မုန်တိုင်းသင့် ရခိုင်ဒေသမှ ကြက်၊ ဘဲ၊ ဝက် မွေးမြူရေးလုပ်ကိုင်သူလုပ်ငန်းရှင် တစ်ဦးစီကို ကျပ်သိန်း ၁၅၀ ခန့် စစ်ကောင်စီထုတ်ချေးမည်ဟုဆို

By Narinjara / 2023 July     13

ဓာတ်ပုံ – ရခိုင်ရှိ မွေးမြူရေးလုပ်ငန်းခွင်တစ်ခုအားတွေ့ရစဥ်။

ရခိုင်တွင် ဆိုင်ကလုန်မိုခါမုန်တိုင်းတိုက်ခတ်ခဲ့၍ ပြိုကျ ပျက်စီး ဆုံးရှုံးသွားသည့် မွေးမြူရေးလုပ်ငန်းများပြန်လည်နာလန်ထူနိုင်ရန်အတွက် ရခိုင်မှမွေးမြူရေး လုပ်ငန်းရှင်များအထဲမှ  ကြက်၊ ဘဲ၊ ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ လုပ်ငန်းရှင်တစ်ဦးစီကို ချေးငွေ ကျပ်သိန်း ၁၅၀ ခန့်အား ထုတ်ချေးသွားမည်ဟု စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောကြားသည်ဟု သိရသည်။

ယမန်နေ့ ဇူလိုင်လ ၁၂ ရက်က စစ်တွေမြို့ ပြည်နယ်စစ်ကောင်စီရုံးခန်းမတွင် ပြုလုပ်သည့်ရခိုင်ပြည်နယ်အတွင်း မွေးမြူရေးဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေးတွင် ၎င်းစစ်ကောင်စီ ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် မွေးမြူရေး လုပ်ငန်းရှင်များက ပြောသည်။

ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် မွေးမြူရေးလုပ်ငန်းရှင် ပေါက်တောမြို့နယ်မှ ဦးမောင်သန်းတင်က “မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ မွေးမြူရေးလုပ်ငန်းတွေ ပြန်လည်နာလန်ထူထောင်ဖို့ ချေးငွေထုတ်ချေးပေးမယ်လို့ ဒုဝန်ကြီးက ပြောတယ်။ ကြက်၊ ဘဲ၊ ဝက် မွေးမြူသူတွေကို နံပါတ်တစ် အဓိက ဦးစားပေး အရင်ထုတ်ချေးပေးသွားမယ်လို့သိရပါတယ်” ဟု ပြောသည်။

ယင်းညှိနှိုင်းအစည်းအဝေးကို ရခိုင်ရှိမြို့နယ်အသီးသီးမှ တစ်မြို့နယ်လျှင် ကိုယ်စားပြုမွေးမြူရေးလုပ်ငန်းရှင် ၂ ဦးစီတက်ရောက်ခဲ့ပြီး စုစုပေါင်းလူဦးရေ ၁၀၀ ကျော်ခန့်တက်ရောက်ခဲ့ကြရသည်ဟု သိရသည်။

ယင်းအပြင် ကြက်၊ ဘဲ၊ ဝက် မွေးမြူသူများကိုသာ ဦးစားပေး ထုတ်ချေးသွားမည်ဖြစ်ပြီး ပုစွန်မွေးမြူရေးလုပ်ငန်းများ၊ ကျွဲ၊ နွားမွေးမြူရေး လုပ်ငန်းများကလည်း သူတို့လိုချင်သည့်ချေးငွေပမာဏကို အစည်းအဝေးတွင် တင်ပြခဲ့သည်ဟုလည်း သိရသည်။

ဦးမောင်သန်းတင်က “ပုစွန်မွေးမြူရေးတို့က ဦးစားပေးထဲမပါဘူး။ ဒါပေမဲ့ လိုချင်တဲ့ ချေးငွေပမာဏနဲ့ ဧကအရေအတွက်တွေကိုတင်ပြခဲ့တယ်။ အမြန်ဆုံး ထုတ်ချေးပေးမယ်လို့တော့ ပြောတယ်။ သူတို့က အသင်းအဖွဲ့အလိုက် ချေးစေချင်တယ်။ ဒါပေမဲ့ ချေးမယ့်သူတွေက တစ်ဦးချင်းစီ ချေးငွေ လိုချင်ကြတယ်။ ဘယ်အချိန် ချေးငွေရမလဲတော့မသိသေးပါဘူး”ဟု ပြောသည်။

အတိုးနှုန်းကိုတိတိကျကျပြောဆိုသွားခြင်းမရှိဘဲ အတိုးနှုန်းနည်းနည်းဖြင့် ချေးမည်ဟုသာပြောဆိုခဲ့ပြီး သတ်မှတ်ချိန်တွင် ပြန်လည်ပေးဆပ်ကြရန်လည်း တိုက်တွန်းသွားခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် အဆိုပါချေးငွေရရှိလာပါက မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် ပြိုပျက်သွားသည့် မွေးမြူရေးခြံများကိုပြန်လည်ပြူပြင်ရေး၊ မွေးမြူရေး လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး၊ အစားထိုး ကြက်၊ ဘဲ၊ ဝက်များကို ဝယ်ယူနိုင်သည်ဟုလည်း မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

“သိန်း ၁၅၀ ချေးပေးမယ်ဆိုတော့ မဆိုးပါဘူး။ ပြန်လည်လည်ပတ်ဖို့၊ နာလန်ထူဖို့အဆင်ပြေတယ်။ ကြက်ခြံအမြဲတမ်းလုပ်နေသူမှာဆိုမြေရှိတယ်။ ပြိုသွားတာပြန်ပြုပြင်။ ကြက်အစားထိုးဝယ်ယူမွေးမြူဖို့ လုံလောက်ပါတယ်။ ချေးငွေအမှန်တကယ်ရမယ်ဆိုရင်တော့ ကောင်းပါတယ်” ဟုပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် မေလ ၁၄ ရက်ကတိုက်ခတ်ခဲ့သည့် ဆိုင်ကလုန် မိုခါမုန်တိုင်းကြောင့် မွေးမြူရေးလုပ်ငန်းရှင်များမှာ မွေးမြူရေးခြံများ ပျက်စီးခဲ့ရပြီး မွေးမြူထားသည့် ကျွဲ၊ နွား၊ ဝက်၊ ကြက်၊ ဘဲစသည်တို့မှာ အသေအပျောက် များစွားရှိခဲ့သည်ဟု သိရသည်။

ထို့အတူ ကြက်နှင့်ဘဲများကို ကျွေးမွေးသည့် အစာများနှင့် ဆေးဝါးများမှာလည်း လက်ရှိတွင် ဈေးနှုန်းများမြင့်တက်လျက်ရှိသည်ဟု မွေးမြူရေးလုပ်ငန်းရှင်များက ပြောသည်။ (NN-12)

https://www.facebook.com/narinjara.info/posts/669699578530508

Leave a Reply

Your email address will not be published.