(ဒေါ်လာ ၁၉ သန်းသာ စစ်ကောင်စီ လက်ခံရရှိထား၍ နိုင်ငံတကာအကူအညီများကို ခွင့်ပြုရန်လိုအပ်နေသည်)
By DMG / 2023 July 22
“မိုခါ” မုန်တိုင်းဒဏ်သင့် ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၃၃၃ သန်း လိုအပ်လျက်ရှိသော်လည်း လက်ရှိ စစ်ကောင်စီရရှိထားသည့် အလှူငွေမှာ ဒေါ်လာ ၁၉ သန်း ဝန်းကျင်သာရှိကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ၏ ဇူလိုင်လ ၂၁ ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြသည်။
စစ်ကောင်စီသည် မေလ ၁၅ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့အထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (DMC) ရုံးအပါအဝင် အစိုးရဝန်ကြီးဌာနများ၊ စစ်ဌာနချုပ်များ၊ ဘဏ်တိုက်ရိုက်အလှူရှင်များထံက ကျပ် ၂၆.၉၃၆ ဘီလီယံ၊ မြန်မာ့စီးပွားရေးဘဏ်စာရင်းမှတဆင့် ကျပ် ၃၀. ၀၂၁ ဘီလီယံ၊ Online Payment များက ကျပ် ၁၈.၁၄ သန်း စုစုပေါင်း ကျပ် ၅၆.၉၅၇ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၅၁၆,၁၇၇.၉၆ ခန့်သာရခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
“အလှူငွေရရှိမှုက အမေရိကန်ဒေါ်လာနဲ့ဆိုရင် ၁၉ သန်းဝန်းကျင်မျှသာ ရှိပါတယ်။ ကုလသမဂ္ဂခန့်မှန်းချက် ဒေါ်လာ ၃၃၃ သန်းနဲ့ ယှဉ်ကြည့်နိုင်ပါတယ်။ ပြည်တွင်းအကူအညီသက်သက်နဲ့ ဆိုလို့ကတော့ ပြန်လည်ထူထောင်ရေးမပြောနဲ့ ကယ်ဆယ်ရေးတောင် ခက်ခဲနိုင်တယ်” ဟု ISP-Myanmar က ဆိုသည်။
မုန်တိုင်းသင့်ဒေသတွင် ပြန်လည်ထူထောင်ရေး အကူအညီရရှိသူများမှာ ၂၀ ရာခိုင်နှုန်းခန့်သာရှိပြီး ပြည့်စုံလုံလောက်မှုမရှိ ဖြစ်နေသည့်အချိန်တွင် စစ်ကောင်စီက မုန်တိုင်းသင့်ပြည်သူများအား ကူညီနေသည့် နိုင်ငံတကာအဖွဲ့အစည်းများအား ခရီးသွားလာခွင့်၊ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဖြူရေးဆိုင်ရာကိစ္စရပ်များကို ဆိုင်းငံထားဆဲဟု ISP-Myanmar က ဆိုသည်။
စစ်ကောင်စီသည် နိုင်ငံတကာအကူအညီများကို ရန်ကုန်သို့သာပို့ခိုင်းပြီး အလှူရှင်နိုင်ငံများက မုန်တိုင်းသင့်ဒေသသို့ တိုက်ရိုက်လှူဒါန်းခွင့်မရရှိသည့် ကိစ္စနှင့်ပတ်သက်ပြီး ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “နိုင်ငံရေးအမြတ်ထုတ်ခြင်း” ဟု ရှုမြင်သည်။
“သူ(စစ်ကောင်စီ)တို့ အခုရရှိထားတဲ့ အလှူငွေနဲ့ လိုအပ်ချက်နဲ့ကတော့ လုံးဝကို ကွာခြားတယ်၊ မပြည်စုံဘူး။ အုပ်ချုပ်သူ အဆက်ဆက်ဟာ ဘယ်ကိစ္စမဆို သူတို့လက်ထဲကပဲ တခြားပြည်နယ်တွေကို သွားရမယ်ဆိုတဲ့ ဗဟိုကချုပ်ကိုင်ချင်တဲ့ ဆန္ဒတွေရှိတယ်။ အခုဟာက နိုင်ငံရေးကိစ္စလည်း မဟုတ်ဘူး။ လူသားချင်းစာနာမှု အထောက်အကူပြုဖို့အတွက် လိုအပ်တဲ့ အကူအညီတွေသာဖြစ်တယ်။ အဲဒီလိုဟာတွေကိုမှ သူတို့ရဲ့လက်အောက်က သွားရမယ်ဆိုတော့ဒီဟာက နိုင်ငံရေးအမြတ်ထုတ်မှု လုပ်တာဖြစ်တယ်” ဟု ပြောသည်။
ရခိုင်ဒေသတွင် မုန်တိုင်းအလွန် နှစ်လကျော်ကြာသည့်တိုင် ပြည်သူများအတွက် အရေးပေါ်အကူအညီများ လိုအပ်နေဆဲဖြစ်သည်။ နိုင်ငံတကာအကူအညီများရရှိမှသာ မုန်တိုင်းသင့် ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် အဆင်ပြေမည်ဟုလည်း ရခိုင်ဒေသတွင်း လူမှုကူညီရေးအဖွဲ့များက ရှုမြင်သည်။
“နိုင်ငံတကာအဖွဲ့အစည်းတွေကို လွတ်လပ်စွာ ကူညီခွင့်ပြုဖို့ အရေးကြီးတယ်။ အစိုးရ(စစ်ကောင်စီ)ရဲ့ ထောက်ပံ့မှုက လုံလောက်မှုမရှိဘူး။ နိုင်ငံတကာအဖွဲ့တွေ ကူညီခွင့်ရမှ ပြည်သူတွေအတွက် အများကြီး အထောက်အကူဖြစ်လာမယ်” ဟု ပိုးရွှီပြင်မဟာမိတ်လူမှုကူညီရေးအသင်း ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော်စိုးက ပြောသည်။
ဇူလိုင် ၁၉ ရက် ကုလသမဂ္ဂ ထုတ်ပြန်ချက်တွင် – ရခိုင်က ပုံမှန်စီမံကိန်းများကို ပြန်လည်စတင်နေပြီ ဖြစ်သော်လည်း ဆိုင်ကလုန်းကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်ခွင့်များကို နှစ်လကြာသည့်တိုင် ကန့်သတ်ထားဆဲဖြစ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်း အစီအစဉ်များအား ပြန်လည်အတည်ပြုနိုင်ရေးအတွက် စစ်ကောင်စီထံ တင်ပြထားကြောင်း ဖော်ပြသည်။
ISP Myanmar ၏ ထုတ်ပြန်ချက်တွင် ကုလသမဂ္ဂအနေဖြင့် ရခိုင်နှင့် အခြားဒေသများတွင် မုန်တိုင်းသင့်ပြည်သူ ၁ ဒသမ ၆ သန်း ပြန်လည်ထူထောင်ရေးအတွက် အမေရိကန် ဒေါ်လာ ၃၃၃ သန်းလိုအပ်မည်ဟု တောင်းခံထားသော်လည်း ၂၁.၇ သန်းခန့်သာ ရရှိသေးသည်ဟု ဆိုထားသည်။
https://www.facebook.com/dmgnewsagency/posts/669025475271052