတယ်။ နာရီဝက်လောက်အကြာ ပြန်ရတယ်။ အခုတော့ တောက်လျှောက်ရနေတယ်”ဟု ပြောသည်။

ယင်းသို့ရရှိနိုင်ရန် ဓာတ်အားလိုင်းမှတဆင့် နေအိမ်များသို့ ဓာတ်ကြိုးများသွယ်တန်းခဲ့ရာတွင် တစ်အိမ်လျှင် ကျပ် ၁ သောင်းကျော် ပေးဆောင်ခဲ့ရသည်ဟု ဆိုသည်။

ပေါက်တောမြို့တွင်ဆိုလျှင် ရပ်ကွက်(၁)၊ (၂)၊ (၃)၊ (၄)နှင့် (၅)ဆိုပြီး ရပ်ကွက် (၅)ခုအနက် ရပ်ကွက်(၁)၊ (၂)နှင့် (၃)တို့တွင် ယမန်နေ့ည ၇ နာရီခွဲခန့်က နာရီဝက်ခန့် စမ်းသပ်ထုတ်လွှတ်ခဲ့ခြင်းသာဖြစ်ပြီး ယနေ့နံနက်အထိ အချိန်ပြည့်ထုတ်လွှတ်ထားခြင်းမရှိသေးဟု ပေါက်တောမြို့ခံ ကိုကျော်ဟိန်းက ပြောသည်။

“အခုက စမ်းကြည့်ထားရုံပဲ။ မလွှတ်ထားသေးဘူး”ဟု ပြောသည်။

ယခုကဲ့သို့ စမ်းသပ်ထုတ်နိုင်ရန် ဓာတ်အားလိုင်းမှတဆင့် နေအိမ်များသို့ ဓာတ်ကြိုးများသွယ်တန်းစစ်ဆေးခဲ့သူများကို ၃ အိမ်ပေါင်း ကျပ် ၁ သောင်းပေးဆောင်ခဲ့ရသည်ဟု ဆိုသည်။

ရပ်ကွက်(၄)နှင့် ရပ်ကွက်(၅)တွင်ဆိုလျှင် ယနေ့ နံနက်အထိ စမ်းသပ်ထုတ်လွှတ်ခဲ့ခြင်းပင် မရှိသေးဟု နောက်ထပ်မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်ကမူ ပေါက်တောမြို့ပေါ် ရပ်ကွက်(၅)ခုစလုံးအပါအဝင် ရသေ့တောင်မြို့ပေါ်ရပ်ကွက် (၄)ခုနှင့် ကျေးရွာ ၁ ရွာတို့ကို ယမန်နေ့က လျှပ်စစ်မီးထုတ်လွှတ်ပေးထားပြီဟု ယနေ့ထုတ် စစ်ကောင်စီပိုင်သတင်းများတွင် ဆိုထားသည်။

ပြီးခဲ့သည့်မေလ ၁၄ ရက်က မိုခါမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ပေါက်တောနှင့် ရသေ့တောင်အပါအဝင် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့စသည့် မြို့နယ် ၁ဝ ခုတွင် လျှပ်စစ်ဓာတ်အားခွဲရုံများ၊ ဓာတ်မီးတိုင်များနှင့် ဓာတ်ကြိုးလိုင်းများ ထိခိုက်ပျက်စီးသွားခဲ့ရသည်။

မုန်တိုင်းပြီးနောက် လျှပ်စစ်ဌာနက ရခိုင်ပြည်တွင်းနှင့် ပြည်မဘက်မှ ဝန်ထမ်းပေါင်း ၁ ထောင်ကျော်ဖြင့် ပြန်လည်ဆောင်ရွက်ခဲ့ရာ ဇွန်လ ၇ ရက်တွင် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့၊ ဇွန် ၁၈ ရက်တွင် ကျောက်တော်မြို့၊ ဇွန် ၂၃ ရက်တွင် မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့တို့၌ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးပြန်လည်ရရှိခဲ့သည်။

လက်ရှိတွင် မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင်သာ လျှပ်စစ်မီးရရှိရန်ကျန်ရှိပြီး ယင်းမြို့များ အလျင်အမြန်ပြန်ရရှိအောင်လည်း ကြိုးစားဆောင်ရွက်နေကြသည်ဟု လျှပ်စစ်ဌာနက ထုတ်ပြန်ထားသည်။ (NN-16)

https://www.facebook.com/narinjara.info/posts/pfbid04PDKJYZSvseAGdG3Zbvs6xcRhJT2anmF2updEFCCdUe31k98otnqtj7U1LtgNDusl

Leave a Reply

Your email address will not be published.