By Narinjara / 2023 July 20
ရခိုင်ပြည်နယ်တွင်း မုန်တိုင်းသင့်ပြည်သူများကို နိုင်ငံတကာအဖွဲ့အစည်းများ၏ ဝင်ရောက် သွားလာကူညီကယ်ဆယ်ခွင့်များသည် ဆိုင်းငံ့ခံထားရဆဲဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ယမန်နေ့ ဇူလိုင်လ ၁၉ ရက်တွင် ထပ်မံ ထုတ်ပြန်လိုက်သည်။
အဆိုပါထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ်မှာ ပုံမှန်စီမံကိန်းတွေ ပြန်လည်စတင်နေပေမယ့်လည်း ဆိုင်ကလုန်း ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ခွင့်ကို မုန်တိုင်းအပြီး ၂ လအကြာထိ ဆိုင်ငံ့ထားဆဲ ဖြစ်ပါတယ်”ဟု ဖော်ပြပါရှိသည်။
ယင်းသို့ ကန့်သတ်ပိတ်ပင်ထားသည့်အတွက် ကျယ်ကျယ်ပြန့်ပြန့် အကူအညီပေးနိုင်ဖို့အတွက် အဟန့်အတားများဖြစ်ပေါ်နေသည်ဟုလည်း ဆိုသည်။
နိုင်ငံတကာအဖွဲ့များ၏ ရခိုင်ပြည်တွင်း သွားလာကူညီခွင့်ကို ပြည်နယ်အစိုးရ အဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက လက်မှတ်ရေးထိုးကာ ဇွန်လ ၇ ရက်မှစတင်ပြီး အကြောင်းပြချက်မရှိ ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ရုတ်တရက်ရပ်ဆိုင်းခဲ့သည့်အတွက် ရခိုင်ရှိ မုန်တိုင်းသင့်ပြည်သူများ အပေါ် များစွာ ထိခိုက်သွားစေနိုင်သလို အစိုးရအပေါ် ယုံကြည်မှုလည်း ကျဆင်းသွားစေနိုင်သည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အရပ်ဘက်အဖွဲ့အစည်းများက ပြောဆိုဝေဖန် ရှုတ်ချခဲ့ကြသည်။
ယင်းနောက် ဇွန်လ ၁၁ ရက်တွင် နိုင်ငံတကာအဖွဲ့အစည်းအချို့ကို ရခိုင်ပြည်နယ်စစ်ကောင်စီက ထောက်ပံ့ခွင့်ပြန်လည်ခွင့်ပြုခဲ့သော်လည်း နိုင်ငံတကာအဖွဲ့အစည်းအများအပြားကို လက်ရှိအချိန်ထိ ပိတ်ပင်ထားဆဲ ဖြစ်သည်။
UNOCHA ၏ ယမန်နေ့ကထုတ်ပြန်ချက်တွင် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ အနေဖြင့် မုန်တိုင်းဒဏ်သင့်ဒေသခံများကို တိုးချဲ့ကူညီနိုင်ဖို့ တိုက်တွန်းဆော်ဩမှုများကို ဆက်လက်လုပ်ဆောင်နေသလို ယခင်ခွင့်ပြုထားသည့် ကယ်ဆယ်ရေးပစ္စည်းဖြန့်ဝေခွင့်နှင့် သယ်ယူ ပို့ဆောင်ရေးအစီအစဉ်ကို ပြန်လည်အတည်ပြုနိုင်ဖို့အတွက် စစ်ကောင်စီထံ ပြန်လည် တင်ထားသည်ဟုလည်း ဖော်ပြထားသည်။
စစ်ကောင်စီ၏ယခုကဲ့သို့ကန့်သတ်ပိတ်ပင်ထားမှုကြောင့် မုန်တိုင်းသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ရပ်တန့်နေရသည့် အကြောင်း UNOCHA က ယခင်ကလည်း အကြိမ်ကြိမ် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်က ရခိုင်သို့ဝင်ရောက်တိုက်ခတ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်တစ်ပြည်လုံးတွင် လူပေါင်း ၁၅၀ နီးပါးသေဆုံးပြီး နေအိမ်အဆောက်အအုံပေါင်း သိန်းနှင့်ချီ ပျက်စီးသွားခဲ့ရသည်။
ဆည်မြောင်းတာတမံများကျိုးပေါက်ကာ ရေတွင်းရေကန်များသို့ ဆားငန်ရေများဝင်ရောက် ပျက်စီးသွားခဲ့သလို ကျွဲ၊ နွားတိရစ္ဆာန်များလည်း သောင်းနှင့်ချီ သေဆုံးခဲ့ရသည်။
ယင်းသို့ ပျက်စီးထိခိုက်သွားမှုများအပေါ်ပြန်လည်ထူထောင်နိုင်ရေးအတွက် စစ်ကောင်စီထက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)အပါအဝင် နိုင်ငံတကာနှင့် ပြည်တွင်း၊ ပြည်ပ၊ ပုဂ္ဂလိကနှင့် လူမှုအဖွဲ့အစည်းများကသာ အားတိုက်အင်တိုက် ကူညီဆောင်ရွက်ပေးနေသည်ဟု မုန်တိုင်းသင့် ပြည်သူများက ပြောကြသည်။
https://www.facebook.com/narinjara.info/posts/673524651481334