By Western News / 2023 July 17
မေလ ၁၄ ရက်နေ့က ရခိုင်ပြည်အတွင်း တိုက်ခတ်ခဲ့သော အင်အားအလွန်ပြင်း မိုခါမုန်တိုင်းကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည် ရခိုင်စာရေးဆရာများမှ “မိုခါမှတ်တမ်း” အမည်ရှိ စာအုပ်ထုတ်ဝေသွားမည်ဖြစ်ကြောင်း စီစဉ်သူများက ပြောသည်။
အင်အားအလွန့်အလွန်ပြင်းသော မိုခါမုန်တိုင်းသည် ရခိုင်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးကို ၁၀ နှစ်ခန့် နောက်ပြန်ဆုတ်စေပြီး လက်ရှိတွင် မုန်တိုင်းသင့်ပြည်သူများမှာ မုန်တိုင်းတိုက်ခတ်ပြီး နှစ်လကြာမြင့်လာပြီဖြစ်သော်လည်း အမိုးအကာအောက်သို့ မရောက်ရှိသေးခြင်းနှင့် စာနပ်ရိက္ခာ လိုအပ်ချက်များစွာဖြင့် ရင်ဆိုင်နေရသည်။
ရခိုင်ပြည်အတွင်း တိုက်ခတ်ခဲ့သော မုန်တိုင်းများထဲမှ ၁၉၆၈ ခုနှစ် ရခိုင်မုန်တိုင်းပြီးလျှင် မိုခါမုန်တိုင်းသည် အလွန့်အလွန်အင်အားပြင်းပြီး ကြီးမားသော မုန်တိုင်းဖြစ်ပြီး ရခိုင်ပြည်သူများမှာ သဘာဝဘေးအန္တရာယ်ကပ်ဘေးသို့ ကျရောက်ခဲ့သည့်အတွက် မှတ်တမ်းပြုစုရန် လိုအပ်လာ၍ ထုတ်ဝေရခြင်းဟု စီစဉ်သူထဲကတစ်ဦးဖြစ်သူ ကိုသားရွှေဥက ပြောသည်။
“ရခိုင်မှာက အဖြစ်အပျက်တွေ အများကြီးဖြစ်နေတယ်။ အခု မိုခါကြောင့် သဘာဝဘေးအန္တရာယ်က အရမ်းဆိုးဆိုးရွားရွားဖြစ်သွားတယ်။ ရခိုင်မှာ ၁၉၆၈ ရခိုင်မုန်တိုင်းဆိုရင် အရမ်းအပျက်အစီးများတယ်လို့ ပြောကြတယ်။ ဒါပေမယ့် မှတ်တမ်းမှတ်ရာ စာအုပ်တွေ မရှိခဲ့ဘူး။ အခုက မိုခါဟာ အရမ်းပြင်းထန်တဲ့ မုန်တိုင်းဖြစ်တဲ့အတွက် မိုခါနဲ့ပတ်သက်ပြီး မှတ်တမ်းမှတ်ရာတစ်ခုဟာ ကျန်လိုက်သင့်တယ်ဆိုတဲ့ ရည်ရွယ်ချက်ပါ။ မိုခါနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကလည်း ဖော်ပြကြပါတယ်။ စာအုပ်တစ်ခုအနေနဲ့ လုပ်ဖို့လိုအပ်တယ်လို့ ယူဆလို့ပါ ” ဟု ပြောသည်။
မိုခါမှတ်တမ်းစာကို တစ်ဦးတစ်ယောက်မှ ရေးသားပြုစုခြင်းမျိုးမဟုတ်ဘဲ မုန်တိုင်းဒဏ်ကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ ဖြတ်သန်းခဲ့ရသည့် မြို့နယ်အသီးသီးက စာရေးဆရာများမှ ရေးသားထုတ်ဝေကြမည်ဟု သိရသည်။
မိုခါမုန်တိုင်းဒဏ်ကို အလူးအလဲခံခဲ့ရသည့် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံ စသဖြင့် မြို့နယ်များရှိ စာရေးဆရာများမှ ရေးသားပြုစုကြမည်ဖြစ်သည်။
ယင်းအပြင် သံတွဲ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်နှင့် ဂွမြို့တို့လည်း ၃၀ ရာခိုင်နှုန်းအထိ ပျက်စီးမှုရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားသည်။
မိုခါမှတ်တမ်းစာအုပ်တွင် မုန်တိုင်းမဖြတ်သန်းမီ အခြေအနေများ၊ ဖြတ်သန်းချိန်အတွင်း ဒေသတွင်းဖြစ်ပျက်မှုအခြေအနေများ၊ ဖြတ်သန်းပြီးနောက် အပျက်အစီးများနှင့် ပြည်သူများ၏ အတိဒုက္ခများအခြေအနေ၊ အကူအညီများစွာလိုအပ်နေသေးသော ရခိုင်ပြည်သူများ၏ လက်ရှိအခြေအနေများ၊ ဓါတ်ပုံမှတ်တမ်းများနှင့် ကဗျာ၊ ဆောင်းပါးများ ပါဝင်ကြမည်ဟု စီစဉ်သူများက ပြောသည်။
ကိုယ့်တွေ့ခံစားချက်များနှင့်အတူ အပျက်အစီးများနှင့် သေဆုံးမှုအပါအဝင် Data အချက်အလက်များလည်း ပါဝင်မည်ဖြစ်ပြီး အချက်အလက်များမှာ သက်ဆိုင်ရာဌာနအသီးသီးမှ ထုတ်ပြန်ချက်များနှင့် သတင်းမီဒီယာများမှ အချက်အလက်များအား ကိုးကားသွားမည်ဟု သိရသည်။
မိုခါမှတ်တမ်းစာအုပ်ကို အခမဲ့ထုတ်ဝေဖြန့်ချိသွားမည်ဖြစ်ပြီး စာအုပ်ထုတ်ဝေနိုင်ရေးအတွက် ဝေဟင်အောင်ပရဟိတ မှ ကူညီပံ့ပို့ပေးထားကာ စာအုပ်ထွက်ရှိလာပါက မိတ်ဆက်ပွဲပြုလုပ်သွားမည်ဟု ကိုသားရွှေဥက ဆိုသည်။
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်သူ ၁၂ သိန်းကျော် ထိခိုက်ခဲ့ပြီး မွတ်ဆလင်များအပါအဝင် ဒေသခံပြည်သူ ၁၄၆ ဦးသေဆုံးခဲ့ရကြောင်းနှင့် ကျွဲနွားများအပါအဝင် အိမ်မွေးတိရိစ္ဆာန် အများအပြားသေဆုံးခဲ့ကာ ၁၉၉၀၀၀ ကျော်သော ပြည်သူများမှာ စားနပ်ရိက္ခာလိုအပ်နေသေးပြီး ၁၆၉၀၀၀ ကျော်မှာ အမိုးအကာများ လိုအပ်နေကြောင်း ရက္ခိုင့်တပ်တော်၏ ကူကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/707357994736963