By Narinjara / 2023 July 17
မိုခါမုန်တိုင်းကြောင့် ပြိုပျက်သွားသည့် နှစ်ပေါင်း ၁၀၆ နှစ် သက်တမ်းရှိ စစ်တွေမြို့မှ ဦးရဲကျော်သူဘုန်းကြီးကျောင်း(ခေါ်) သံကျောင်းအား စစ်ကောင်စီ၏ စစ်အင်ဂျင်နီယာတပ်ရင်း (GE) တပ်က စတင်ပြုပြင်နေပြီ ဖြစ်ရာ မူလလက်ရာမပျက်ပြန်ပြင်ပေးစေလိုသည်ဟု ဒေသခံပြည်သူများက ပြောကြားသည်။
ပြီးခဲ့သည့်ဇူလိုင်လ ၁၃ ရက်မှစတင်ကာ GE တပ်က တာဝန်ယူ ပြုပြင်နေခြင်း ဖြစ်သည်ဟု ဦးရဲကျော်သူဘုန်းကြီးကျောင်း ဘုရားဂေါပက ဥက္ကဋ္ဌ ဦးအေးသိန်းက နိရဥ္စရာကို ပြောသည်။
“နိုင်ငံတော်အကြီးအကဲက အဲ့ဒီကျောင်းပြိုကျပျက်စီးနေတာကိုလာကြည့်ရင်း ငွေကျပ် ၁ဘီလီယံနဲ့ ပြန်ပြုပြင်မယ်လို့ တာဝန်ရှိသူတွေကို မှာကြား သွားခဲ့တာကို ကြားရပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ပြန်လည်ပြုပြင်ရာတွင် မူလလက်ရာအတိုင်းပြုပြင်သွားမည်ဖြစ်ပြီး အဆောက်အအုံ ကြီးမားသည့်အတွက် မိုးဒဏ်လေဒဏ်ကိုခံနိုင်ရန် အရည်အသွေးရှိပစ္စည်းများဖြင့် လုပ်ဆောင်သွားရန်လည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသွားသည်ဟု သိရသည်။
ပြီးခဲ့သည့်မေလ ၁၄ ရက်ကတိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရိ ဦးရဲကျော်သူ ဘုန်းကြီးကျောင်းနှင့် ကျောင်းပုရဝုဏ်အတွင်းရှိ သကျမုနိ ဘုရားသိမ်ကြီးမှာလည်း ပြိုကျ ပျက်စီးသွားခဲ့သည်။
ဆိုင်ကလုန်မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့တွင် ပျက်စီးသွားသည့် ဘာသာရေး အဆောက်အအုံများ အနက် ဦးရဲကျော်သူကျောင်းမှာ အပျက်အစီးအများဆုံး ကျောင်းတစ်ကျောင်းဖြစ်သည်ဟုလည်း သိရသည်။
ကိုယ်ထူကိုယ်ထအနေဖြင့် ပြန်လည်ပြုပြင်ရန် တပည့်တကာများ အနေဖြင့်လည်း ယခုကာလတွင် အကျပ်အတည်းများနှင့်ကြုံတွေ့နေရပြီး မတတ်နိုင်သည့်အခြေအနေတွင် ရှိနေသဖြင့် နိုင်ငံတော်အစီအစဉ်ဖြင့် လုပ်ဆောင်ပေးသည်ကို ဝမ်းသာမိသည်ဟု ကျောင်းထိုင်ဆရာတော် ဦးဇောတိပါလက မိန့်သည်။
“ဆရာတော်အနေနဲ့က ဘယ်သူပဲပြုပြင်ပေး၊ ပြုပြင်ပေး ဝမ်းသာရတယ်။ အခု နိုင်ငံတော် အကြီးအကဲက စေတနာ၊ သဒ္ဓါထက်သန်စွာနဲ့ လုပ်ပေးမယ်ဆိုတော့ အလွန်ပဲ ဝမ်းမြောက်မိတယ်။ ဘာသာရေးဆိုတာက တစ်ဦးတစ်ယောက်နဲ့ ပတ်သက်တာမဟုတ်ဘူး။ ဘုရားကိုကြည်ညိုလေးစားတဲ့ ဗုဒ္ဓရဲ့ဆွေမျိုးတွေအားလုံးနဲ့ပတ်သက်တဲ့ ကိစ္စတစ်ခုဖြစ်တယ်” ဟု မိန့်သည်။
ဦးရဲကျော်သူကျောင်းကို သံထည်များဖြင့် အဓိကဆောက်လုပ်ထား၍ သံကျောင်းဟုလည်း ခေါ်ကြသည်။
ယင်းကျောင်းကို မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သည့် ရွှေစလွယ်တော်ရ ရခိုင်သူဌေးကြီး ဦးရဲကျော်သူက ၁၉၁၇ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၁၀၆ နှစ်အထိ သက်တမ်း ရှိလာပြီဟု သိရသည်။
ရှေ့ဟောင်းသမိုင်းဝင်ကျောင်းတစ်ကျောင်းဖြစ်သဖြင့် ရှေးဟောင်းလက်ရာ မပျက် ပြင်ဆင်ရန် ဒေသခံများက လိုလာနေကြသည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/671977334969399